လွှတ်တော်ကော်မတီများ သူ့ဝန်သူထမ်း၊ သူ့လမ်းသူလျှောက်ကြ

လွှတ်တော်ကော်မတီများ သူ့ဝန်သူထမ်း၊ သူ့လမ်းသူလျှောက်ကြ
Published 8 June 2016
ဒေါက်တာရန်မျိုးသိမ်း

လွှတ်တော်ကော်မတီများသည် လွှတ်တော်များ၏ နရီစည်းချက်ပင်ဖြစ်သည်။ လွှတ်တော်ကော်မတီများ အားကောင်းမောင်းသန်မှသာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ထိထိရောက်ရောက်ကြပ်မတ်၊ ထိန်းကျောင်းနိုင်မည် ဖြစ်သည်။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဟူသော ဆောင်ပုဒ်သည်လည်း ပိုမိုအသက်ဝင်လာမည် ဖြစ်သည်။
ဒုတိယအကြိမ် လွှတ်တော်ကော်မတီများသည် ပထမအကြိမ် လွှတ်တော်ကော်မတီများနှင့် နှိုင်းယှဉ်လျှင် အပြောသက်သက်မဟုတ်၊ အလုပ်နှင့် သက်သေပြလျက် ထိထိမိမိ ပြည်သူကို မျက်နှာမူနိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။
လွှတ်တော်ကော်မတီများသည် ဥပဒေပြုရေးမဏ္ဍိုင်ကို ပဲ့ကိုင်မည့် လွှတ်တော်များ၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ လွှတ်တော်ကော်မတီများကို လွှတ်တော်အလိုက် သီးခြားကော်မတီများနှင့် ပူးပေါင်းကော်မတီများ ဟုလည်းကောင်း၊ လွှတ်တော်အလိုက် သီးခြားကော်မတီများကို အမြဲတမ်းကော်မတီများနှင့် အခြားကော်မတီများဟု လည်းကောင်း ယေဘုယျ ပိုင်းခြားနိုင်သည်။ လက်ငင်း မြန်မာ့ဥပဒေပြုရေး မဏ္ဍိုင်တွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ပါဝင်သည်။ လွှတ်တော်တိုင်းတွင် သီးခြားကော်မတီများရှိပြီး ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်နှစ်ရပ် ပူးပေါင်းကော်မတီများရှိသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ဇယား (၁)၊ ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် အညီ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သည် ဥပဒေပြုနိုင်ပြီး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များသည် ဇယား(၂)ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းနှင့်အညီ ဥပဒေပြုရမည် ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံရေးသည် ပြည်သူကို ကိုယ်စားပြုရမည်၊ ပြည်သူကို မျက်နှာမူရမည်၊ ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်ရမည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် လွှတ်တော်များသည် ပြည်သူလူထု၏ ဟစ်တိုင်များဖြစ်ရမည်။ လက်ငင်း မြန်မာ့နိုင်ငံရေးတွင် လွှတ်တော်များ အားကောင်းမည်ဆိုလျှင် အပြောင်းအလဲသည် အကြောင်းအကျိုးမလွဲနိုင်ပေ။ လွှတ်တော်နိုင်ငံရေးကို အောက်ခြေ ပြည်သူလူထုအထိ ဖြန့်ကြက်၊ စည်းရုံးနိုင်ရေးသည် ပဓာနကျမည်ဖြစ်သည်။ သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အများစုက ခေါင်းကိုင်ပါဝင်သည့် လွှတ်တော်ကော်မတီများအနေဖြင့် လတ်တလော လွှတ်တော် ငါးနှစ်သက်တမ်း အတောအတွင်း အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်နိုင်မှသာ ဒီမိုကရေစီအုတ်မြစ်သည် ပိုမိုခိုင်ခံ့ အားကောင်းမည် ဖြစ်သည်။ ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အပြောသက်သက်မဟုတ်၊ အလုပ်နှင့်သက်သေပြလျက်၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို ကျော်လွှား၊ ဖောက်ထွက်နိုင်ရေး လမ်းဖောက်ပေးကြရမည် ဖြစ်သည်။
ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော်သည် ပူးပေါင်းကော်မတီငါးခု၊ ပြည်သူ့လွှတ်တော်သည် အမြဲတမ်းကော်မတီ လေးခု၊ အခြားကော်မတီ ၁၉ ခုနှင့် ကော်မရှင်တစ်ခု၊ အမျိုးသားလွှတ်တော်သည် အမြဲတမ်းကော်မတီ လေးခုနှင့် ရေးရာကော်မတီ ၁၂ ခုတို့ကို အသီးသီး ဖွဲ့စည်းခဲ့သည်။ ပထမအကြိမ်သက်တမ်းတွင် လွှတ်တော်ကော်မတီအများစု၏ လုပ်ရည်ကိုင်ရည်သည် သာမန်အဆင့်၊ ထူးမခြားနား အဆင့်သက်သက်သာဖြစ်သည်။ လက်ငင်း ငါးနှစ်သက်တမ်းတွင် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်ရေးမဏ္ဍိုင်ကို မဖြစ်မနေ ထိန်းကျောင်းရမည်ဖြစ်သည်။ အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန်ထိန်းကျောင်းမှု အားကောင်းလေလေ၊ ပူးပေါင်းဆောင်ရွက်နိုင်လေလေ၊ ဒီမိုကရေစီသစ်ရိပ် ဝါးရိပ်တွင် မြန်မာ့နိုင်ငံရေး ထွက်ရပ်လမ်းကို အထင်အရှား ပြလေလေပင်ဖြစ်သည်။
ဒုတိယအကြိမ် လွှတ်တော်ကော်မတီများသည် ဒုတိယသက်တမ်းအတွင်း ကော်မတီလုပ်ငန်းများကို ဆောင်ရွက်နေသည့်တစ်ပြိုင်နက် ပထမအကြိမ် လွှတ်တော်ကော်မတီများ၏ အားနည်းချက်များ၊ အားသာချက်များ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို စနစ်တကျ ချဉ်းကပ်လေ့လာနိုင်ရေး ပြင်ဆင်ဆောင်ရွက်သင့်သည်။ ဒုတိယအကြိမ်လွှတ်တော် ကော်မတီများအနေဖြင့် ပထမအကြိမ်လွှတ်တော်ကော်မတီများကို ဆန်းစစ်၊ လေ့လာ၊ သင်ခန်းစာယူလျက် လမ်းဖောက်မည်ဆိုလျှင် ပိုမို ကြောင်းကျိုးဆီလျော်မည်ဖြစ်သည်။ ယခင်လွှတ်တော်များကို စနစ်တကျ ချဉ်းကပ် လေ့လာ သင်ခန်းစာယူလျက် အားနည်းချက်များ၊ လိုအပ်ချက်များကို ပြုပြင်ပြင်ဆင်ကာ မတူခြားနားသည့် လွှတ်တော်ကော်မတီများ အဖြစ် လမ်းရိုး၊ လမ်းဟောင်းမှ ဖောက်ထွက်နိုင်ရမည် ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်သည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ကော်မတီ နှစ်ခုကို ဖွဲ့စည်းပြီးဖြစ်သည်။ ပြည်သူ့လွှတ်တော်သည် အမြဲတမ်းကော်မတီလေးခုနှင့် အခြားကော်မတီ ၁၅ ခု၊ အမျိုးသားလွှတ်တော်သည် အမြဲတမ်းကော်မတီလေးခုနှင့် ရေးရာကော်မတီ ၁၂ ခုတို့ကို ဖွဲ့စည်းပြီးဖြစ်သည်။ အမြဲတမ်းကော်မတီများနှင့် အခြားကော်မတီများ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအများစုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။ သို့ဖြစ်၍ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အားကောင်းမောင်းသန်ရေးကို လွှတ်တော်တွင်း အများစုပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ် အများစုအနေဖြင့် ငြင်းဆန်မည်မဟုတ်ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အနေဖြင့် လွှတ်တော်ကော်မတီများ၏ မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ထိထိရောက်ရောက် ထိန်းကျောင်း၊ ပဲ့ကိုင်၊ ဦးဆောင်နိုင်ရေးတွင် အကျပ်အတည်းများ၊ စိန်ခေါ်မှုများက ရှိနေပြီးသားဖြစ်သည်။
