ကွမ်းယာဆိုင်တွေ တကယ်ပိတ်သိမ်းရတော့မှာလား

ကွမ်းယာဆိုင်တွေ တကယ်ပိတ်သိမ်းရတော့မှာလား
Published 5 June 2016
မိုးဟိန်း

ပျင်းလို့စားတယ်။ ကြိုက်လို့စားတယ်။ ခံတွင်းချဉ်လို့ စားတယ်။ ထမင်းစားကောင်းလို့ စားတယ်။ ကားမောင်းရင် အိပ်ငိုက်မှာစိုးလို့ စားတယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ ကွမ်းစားခြင်းကို ဓလေ့ထုံးစံ တစ်ခုအထိ ဖြစ်လာအောင် ကွမ်းစားသူတွေကြားမှာ အချိန်အကြာဆုံး ရှိနေခဲ့ပါတယ်။ ကွမ်းစားခြင်းဟာ ကောင်းတဲ့ အလေ့အထတစ်ခု ဖြစ်နေလားဆိုတာ အဖြေတစ်ခုတော့ ရှိနေမှာ။
ကွမ်းစားသူ တစ်ယောက်ဟာ တစ်နေ့ကို ငွေ ၁၀၀၀ ကနေ ၃၀၀၀ အထိ ကုန်ကျပါတယ်။ တစ်နေ့ပျမ်းမျှ ၁၅၀၀ ကုန်ကျနိုင်တဲ့အတွက် တစ်လမှာ ကျပ် ၄၅၀၀၀ အထိ ကုန်ကျနိုင်တဲ့အတွက် သာမန်ဝန်ထမ်းဆိုရင်တော့ မိသားစုဝင်ငွေကို ထိခိုက်နိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ကွမ်းစား၊ ဆေးလိပ်သောက်တဲ့ ကုန်ကျငွေဟာ ကျပျောက်သလောက်ပဲ ရှိတယ်လို့ ကွမ်းစား၊ ဆေးလိပ်သောက်တဲ့သူတွေ ပြောလေ့ရှိပေမယ့် ရေရှည်မှာတော့ မလွယ်ပါဘူး။ ဆေးလိပ်သောက်တတ်တဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ တစ်နေ့ကို စီးကရက်သုံးလိပ်မှ အလိပ် ၂၀ ကျော်အထိ သောက်နေတာကို လေ့လာတွေ့ရှိရတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ ကွမ်းစားခြင်းရဲ့ အကျိုးအပြစ်တွေက နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။ ကွမ်းစားခြင်းနဲ့ ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုလည်း ထိခိုက် ပျက်စီးစေပါတယ်။
ကွမ်းစားသူတွေ ထွေးလိုက်တဲ့ ကွမ်းအညစ်အကြေးတွေကြောင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်နဲ့ ကိုယ်တိုင်အတွက် ကျန်းမာရေးဆိုးကျိုး ရှိလာနိုင်ပါတယ်။ ကွမ်းစားသူအများစု စည်းကမ်းမဲ့ စွန့်ပစ်လိုက်တဲ့ ကွမ်းတံတွေးတွေကြောင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုကို အထိုက်အလျောက် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ကွမ်းစားတဲ့အတွက် ခံတွင်းသန့်ရှင်းမှု ရှိတယ်။ သွားတွေကို ခိုင်မာစေတယ်လို့ ကွမ်းစားသူအချို့က လွဲမှားစွာ ထင်မြင် ယူဆနေကြပါတယ်။
