တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျ မျှတစွာ ဖွံ့ဖြိုး တိုးတက်လာရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို သတ်မှတ်ဒေသနှင့် ကဏ္ဍအလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့် သုံးနှစ်မှ ခုနစ်နှစ်အထိ ပေးမည်

တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျ မျှတစွာ ဖွံ့ဖြိုး တိုးတက်လာရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို သတ်မှတ်ဒေသနှင့် ကဏ္ဍအလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့် သုံးနှစ်မှ ခုနစ်နှစ်အထိ ပေးမည်
Published 4 June 2016
စည်သူအောင်

တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျ မျှတစွာ ဖွံ့ဖြိုး တိုးတက်လာရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို သတ်မှတ်ထားသော ဒေသနှင့် ကဏ္ဍအလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့် သုံးနှစ်မှ ခုနစ်နှစ်အထိ ပေးအပ်မည်ဖြစ်ကြောင်း အသစ်ရေးဆွဲထားသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ မူကြမ်းတွင် ထည့်သွင်းထားသည်။ယင်းဥပဒေ မူကြမ်းကို ၂၀၁၆ ခုနှစ်အတွင်း အတည်ပြု ပြဋ္ဌာန်းမည်ဖြစ်ပြီး ယခင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှစ်ရပ်ကို ပေါင်းစည်းထားခြင်းဖြစ်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကိုလည်း ယခုလအတွင်း ပြန်လည် ဖွဲ့စည်းတော့မည်ဖြစ်သည်။ကော်မရှင်သည် နိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်စေခြင်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရေးအတွက် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျ မျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လည်းကောင်း အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ရပ်ထက် ပိုပြီး ဖြစ်စေ ခံစားခွင့် ပြုရန် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် စိစစ် ခွင့်ပြုပေးနိုင်ကြောင်း သိရသည်။“တိုင်းနဲ့ ပြည်နယ် အသီးသီး နေရာတွေမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ ဒါကို ထည့်သွင်းထားပါတယ်။ ဖွံ့ဖြိုးတဲ့ ဒေသတွေမှာ မြှုပ်နှံတာထက် ဖွံ့ဖြိုးမှု နည်းပါးတဲ့ ဒေသတွေမှာ မြှုပ်နှံမယ်ဆိုရင် အခွန် လျော့ပါမယ်။ ဒေသအလိုက်၊ ကဏ္ဍအလိုက် အခွန်ဖြေလျှော့မှု ပေးသွားမှာ ဖြစ်ပါတယ်။ ဥပဒေ ပြဋ္ဌာန်းပြီးသွားရင် ကော်မရှင်က အစိုးရအဖွဲ့ သဘောတူညီချက် ယူပြီး သတ်မှတ်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်) က ပြောကြားသည်။ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှု နည်းပါးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဇုန်-၁ အဖြစ် လည်းကောင်း၊ ဖွံ့ဖြိုးမှု အသင့်အတင့် ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဇုန်-၂ အဖြစ် လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဇုန်-၃ အဖြစ် လည်းကောင်း အစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်ကာ ယင်းသတ်မှတ်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် အစိုးရ အဖွဲ့က အတည်ပြုထားသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအား ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုနိုင်ကြောင်း သိရသည်။ဇုန်-၁ အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ခုနစ်နှစ်အထိ လည်းကောင်း၊ ဇုန်-၂ အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ငါးနှစ်အထိ လည်းကောင်း၊ ဇုန်-၃ အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း သုံးနှစ်အထိ လည်းကောင်း ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုမည်ဖြစ်သည်။ကော်မရှင် အနေဖြင့် အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဇုန်သတ်မှတ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ကာ အခါအားလျော်စွာ ပြောင်းလဲ သတ်မှတ်နိုင်ကြောင်း သိရသည်။ ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ဆောင်ရွက်ရန် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကဏ္ဍများ အတွက်သာ ခွင့်ပြုရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

Most Read

Most Recent