လွှတ်တော်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန်၊ ထိရောက်စေရေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်။ လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၄ နှင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၄၄ တို့အရ လွှတ်တော် အမြဲတမ်းကော်မတီ လေးခုကိုလည်းကောင်း၊ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ နှင့် လွှတ်တော်ဆိုင်ရာနည်း ဥပဒေပုဒ်မ ၁၀၆ တို့အရ လွှတ်တော်ကော်မတီများကို လည်းကောင်း ဖွဲ့စည်းသည်။ လွှတ်တော်ကော်မတီများကို လွှတ်တော်ဥက္ကဋ္ဌက ဦးဆောင်ဖွဲ့စည်းရမည် ဖြစ်သည်။ အကယ်၍ လွှတ်တော်ကော်မတီများ ဖွဲ့စည်းရာ၌ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သို့မဟုတ် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး တစ်ယောက်အနေဖြင့် ခြယ်လှယ်၊ ဇာတ်စီး၊ ချုပ်ကိုင် နေမည်ဆိုလျှင် ရေရှည်၌ အကျိုးထက် အဆိုးဖြစ်နိုင်သည်ကို သတိပြုဆင်ခြင်သင့်သည်။ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သို့မဟုတ် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင ်တစ်ဦးဦးအနေဖြင့် ဗဟိုဦးစီးချုပ်ကိုင်မှုကို လွန်လွန်ကဲကဲ ကျင့်သုံးလျက် လွှတ်တော်ကော်မတီများ ဖွဲ့စည်းရေးကို ဆောင်ရွက်ခဲ့မည်ဆိုလျှင် လတ်တလော ငါးနှစ်တာကာလ လွှတ်တော်ကော်မတီများ၏ စွမ်းဆောင်ရည်သည် မှန်းချက်နှင့် နှမ်းထွက် လွဲနေဦးမည်သာ ဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌသည် ဥပဒေ၊ နည်းဥပဒေနှင့်အညီ သင့်တော်ပြီး အရည်အချင်းရှိသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကော်မတီများကို ပြင်ဆင်ဖွဲ့စည်းနိုင်မည်ဆိုလျှင် ကော်မတီများ၏ လုပ်ငန်းစွမ်းဆောင်ရည်သည် မလွဲမသွေ မြင့်တက်လာမည်ဖြစ်သည်။ လွှတ်တော်ကော်မတီများသည် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူကို မျက်နှာမူလျက် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို စစ်ဆေး၊ ထိန်းညှိ ကြပ်မတ်နိုင်ရေးတွင်လည်း အခရာကျမည်ဖြစ်သည်။ သက်ဆိုင်ရာ လွှတ်တော်ကော်မတီများ၏ ဦးဆောင်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဝန်ကြီးဌာနများကို မေးခွန်းများ ထိထိမိမိ မေးမြန်းနိုင်လေလေ၊ လွှတ်တော်များသည် အစိုးရများအား ထိထိရောက်ရောက် ထိန်းကျောင်းနိုင်လေလေဖြစ်ပြီး ပြည်သူကို ပိုမို မျက်နှာမူနိုင်လေလေလည်း ဖြစ်သည်။ သို့ဖြစ်၍ ပါတီဗဟို၏ ချုပ်ကိုင်မှု မရှိသလောက် နည်းပါးသည့် အခင်းအကျင်းသစ်တွင် လွှတ်တော်ဥက္ကဋ္ဌများသည် လွှတ်တော်ကော်မတီများကို ဖွဲ့စည်းခွင့်၊ ပြင်ဆင် ဖွဲ့စည်းခွင့်တို့ ရှိနေရမည်ဖြစ်သည်။
လွှတ်တော်ကော်မတီများအနေဖြင့် သီးခြားလွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်၊ လေ့လာသုံးသပ်၊ အစီရင်ခံနိုင်ရန် လိုအပ်မည်ဖြစ်သည်။ စဉ်ဆက်မပြတ် လေ့လာနိုင်ပြီး ကိုယ့်ကိုယ်ကိုယ ်အရည်အသွေးမြှင့်တင်ရန် စိတ်အားထက်သန်သည့် လွှတ်တော်ကော်မတီဝင်များကို လူမှန်၊ နေရာမှန် ရွေးချယ်တာဝန်ပေးနိုင်ရန် အရေးကြီးသည်။ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရုံးများသည် လွှတ်တော်ကော်မတီများကို ကျားကန်ပေးသည့် ယန္တရားများသာဖြစ်ရမည်။ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအနေဖြင့် လွှတ်တော်ရုံးများအပေါ် အလွန်အကျွံ အမှီမပြုမိရေး သတိချပ်ရမည်ဖြစ်သည်။ လွှတ်တော်ရုံးများသည် လွှတ်တော်ကော်မတီများက လိုအပ်သည့်သတင်းများ၊ အချက်အလက်များ၊ သုတေသနပြုချက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးရမည်ဖြစ်ပြီး ရုံးလုပ်ငန်းဆိုင်ရာများတွင် အထောက်အကူပြုရမည်ဖြစ်သည်။ လွှတ်တော်ကော်မတီ အစည်းအဝေးများတွင် လွှတ်တော်ရုံး တာဝန်ရှိသူများ ပုံမှန်တက်ရောက်ခြင်း၊ ဝင်ရောက်ဆွေးနွေးခြင်းတို့ကို နည်းဥပဒေ၊ စည်းမျဉ်းများ တိတိကျကျ သတ်မှတ်လျက် ကန့်သတ်သင့်သည်။ လွှတ်တော်ကော်မတီ အစည်းအဝေးများသည် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ကော်မတီဝင်များ သီးသန့် တက်ရောက် ဆွေးနွေးသည့် အစည်းအဝေးများသာ ဖြစ်သင့်သည်။
လွှတ်တော်ကော်မတီ အစည်းအဝေးများတွင် ဆွေးနွေးမှုများကို ကော်မတီဝင်များသာ သိရှိရမည်ဖြစ်သည်။ လွှတ်တော်ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးမှတ်တမ်းကို အလှည့်ကျ ရေးသား၊ မှတ်တမ်းတင်နိုင်ရန် လေ့ကျင့်သင့်သည်။ လွှတ်တော်ရုံးအနေဖြင့် လွှတ်တော် ကော်မတီ အစည်းအဝေးများတွင် အသံဖမ်းခြင်း၊ သတင်း အချက်အလက်ရယူခြင်းတို့ကို လုံး၀ ခွင့်မပြုသင့်ပေ။ လွှတ်တော်ရုံး တာဝန်ရှိသူများအနေဖြင့် ကော်မတီတွင် တင်ပြရန်ကိစ္စများ၊ အကြောင်းအရာများ ရှိပါက လွှတ်တော်ကိုယ်စားလှယ် ကော်မတီဝင်များမှ တစ်ဆင့်သာ တင်ပြခွင့် ပြုရမည်ဖြစ်သည်။ လွှတ်တော်များအနေဖြင့် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်သူ့ဝန်ထမ်းများ၏ တာဝန်များနှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ သတ်မှတ်ထားနိုင်ရန် အလျင်အမြန် ဆောင်ရွက်သင့်သည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများအကြား ပွင့်ပွင့်လင်းလင်း ညှိနှိုင်း၊ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ရှေးရှုသင့်သည်။
အချုပ်အားဖြင့်ဆိုရသော် လွှတ်တော်ကော်မတီများသည် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှု၊ မျက်နှာမူလျက်၊ မေးခွန်းများ မေးမြန်းနိုင်ရေး၊ အဆိုများ တင်သွင်းနိုင်ရေး၊ ဥပဒေကြမ်းများ ရေးဆွဲနိုင်ရေး၊ ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ အကောင်အထည်ဖော်မှုကို စောင့်ကြည့်နိုင်ရေး၊ အစိုးရများ၏လုပ်ငန်းများကို ထိန်းကျောင်း ကြပ်မတ်နိုင်ရေး၊ အစိုးရများနှင့် လွှတ်တော်များ၏ ဆောင်ရွက်ချက်များအပေါ် လေ့လာသုံးသပ်လျက်၊ မဲဆန္ဒရှင် ပြည်သူလူထုသိရှိအောင် ထုတ်ပြန်နိုင်ရေး၊ လွှတ်တော်ကော်မတီများအကြား ပူးပေါင်း ဆောင်ရွက်နိုင်မှု မြှင့်တင်နိုင်ရေး၊ လွှတ်တော်ကော်မတီများနှင့် လွှတ်တော်ပြင်ပ အရပ်ဘက် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပြည်သူကို မျက်နှာမူလျက် မြှင့်တင်နိုင်ရေးတို့ကို မဟာဗျူဟာ စီမံချက်များ ချမှတ် ဆောင်ရွက်သင့်ပါကြောင်းနှင့် လွှတ်တော်ကော်မတီများအနေဖြင့် ညွှန်ကြားရေးမှူးချုပ်မှစ၍ လွှတ်တော်ရုံး ဝန်ထမ်းများ၏ တာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ရှင်းရှင်းလင်းလင်း ရေးဆွဲသတ်မှတ်နိုင်ရေး မျက်မှောက်ပြုသင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်း ဆော်သြလိုက်ရပါသည်။