ကွမ်းယာစားသုံးခြင်းဟာ လူတစ်ဦးတစ်ယောက်ရဲ့ နေ့စဉ် မဖြစ်မနေ စားသောက်ရမယ့် အစားအစာတွေထဲမှာ မရှိမဖြစ် ပါဝင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာလူမျိုးတွေ ကွမ်းစားခဲ့ကြတာ နှစ်ပေါင်းများစွာ ရှေးယခင် ခေတ်အဆက်ဆက်က စားသုံးလာခဲ့ကြတာ ဖြစ်ပါတယ်။ စာဆိုတော်ကြီး လူဦးမင်းက “ တံတားဦးက ကွမ်းနုဝါ၊ ငမြာက ဆေး၊ ကွမ်းသီး တောင်ငူနဲ့ ကိုင်းထုံးပြည်ရှား၊ သာဝါးလို့ထွေး”ဟု ကွမ်းစားခြင်းကို စာချိုးဖြင့် ရေးစပ်ခဲ့ဖူးပြီး ဖိုးသူတော်ဦးမင်းက”ကွမ်းရွက် ကယ် ညာကြွေ၊ ရေစိမ်တဲ့ဆေး၊ သန်းခေါက်လှိုင်လှိုင်နဲ့ ချိန်လိုက်မယ်။ ထုံးဖြူခြောက်ကယ် အာပေါက်မှ ထွေး”ဟု ကွမ်းစားသည့် အလေ့အထကို စာချိုးဖြင့် ရေးစပ်ခဲ့သည်ကို လေ့လာဖတ်ရှုရခြင်းအားဖြင့် မြန်မာလူမျိုးများ ကွမ်းစားသည့် အလေ့အထကို ရှေးယခင် နှစ်များစွာကပင် ပြုလုပ်ခဲ့ကြောင့် သမိုင်းအထောက်အထားများအရ တွေ့ရမှာဖြစ်ပါတယ်။
ကွမ်းစားခြင်းနဲ့ပတ်သက်ပြီး လေ့လာပြုစုသူများက ကွမ်းယာစားခြင်းကြောင့် ကောင်းကျိုးက မရှိသလောက် နည်းပါးပြီး ဆိုးကျိုးကိုသာ ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ လေ့လာသူတွေရဲ့အဆိုအရ  ကွမ်းယာစတင်စားတဲ့ လူတစ်ယောက်ဟာ ခံတွင်းနဲ့ သွားတွေမှာ အရောင်တွေ စွဲကျန်ပြီး ညစ်ပတ်လာပါတယ်။ အရွယ်မရောက်ခင်မှာပဲ သွားကျိုးမှုတွေ ဖြစ်ပေါ်စေပြီး သွားဖုံးများကိုလည်း အလျင်အမြန် ပျက်စီးစေပါတယ်။ ချွေးထွက်များကာ မူးဝေစေပြီး အနံ့ဆိုးများ ဖြစ်ပေါ်စေပါတယ်။ ကွမ်းထဲမှာပါဝင်တဲ့ ထုံးကြောင့် ကျောက်တည်ခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းတွေကို ဖြစ်စေပါတယ်လို့လည်း သိရပါတယ်။
ကွမ်းကို ကာလကြာရှည်စွာ စားခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေးရဲ့ ဆိုးကျိုးတွေဖြစ်တဲ့ လျှာကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လည်ချောင်းကင်ဆာတွေ ဖြစ်ပေါ်စေနိုင်ပြီး ကွမ်းစားခြင်းကြောင့် ၁၉၇၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ လူဦးရေ ၈၅၂၉၈ ဦးမှာ ခံတွင်းနဲ့ပတ်သက်တဲ့ ကင်ဆာရောဂါ ဖြစ်ပွားခဲ့တယ်လို့ သွားဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကောင်းကျော်ထက် ကလည်း ဆိုပါတယ်။ဒါကြောင့် ကွမ်းစားခြင်းကို ကာလတို၊ ကာလရှည်အနေနဲ့ စားသုံးရန် မသင့်ပါဘူး။
၂၀၁၃ ခုနှစ်မှစတင်ပြီး ကွမ်းစားသူများနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ပါတယ်။ အများပြည်သူဆိုင်ရာ နေရာတွေမှာ ကွမ်းတံတွေးထွေးခြင်း မပြုလုပ်ဖို့ ကန့်သတ်တားမြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်းမှာ ကွမ်း စားသုံးခြင်းနဲ့ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှု ကျဆင်းရေးကော်မတီ ဖွဲ့စည်းပြီး ကွမ်းဆိုင်တွေ ရောင်းချခွင့်ပိတ်သိမ်းဖို့အထိ ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးလို့ တိုင်ကြားမှုများရှိလာလို့ ပြစ်မှုထင်ရှားရင် အနည်းဆုံး ငွေဒဏ် ၂၀၀၀ ကျပ်မှ အများဆုံး ၂၀၀၀၀ အထိ ဒဏ်ကြေးငွေ ပေးဆောင်ရမှာဖြစ်တဲ့အတွက် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာကို လုံးဝရပ်ပစ်သင့်ပါတယ်။ ပြဋ္ဌာန်းထားတဲ့ဥပဒေက အသက်ဝင် လာပြီဖြစ်တဲ့အတွက် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူတွေကို မကြာခင်မှာ အရေးယူမှုတွေ ရှိလာနိုင်ပါတယ်။ ဒဏ်ငွေ ၂၀၀၀၀ က များလွန်းတဲ့ငွေကြေးပမာဏ မဟုတ်ပေမယ့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတဲ့ အပြုအမူက လုံး၀ မဖြစ်သင့်ပါဘူး။
ကွမ်းစားသူများ မဆင်မခြင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးရင် ဒဏ်ကြေးငွေ ပေးဆောင်ရမည့်ဥပဒေ ပြဋ္ဌာန်းပြီး မကြာခင်မှာပဲ ကွမ်းဆိုင်တွေ ရောင်းချတာကို ပိတ်သိမ်းဖို့ အကြောင်းကြားစာ တရားဝင်ထုတ်ပြန်ပြီး ကွမ်းနဲ့ ကွမ်းပစ္စည်းများ ရောင်းချမှုကို တားမြစ်မှု ပြုလုပ်လာပါတယ်။ စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၇ ပုဒ်မခွဲ (ဆ) အရ အရေးယူမည်ဖြစ်ကြောင်းလည်း အကြောင်းကြားစာမှာ ထည့်သွင်းရေးသား ဖော်ပြထားပါတယ်။ ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချခြင်းကို လျှော့ချပြီး အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအား ပြောင်းလဲဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရန်ဟု ဖော်ပြပါရှိထားသည်ကိုလည်း တွေ့ရပါတယ်။
စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာနဲ့ ပတ်သက်လို့ ကော်မတီတွေဖွဲ့ပြီး စည်းကမ်းနဲ့အညီ ဖမ်းဆီး ဥပဒေအရ အပြစ်ဒဏ် (ဒဏ်ငွေချ) ပေးတာ မှန်ကန်မှုရှိပေမယ့် ကွမ်းဆိုင်နဲ့ ကွမ်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို တားမြစ် ပိတ်သိမ်း ဥပဒေအရ အရေးယူမှု ပြုလုပ်မယ် ဆိုတာကတော့ သိပ်တော့ လွယ်ကူတဲ့ ကိစ္စ တစ်ခုတော့ ဖြစ်မယ်မထင်ပါဘူး။ ကွမ်းဆိုင်ဖွင့် ဈေးရောင်းချပြီး မိသားစုရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ပညာရေးတွေကို ဖြေရှင်းနေရတာတွေ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ ရှိနေလို့ ဖြစ်ပါတယ်။ ကွမ်းဆိုင် ပိတ်သိမ်းလိုက်လို့ ထိခိုက်နစ်နာသူတွေ အများကြီးရှိလာနိုင်တယ်လို့ ပြည်သူများအကြားမှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက ကယားပြည်နယ်မှာ ရက် ၁၀၀ စီမံချက်အဖြစ်  ဒီးမော့ဆိုမြို့နယ်အတွင်းက ကွမ်းဆိုင်တွေကို မကြာမီပိတ်သိမ်းဖို့ အကြောင်းကြားစာတွေပေးပို့ လက်မှတ်ရေးထိုးခိုင်းတာတွေ ရှိလာပါတယ်။ ကယားပြည်နယ်အတွင်းမှာ ကွမ်းယာဆိုင်တွေ ပိတ်သိမ်းဖို့ဆိုတာထက် မူးယစ်ဆေးဝါး၊ သစ် အစ ရှိတဲ့ မှောင်ခိုလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ဖမ်းဆီး စစ်ဆေး အရေးယူမှုတွေကိုသာ အစိုးရအဖွဲ့အနေနဲ့ ဦးစားပေး လုပ်ကိုင်သင့်ကြောင်း ဒေသခံတွေက အကြံပြုတာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးမှာလည်း စည်းကမ်းမဲ့ကွမ်းတံတွေးထွေးတာ၊ ကွမ်းဆိုင်တွေ ပိတ်သိမ်းတာနဲ့ ပတ်သတ်လို့ ဝေဖန်အကြုံပြုချက်တွေလည်း ရှိလာပါတယ်။
“ကွမ်းတံတွေးထွေးလို့ ဒဏ်ရိုက်တာ ကောင်းပါတယ်။ ထိထိရောက်ရောက်တော့ လုပ်စေချင်ပါတယ်။ ဟိုတစ်ယောက်တော့ ဒဏ်ရိုက်မယ်။ ဒီတစ်ယောက်တော့ ဒဏ်မရိုက်ဘူး။ ပတ်သက်ရာ ပတ်သက်ကြောင်းကို ဒဏ်မရိုက်ဘဲ လက်လုပ်လက်စားတွေကျမှ ဒဏ်ရိုက်မယ်ဆိုရင်တော့ မကောင်းပါဘူး” လို့ ကွမ်းစားသူတစ်ဦးကလည်း သူ့ရဲ့အမြင်ကို ပြောကြားပါတယ်။
ကွမ်းဆိုင်တွေပိတ်လိုက်ပြီးရင် ဘာတွေ ဆက်ဖြစ်လာနိုင်သေးလဲ။ ကွမ်းရွက်နဲ့ ကွမ်းသီး စိုက်ပျိုးတဲ့ ကွမ်းတောင်သူတွေ၊ ဆေးရွက်ကြီး စိုက်ပျိုးတဲ့ တောင်သူတွေရဲ့ မိသားစုတွေကို တစ်ဆက်တည်း ထိခိုက်လာမှာဖြစ်ပါတယ်။ ကွမ်းရောင်းချသူ၊ ကွမ်းရွက်စိုက်ပျိုးသူ၊ ကွမ်းဆေးစိုက်ပျိုးသူ မိသားစုဘယ်လောက်များများ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးပါ ထိခိုက်လာနိုင်တာကို တွေးကြည့်တာနဲ့တောင် သိနိုင်ပါတယ်။
ကွမ်းဆိုင်တွေ ပိတ်လိုက်တော့ ကွမ်းစားသူတွေ ရပ်တန့်သွားမှာလား။ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီး အမျိုးသား ၁၀ ဦးမှာ ခြောက်ဦးခန့်ဟာ ကွမ်းစားသူများဖြစ်ပါတယ်။ ဒါတောင် လျှော့တွက်ထားတာပါ။ ကွမ်းဆိုင်တွေပိတ်လို့ ကွမ်းစားသူဦးရေ လျော့ကျသွားနိုင်တယ်လို့ ယူဆရင်တော့ ဒါဟာ လွဲချော်တဲ့ မှန်းဆချက် သက်သက်သာ ဖြစ်နိုင်ပါတယ်။
