ရန်ကုန် စတော့အိတ်ချိန်း စတင် ဖွင့်လှစ်သည့် သုံးလအတွင်း FMI ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု တန်ဖိုးပေါင်း ၃၅ ဘီလျံကျော်နှင့် သီလဝါ ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ၁၀ ဘီလျံကျော် ရှိလာပြီး စုစုပေါင်း ၄၅ ဘီလျံကျော် အထိ ရှိလာသော်လည်း အခွန်ဆောင်ပြီးသော ငွေများ ဟုတ် မဟုတ် အခွန်ဌာနက စစ်ဆေးခြင်း မရှိရန်ကုန် စတော့အိတ်ချိန်း စတင် ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်က စတင်၍ မေ ၃၁ ရက်အထိ ရှယ်ယာ အရောင်းအဝယ် ဖြစ်မှု တန်ဖိုးပေါင်းမှာ FMI ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ၃၅ ဘီလျံကျော်နှင့် သီလဝါ ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ၁၀ ဘီလျံကျော်ဖြင့် ကျပ် ၄၅ ဘီလျံကျော်အထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှ ဇွန် ၁ ရက်တွင် ထုတ်ပြန်သည့် လစဉ် အရောင်းအဝယ် ဖြစ်ပေါ်မှု ဆိုင်ရာ အချက်အလက်များအရ သိရသည်။ရန်ကုန် စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံသော ငွေများ ငွေဖြူငွေမည်း ဟုတ်မဟုတ်ကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်တို့က ထိန်းကျောင်းမှုများ ပြုလုပ်နေသည်ဟု တာဝန်ရှိသူ တစ်ဦး၏ ပြောကြားထားချက်အရ သိရသည်။ သို့သော် အခွန်ဆောင်ပြီးသော ငွေများ ဟုတ် မဟုတ် အခွန်ဌာန အနေဖြင့် စစ်ဆေးခြင်း မရှိသေးကြောင်း သိရှိရသည်။ရန်ကုန် စတော့အိတ်ချိန်း စတင် ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ်လတွင် ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ကျပ် ၂၄ ဘီလျံကျော် အထိ ဖြစ်ပေါ်ခဲ့ပြီး ဧပြီတွင် ငါးဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကာ သီလဝါ ရှယ်ယာများ စတင် ရောင်းချခဲ့ပြီးနောက် ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု နေ့စဉ် ကျပ် တစ်ဘီလျံကျော်ဖိုး အထက် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။မြန်မာနိုင်ငံတွင် ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်တွင် စတင် ရှယ်ယာအရောင်းအဝယ် ပြုလုပ်နိုင်ခဲ့ပြီး ပထမဆုံး စတော့ရှယ်ယာ ရောင်းချခွင့်ရ FMI ကုမ္ပဏီက မေ ၁၉ ရက်အထိ ကုမ္ပဏီ တစ်ခုတည်း ပြိုင်ဘက်မရှိ ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကာ ရက်သတ္တပတ်အတွင်း ကျပ် ၂၄ ဘီလျံကျော်ဖိုး အရောင်းအဝယ် ပြုလုပ်နိုင်ခဲ့သည်။ FMI ကုမ္ပဏီ အနေနှင့် ရက်သတ္တပတ်အတွင်း ၂၄ ဘီလျံကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့သော်လည်း ဧပြီလတွင်မူ ရှယ်ယာဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှု ကျဆင်းသွားပြီး ငါးဘီလျံကျော်ဖိုးသာ ရောင်းချနိုင်ခဲ့သည်။FMI ကုမ္ပဏီ၏ အရောင်းအဝယ် ဖြစ်ပေါ်သည့် အခြေအနေများမှာ မတ်လတွင် အနိမ့်ဆုံး ကျပ် ၃၁၀၀၀ မှ အမြင့်ဆုံး ကျပ် ၄၁၀၀၀ အကြားတွင် အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှုပေါင်း ၆၆၉၉၃၉ အထိ ရှိခဲ့သည်။ ဧပြီလတွင်မူ အနိမ့်ဆုံး ကျပ် ၃၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၃၇၀၀၀ အကြားတွင် အစုရှယ်ယာပေါင်း ၁၈၂၇၅၇ စုသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သဖြင့် ထိုသို့ အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ဧပြီလတွင် အနိမ့်ဆုံး ကျပ် ၃၀၀၀၀ အထိသာ ဖြစ်ပေါ်ခဲ့သည့် FMI ရှယ်ယာများသည် မေလတွင်မူ ဆိုးရွားစွာ ကျဆင်းလာပြီး ရှယ်ယာ တစ်စုလျှင် အနိမ့်ဆုံး ကျပ် ၂၅၀၀၀ အထိ ကျဆင်းသွားကာ အမြင့်ဆုံးအဖြစ် ကျပ် ၃၁၅၀၀ သာ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ပြီး မေလအတွင်း FMI ရှယ်ယာပေါင်း ၁၈၉၅၀၈ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကာ ၅ ဒသမ ၂ ဘီလျံကျော်ဖိုး အထိ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။မေ ၂၀ ရက်တွင် စတင် ရောင်းချသည့် သီလဝါ MTSH ရှယ်ယာများ အနေဖြင့် ရှယ်ယာ တစ်စုလျှင် ကျပ် ၅၀၀၀၀ ဖြင့်သာ ဈေးဖွင့်ခဲ့သော်လည်း ကျပ် ၇၀၀၀၀ အထိ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ နှုန်းထားများသည်ပင် သီလဝါ MTSH ရှယ်ယာ၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ခဲ့ပြီး အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှုပေါင်း ၁၇၃၉၂၅ စု ဖြစ်ပေါ်ကာ ကျပ် ၁၀ ဘီလျံကျော်အထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည့်အတွက် သီလဝါနှင့် FMI ရှယ်ယာ နှစ်စုပေါင်း ၁၆ ဒသမ ၂ ဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ကြောင်း သိရသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာေ ဈးနှုန်းများ ထိုးတက်သွားသည့် အခြေအနေမှာ ဝယ်လိုအား ရောင်းလိုအား မမျှ၍ဆိုသည့် စီးပွားရေး သီအိုရီ ဖြစ်သော်လည်း ဈေးနှုန်းများ ထိုးတက်သွားရခြင်း၏ နောက်ကွယ်တွင် ဈေးကွက်သဘောတရား သို့မဟုတ် လက်ဝါးကြီးအုပ် ဈေးကွက်အခြေအနေနှင့် ဈေးကစားနေခြင်း စသည့် မေးခွန်းများ ရှိလာမည်ဖြစ်ပြီး အဆိုပါ အခြေအနေများမှာ ဈေးကွက်ထိန်းကျောင်းသူများ၏ တာဝန်ဖြစ်လာကာ စတော့ရောင်းသူ၊ စတော့ဝယ်သူများက မည်ကဲ့သို့သော လူတန်းစားများ ဖြစ်သည် ဆိုခြင်းနှင့် မှန်မှန်ကန်ကန် ရောင်းဝယ်မှု ရှိ မရှိ စနစ်တကျ ထိန်းကျောင်းရန် လိုအပ်မည်ဖြစ်ကြောင်း ဆောင်းပါးရှင် တစ်ဦးဖြစ်သူ ဦးသန်းစိုး (ဘောဂဗေဒ) က သုံးသပ်ထားသည်။စတော့ ရှယ်ယာဈေးများ တက်တက်ခြင်းသည် ထုတ်လုပ်မှု တိုးတက်လာခြင်း၊ ရွှေကြောကြီးများ၊ ရေနံကြောကြီးများ တွေ့ရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်း ကန်ထရိုက်ကြီးကြီး ချုပ်ဆိုနိုင်ခြင်း စသည့် potential Profit ကို ကြည့်ရှုရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် စတော့ရှယ်ယာ အရောင်းအဝယ် ပြုလုပ်သည့် ငွေများကို မည်သည့် လုပ်ငန်းတွင် မည်သို့ ပြန်လည် မြှုပ်နှံနေသည်ကိုလည်း လေ့လာဖို့ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် သုံးသပ်သည်။လက်ရှိ အချိန်တွင် ရန်ကုန် စတော့အိတ်ချိန်းတွင် ဈေးကွက် ကမောက်ကမ ဖြစ်စေရန် ဈေးကစားမှုများ ရှိနေကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားမှုများ ရှိလာပြီး အဆိုပါ စတော့ရှယ်ယာ ဈေးကစားနေသူများကို ထိရောက်စွာ အရေးယူရန် လိုအပ်မည်ဖြစ်သည်။
ရန်ကုန် စတော့အိတ်ချိန်း စတင် ဖွင့်လှစ်သည့် သုံးလအတွင်း FMI ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု တန်ဖိုးပေါင်း ၃၅ ဘီလျံကျော်နှင့် သီလဝါ ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ၁၀ ဘီလျံကျော် ရှိလာပြီး စုစုပေါင်း ၄၅ ဘီလျံကျော် အထိ ရှိလာသော်လည်း အခွန်ဆောင်ပြီးသော ငွေများ .










