ရခိုင်ကိစ္စကြောင့် နိုင်ငံတကာက ဝေဖန်မှုများ ရှိနေသော်လည်း မြန်မာ့စီးပွားရေးတိုးတက်ရေး အကူအညီပေးရန် ဂျပန်နှင့်အမေရိကန်က ရပ်တည်ချက်တူညီပြီး သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း အမေရိကန်ကုမ္ပဏီများ လာရောက်မြှုပ်နှံရန် မျှော်လင့်ကြောင်း ဂျပန်သံအမတ်ကြီး ပြောကြား

ရခိုင်ကိစ္စကြောင့် နိုင်ငံတကာက ဝေဖန်မှုများ ရှိနေသော်လည်း မြန်မာ့စီးပွားရေးတိုးတက်ရေး အကူအညီပေးရန် ဂျပန်နှင့်အမေရိကန်က ရပ်တည်ချက်တူညီပြီး သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း အမေရိကန်ကုမ္ပဏီများ လာရောက်မြှုပ်နှံရန် မျှော်လင့်ကြောင်း ဂျပန်သံအမတ်ကြီး ပြောကြား
စက်တင်ဘာ ၂၇ ရက်က သီလဝါအထူးစီးပွားရေးဇုန်တွင် အမေရိကန်နှင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
စက်တင်ဘာ ၂၇ ရက်က သီလဝါအထူးစီးပွားရေးဇုန်တွင် အမေရိကန်နှင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 28 September 2018
ကြည်နိုင်

မြန်မာနိုင်ငံအပေါ် ရခိုင်ကိစ္စကြောင့် နိုင်ငံတကာက ဝေဖန်မှုများ ရှိနေသော်လည်း မြန်မာ့စီးပွားရေးတိုးတက်ရေး အကူအညီပေးရန် ဂျပန်နှင့် အမေရိကန်တို့က ရပ်တည်ချက် တူညီပြီး သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း အမေရိကန်ကုမ္ပဏီများ လာရောက်မြှုပ်နှံရန် မျှော်လင့်ကြောင်း ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် ဖွင့်လှစ်ခဲ့ပြီး သုံးနှစ်တာနောက်ပိုင်း လုပ်ငန်းစဉ် ဆောင်ရွက်မှုများကို ဂျပန်နှင့်အမေရိကန် နှစ်နိုင်ငံသံအမတ်များက အတည်ပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာမာစီရယ်လ်တို့နှစ်ဦးသည် ကျောက်တန်းမြို့နယ်ရှိ သီလဝါ အထူးစီးပွားရေးဇုန်သို့ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုပြီးနောက် ဂျပန်သံအမတ်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမက “မြန်မာနိုင်ငံဟာ ရခိုင်ကိစ္စကြောင့် နိုင်ငံတကာက ဝေဖန်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂျပန်နဲ့ အမေရိကန်အစိုးရက ရပ်တည်ချက် အတူတူဖြစ်တာက ဒီမြန်မာနိုင်ငံ စီးပွားရေးတိုးတက်ဖို့ အဲဒါက အရေးကြီးတယ်။ ဒါကြောင့် အဲဒီအတွက် ဆက်ပြီးတော့ အကူအညီပေးမယ်ဆိုတဲ့ ရပ်တည်ချက်က ကျွန်တော်တို့ ဂျပန်ရော၊ အမေရိကန်အစိုးရရော အတူတူ ဖြစ်ပါတယ်” ဟု မီဒီယာများအား ဖြေကြားသည်။

ဆက်လက်၍ ဂျပန်သံအမတ်ကြီးက “ဒါကြောင့်မို့လို့ အဲဒီရပ်တည်ချက်ကြောင့် ဒီနေ့လာတာက ဒီမှာဂျပန်ဦးဆောင်ပြီး အောင်မြင်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်ကို အတူတူ လေ့လာပြီးတော့ ထပ်ပြီးတော့ ကျွန်တော်တို့ ဂျပန်နဲ့ အမေရိကန်ပူးပေါင်းပြီး မြန်မာနိုင်ငံ စီးပွားရေးတိုးတက်ဖို့အတွက် ဘာလုပ်နိုင်သလဲဆိုတာ စဉ်စားဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဂျပန်သံအမတ်ကြီးက အမေရိကန်ကုမ္ပဏီများ သီလဝါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြုပ်နှံရန် ဆွဲဆောင်နိုင်မှုကို များစွာမျှော်လင့်ထားကြောင်း ပြောကြားသည်။ လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန်တွင် အမေရိကန်ကုမ္ပဏီတစ်ခုတည်းသာ လာရောက်ရင်းနှီး မြုပ်နှံထားသေးကြောင်း သိရသည်။

“ပြောဖို့ခက်ပေမယ့် အများကြီး မျှော်လင့်နေပါတယ်။ အထူးသဖြင့် ဒီနေရာကို အမေရိကန်သံအမတ်ကြီးကိုယ်တိုင် လာတဲ့အတွက် အနာဂတ်မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ အမေရိကန်ကုမ္ပဏီများက စိတ်ဝင်စားပြီး ရင်းနှီးမြုပ်နှံမှုလိုမျိုး ကျွန်တော် အင်မတန်မှ မျှော်လင့်နေပါတယ်” ဟု ဂျပန်သံအမတ်ကြီးက ပြောကြားသည်။

အမေရိကန်သံအမတ်ကြီးသည် ကျောက်တန်းမြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်ကို မရောက်ဖူးသဖြင့် သွားရောက်ရန် ဂျပန်သံအမတ်ကြီးထံ တင်ပြခဲ့ကြောင်း၊ သွားသည့်အခါ ဂျပန်သံအမတ်ကြီးနှင့် အတူတူသွားရန် သဘောရှိခြင်းကို ဂျပန်အသံမတ်ကြီးက သဘောတူသဖြင့် အတူတူ သွားရောက် လေ့လာခြင်းဖြစ်ကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် လာရောက် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံများတွင် ဂျပန်နိုင်ငံက ၄၈ ခု၊ ထိုင်း ၁၄ ခု၊ ကိုရီးယား ခြောက်ခု၊ ထိုင်ဝမ် ငါးခု၊ စင်ကာပူ သုံးခု၊ မလေးရှား သုံးခု၊ မြန်မာ လေးခု၊ ဟောင်ကောင် နှစ်ခုနှင့် အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ နယ်သာလန်၊ သြစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံတို့က တစ်ခုစီရှိကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန် အတွင်းသို့ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် နိုဝင်ဘာလမှ လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနီးပါး ဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“သီလဝါ အထူးစီးပွားရေးဇုန် အတွင်းမှာ လုပ်ငန်းမြှင့်တင်ရေးဇုန်မှာ လုပ်ငန်းအရေအတွက် ၅၉ ခုကနေ ဒေါ်လာ ၁၁၂၈ ဒသမ ၇၉၇ သန်း၊ ကင်းလွတ်ဇုန်မှာ လုပ်ငန်း ၃၈ ခုကနေ ဒေါ်လာ ၃၆၃ ဒသမ ၀၉၇ သန်း လာရောက် ရင်းနှီးမြှုပ်နှံထားပြီ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန် B တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်အတွင်း ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။  

Most Read

Most Recent