အခေါက်ရွှေဈေး ပြန်မြင့်လာပြီး တစ်ကျပ်သားလျှင် ကျပ် ၇၉၀၀၀၀ ကျော်ရှိကာ ဈေးကွက်အတွင်း ရောင်းလိုအားပိုများ

အခေါက်ရွှေဈေး ပြန်မြင့်လာပြီး တစ်ကျပ်သားလျှင် ကျပ် ၇၉၀၀၀၀ ကျော်ရှိကာ ဈေးကွက်အတွင်း ရောင်းလိုအားပိုများ
Published 10 June 2016
ချမ်းမြေ့သူ

ပြည်တွင်းရွှေဈေး ပြန်မြင့်လာပြီး တစ်ကျပ်သားလျှင် ကျပ် ၇၉၀၀၀၀ ကျော်ရှိကာ ဈေးကွက်အတွင်း ရောင်းလိုအား ပိုများနေကြောင်း  သိရသည်။
ယခုတစ်ပတ်အတွင်း အခေါက်ရွှေဈေးကိုကြည့်မည် ဆိုပါက ဇွန် ၆ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၇၈၂၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ဇွန် ၇၊ ၈၊ ၉ ရက်တို့တွင် ဈေးနှုန်းဆက်တိုက် မြင့်တက်မှု ဖြစ်ပေါ်ခဲ့ပြီး ဇွန် ၁၀ ရက် မွန်းလွဲပိုင်းတွင် တစ်ကျပ်သားလျှင် ကျပ် ၇၉၂၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်မှု ရှိခဲ့ကြောင်း သိရသည်။
"ရွှေဈေးက ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းဈေး လိုက်တက်နေတယ်။ ပြည်တွင်းဈေးကွက် ထဲမှာတော့ ဈေးမြင့်နေတဲ့အတွက် ရောင်းလိုအား ပိုများနေတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။
ပြည်တွင်းရှိ ရွှေဈေးနှုန်း အတက်အကျမှာ ဝယ်လိုအားနှင့် ရောင်းလိုအား၊ ကမ္ဘာ့ရွှေဈေး အတက်အကျနှင့် မြန်မာငွေနှင့် ဒေါ်လာလဲနှုန်း အတက်အကျတို့ပေါ်တွင် မူတည်၍ ဈေးအတက်အကျ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကမ္ဘာ့ရွှေဈေးမှာ ဇွန် ၁၀ ရက် မွန်းလွဲပိုင်းတွင် တစ်အောင်စလျှင် ၁၂၅၆ ဒေါ်လာကျော်ရှိပြီး ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၇၉၂၅၀၀ ဝန်းကျင်နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၄၅၀၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။                                             

Most Read

Most Recent