ဆန်ကြမ်းနှင့် ဆန်ချော တစ်အိတ်လျှင် ကျပ် ၂၄၀၀၊ ဆန်တစ်ပြည်လျှင် ကျပ် ၁၀၀ ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိ

ဆန်ကြမ်းနှင့် ဆန်ချော တစ်အိတ်လျှင် ကျပ် ၂၄၀၀၊ ဆန်တစ်ပြည်လျှင် ကျပ် ၁၀၀ ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိ
Published 9 June 2016
အေးမို့မို့အောင်သူ၊ မြတ်စုနိုင်

ဆန်ကြမ်းနှင့် ဆန်ချောတစ်အိတ်လျှင် ကျပ် ၂၄၀၀ ခန့် ဈေးနှုန်းများ အနေဖြင့် အနည်းငယ် ပြန်လည်မြင့်တက် လျက်ရှိကြောင်း ဆန်ဈေးကွက်နှင့် ဆန်လက်လီလက်ကား ရောင်းချသူများထံမှာ စုံးစမ်းသိရှိရသည်။
ယခုလက်ရှိ ဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အနေဖြင့် ဆန်ချောဖြစ်သည့် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ယခင် ကျပ် ၅၀၄၀၀ မှ ယခုအခါတွင် ၅၂၈၀၀ သို့ လည်းကောင်း၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ယခင် ကျပ် ၄၀၈၀၀ မှ ယခုအခါတွင် ကျပ် ၄၃၂၀၀ သို့လည်းကောင်း၊ တောင်ပျံဆန် တစ်အိတ်လျှင် ကျပ် ၃၈၄၀၀ မှ ယခုအခါတွင် ကျပ် ၄၀၈၀၀ သို့လည်းကောင်း ဆန်ချောဈေးနှုန်း အနေဖြင့် တစ်အိတ်လျှင် ကျပ် ၂၄၀၀ ခန့် ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။
ဆန်ချောတစ်ပြည်ဈေးနှုန်း အနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ယခင်ကျပ် ၂၁၀၀ မှ ကျပ် ၂၂၀၀ သို့ လည်းကောင်း၊ တောင်ပျံဆန် တစ်ပြည်လျှင် ယခင် ကျပ် ၁၆၀၀ မှ ကျပ် ၁၇၀၀ သို့လည်းကောင်း၊ ဖျာပံဆန် တစ်ပြည်လျှင် ကျပ် ယခင် ကျပ် ၁၇၀၀ မှ ယခုအခါတွင် ကျပ် ၁၈၀၀ သို့လည်းကောင်း ဆန်တစ်ပြည်ဈေးနှုန်း အနေဖြင့် အမျိုးအစားလိုက် ကျပ် ၁၀၀ ခန့်ဈေးနှုန်းမြင့်တက်လျက် ရှိခြင်းဖြစ်သည်။
"ယခုလက်ရှိ ဆန်ကြမ်းဈေးနှုန်းတွေက ဈေးအနည်းငယ် တက်သွားတယ်။ တခြား ဘာကြောင့်မှတော့ မဟုတ်ဘူး။ ဒီရက်ပိုင်းအတွင်း ဆန်အဝင်နည်းလို့ ဈေးတက်တဲ့သဘောပါ" ဟု ဆန်ကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။
ဆန်ကြမ်း ဆန်သစ် ဈေးနှုန်းများ အနေဖြင့် ဇီယာဆန် တစ်အိတ်လျှင် ယခင် ကျပ် ၂၆၄၀၀ မှ ယခုအခါတွင် ကျပ် ၂၈၈၀၀ သို့ လည်းကောင်း၊ တစ်ပြည်ဈေးနှုန်းများ အနေဖြင့် ဇီယာဆန်တစ်ပြည်လျှင် ယခင် ကျပ် ၁၁၀၀ မှ ယခုအခါတွင် ကျပ် ၁၂၀၀ သို့လည်း ကောင်း၊ ပေါ်ကျွဲဆန် တစ်အိတ်လျှင် ယခင် ကျပ် ၃၁၂၀၀ မှ ယခုအခါတွင် ၃၃၆၀၀ သို့ လည်းကောင်း၊ တစ်ပြည်ဈေးနှုန်း အနေဖြင့် ပေါ်ကျွဲဆန် တစ်ပြည်လျှင် ယခင် ကျပ် ၁၃၀၀ မှ ၁၄၀၀ သို့လည်းကောင်း ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိသည်။
ထို့ပြင် တာမွေမြို့နယ်ရှိ ဆန် လက်လီလက်ကားဆန် အရောင်းဆိုင်မှ "ဆန်ဈေးတွေအနေနဲ့ ဆန်အမျိုးအစားလိုက် အနည်းဆုံး တစ်ပြည်ကို ကျပ် ၁၀၀ စီတက်တယ်။ ဈေးတွေကတော့ မေလကတည်းက တစ်ပြည်ကို ကျပ် ၁၀၀၊ ၁၀၀ စီတက်တယ်။ မေလမှာ နှစ်ခါတက်တာပေါ့။ အခု ဇွန်လမှာလည်း  ထက်တက်သွားပြီး။ နောက်လည်း ဈေးထက်တက်ဖို့ရှိတယ်" ဟု ပြောကြားသည်။
ဆန်စပါးအသင်ချုပ်မှ လာမည့်နိုဝင်ဘာလတွင် မိုးစပါးမပေါ်မီ သြဂုတ်နှင့် စက်တင်ဘာလများတွင် ဆန်ဈေးနှုန်းအနည်းငယ် မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်မှလည်း သုံးသပ်ပြောကြားသည်။            
 

Most Read

Most Recent