“ကွမ်းဆိုင်တွေ ရပ်လိုက်ရမယ်ဆိုရင်၊ ဖျက်သိမ်းရမယ်ဆိုရင် စီးပွားရေး ထိခိုက်လာမှာပါ။ လုံး၀ ဖျက်သိမ်းရမယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့မှာ ကွမ်းဆိုင်လေးကို မှီပြီးစားသောက်နေရတဲ့ မိသားစုတွေ ရှိတယ်ဆိုတာ သူတို့တွေ မမေ့သင့်ပါဘူူး။ကွမ်းရောင်းတဲ့သူ တစ်ယောက် ဆိုင်ပိတ်လိုက်ရရင် အလုပ်လက်မဲ့တွေ ဖြစ်ကုန်မှာပေါ့။တခြားအလုပ်အကိုင်တွေ သူတို့ဖန်တီးပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ လတ်တလောတော့ ကွမ်းရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်”လို့လည်း ရန်ကုန်မြို့အတွင်း ကွမ်းရောင်းချသူတစ်ဦးကလည်း ကွမ်းရောင်းချပြီး မိသားစုစားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
ကွမ်းယာဆိုင်တွေ ပိတ်သိမ်းဖို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်းထက် နိုင်ငံတကာနည်းတူ ဆေးလိပ် မသောက်ရတဲ့ဧရိယာ အဝန်းအဝိုင်းတွေနဲ့ ဆေးလိပ်ဝယ်ယူခွင့်မရတဲ့ အသက်အရွယ်တွေ သတ်မှတ်ပြီး ဥပဒေထုတ် တားမြစ်တာက လွယ်ကူနည်းလမ်းကျမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကွမ်းမစားရတဲ့ ဧရိယာ ဒါမှမဟုတ် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ကွမ်းရောင်းချခြင်း၊ ကွမ်းစားခြင်းတို့ကို ဥပဒေထုတ် တားမြစ်စေချင်ပါတယ်။ ဥပဒေတစ်ခု ပြဋ္ဌာန်းပြီးတဲ့နောက်မှာ သက်ဆိုင်ရာအနေနဲ့ ဒီဥပဒေနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်တဲ့အခါမှာ ဆင်းရဲသား အခြေခံလူတန်းစားတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မလာဖို့ လိုအပ်ပါတယ်။ ယခင်အစိုးရလက်ထက်မှာ ဥပဒေအသစ်တွေ အများကြီးပြဋ္ဌာန်းခဲ့ပါတယ်။ ကွမ်းတံတွေးကို စည်းကမ်းမဲ့ထွေးလို့ ဒဏ်ငွေရိုက် အရေးယူတာ ချက်ချင်းဆောင်ရွက်ဖို့ လွယ်ကူပေမယ့် ကွမ်းဆိုင် ဖွင့်လှစ် ဈေးရောင်းချမှုကို ပိတ်သိမ်းပြီး အခြားလုပ်ငန်းတစ်ခုကို ပြောင်းလဲဖို့ဆိုတာ ကွမ်းရောင်းချပြီး အသက်မွေးနေရတဲ့ ပြည်သူတစ်ယောက်ကို ရေမှာ အရုပ်ပေါ်အောင် ရေးခိုင်းနေတာနဲ့ တူနေပါတယ်။ ဒီလိုဆောင်ရွက်ချက်တွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေရလမ်းနည်းပါးလို့ တစ်နိုင်တစ်ပိုင် ကွမ်းရောင်းချတဲ့ အခြေခံပြည်သူတွေအတွက် အခက်အခဲအသစ်တွေ ကြုံလာမှာဖြစ်ပါတယ်။ ကွမ်းဆိုင်က ဝင်ငွေနဲ့ မှီခိုရပ်နေရတဲ့ မိသားစုတွေအတွက် ကွမ်းဆိုင်ပိတ်သိမ်းရမယ်ဆိုတာကို အလွယ်တစ်ကူ လက်ခံမယ်လို့ မျှော်လင့်လို့လည်းမရပါဘူး။ ဒါကြောင့် ကွမ်းဆိုင်တွေ ပိတ်သိမ်းရမယ်လို့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေထက် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ကွမ်းမရောင်းဖို့၊ ကွမ်းတံတွေးမထွေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူသင့်ပါကြောင်း။