မြန်မာနိုင်ငံအတွင်း ဟိုတယ်ဆောက်လုပ်မည့် လုပ်ငန်းရှင်များ အနေဖြင့် နစ်နာမှုမရှိစေရန် ဟိုတယ်/ခရီးဌာနတွင် ဆောက်လုပ်ခွင့် တင်ပြပြီးမှသာ လုပ်ငန်းလိုင်စင် ချပေးသွားမည်ဖြစ်ပြီး CCTV နှင့် မိုင်းရှာဖွေစက်ကို လုပ်ငန်းရှင် ဆန္ဒအရသာ တပ်ဆင်ခွင့် ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ယခင်က မြန်မာနိုင်ငံအတွင်း ဟိုတယ်ဆောက်လုပ်မည့် လုပ်ငန်းရှင်အချို့သည် ဆောက်လုပ်ခွင့် တင်ပြခြင်းမရှိဘဲ ဟိုတယ် အဆောက်အအုံ ဆောက်လုပ်ပြီးမှသာ လုပ်ငန်းလိုင်စင် ခွင့်ပြုပေးရန် တင်ပြလာခြင်းများ ရှိခဲ့သောကြောင့် ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းရှင်များ နစ်နာမှု မရှိစေရန် ဆောက်လုပ်ခွင့် မတင်ပြခဲ့ကြောင်း ဝန်ခံကတိရယူ၍ လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
"အရင်တုန်းကဆိုရင် ဟိုတယ်ဆောက်လုပ်မယ့် လုပ်ငန်းရှင်အချို့က ဟိုတယ်/ခရီး ဌာနမှာ ဆောက်လုပ်ခွင့် မတင်ဘဲ ဟိုတယ်ဆောက်ပြီးမှ လုပ်ငန်းလိုင်စင် တောင်းတာတွေရှိတယ်။ တချို့ကျတော့လည်း စည်ပင်မှာ ဆောက်လုပ်ခွင့် တင်ပြီးတော့မှ ဝန်ကြီးဌာနမှာ လိုင်စင်ယူတယ်။ အရင်တုန်းကတော့ လုပ်ငန်းရှင်တွေ နစ်နာမှာစိုးလို့ ဝန်ခံကတိယူပြီးတော့ လိုင်စင်ထုတ်ပေးလိုက်တယ်။ အခုကတော့ ဟိုတယ်ဆောက်လုပ်ခွင့်ကို ဟိုတယ်/ခရီးဌာနမှာ တင်ပြီးတော့မှ အဆောက်အအုံ ဆောက်ရမယ်။ အကုန်ပြီးစီးတော့မှ လုပ်ငန်းလိုင်စင်ကို ထပ်မံချပေးသွားမှာပါ။ နောက်တစ်ခုက ဆောက်လုပ်ဆဲ ဟိုတယ်တွေနဲ့ ဆောက်လုပ်ပြီး အဆောက်အအုံ တွေကိုလည်း ဟိုတယ်ဆောက်လုပ်ခွင့်ကို သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း တင်ပြပြီးမှ လုပ်ငန်းလိုင်စင်ကို ခွင့်ပြုပေးသွားမှာပါ" ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ပြောကြားသည်။
လက်ရှိတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေပါအတိုင်း ဟိုတယ်ဆောက်လုပ်ခွင့် တင်ပြီးမှသာ လုပ်ငန်းလိုင်စင်ကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းကို ပြီးခဲ့သည့်မေ ၂၃ ရက်၌ ပြုလုပ်သည့် ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် ထည့်သွင်းဆုံးဖြတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ အခန်း ၆၊ ပုဒ်မ ၈ တွင် ဟိုတယ်လုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မည့် သူများသည် "လုပ်ငန်းစီမံချက် စတင်အကောင်အထည် မဖော်မီ ကြိုတင်၍ ခွင့်ပြုချက်ရရှိရန် ဝန်ကြီးဌာနသို့ သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ လျှောက်ထားရမည်" ဟု ပြဋ္ဌာန်းထားသောကြောင့် ဟိုတယ်ဆောက်လုပ်ခွင့်ကို လက်ရှိအချိန်မှစ၍ ဟိုတယ်/ခရီးဌာနတွင် ဦးစွာလာရောက် တင်ပြရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ထို့ပြင် ယခင်က ဟိုတယ်ဆောက်လုပ်ရာ၌လည်း လုပ်ငန်းရှင်များ အနေဖြင့် ဟိုတယ်/တည်းခိုရိပ်သာများ၏ လူ/ပစ္စည်း လုံခြုံရေးအတွက် CCTV ကင်မရာနှင့် Walk- Through (အလိုအလျောက် မိုင်းရှာဖွေစက်) မဖြစ်မနေ တပ်ဆင်ပြီးမှသာ ခွင့်ပြုလိုင်စင် ထုတ်ပေးခဲ့သော်လည်း ယခုအခါ မဖြစ်မနေ တပ်ဆင်ခြင်းအစား လုပ်ငန်းရှင် ဆန္ဒအရသာ ဆောင်ရွက်စေရန် မေ ၂၃ ရက်တွင် အဆိုပါ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး လုပ်ငန်းရှင်များ အနေဖြင့် လိုက်နာဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ပြောကြားထားသည်။
လက်ရှိ ဟိုတယ်ဆောက်လုပ်မည့် လုပ်ငန်းရှင်များ နစ်နာမှု မရှိစေရန် ဟိုတယ်/ခရီး ဌာနတွင် ဆောက်လုပ်ခွင့် တင်ပြပြီးမှသာ လုပ်ငန်းလိုင်စင် ချပေးသွားမည်ဖြစ်ပြီး CCTV နှင့် မိုင်းရှာဖွေစက်ကို လုပ်ငန်းရှင် ဆန္ဒအရသာ တပ်ဆင်ခွင့်ပြုမည်ဟုဆို










