နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ဇွန်လအတွင်း သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်မတိုင်မီ အာဆီယံနိုင်ငံများမှ သမ္မတနှင့် ဝန်ကြီးချုပ်အဆင့် ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။
အစိုးရသစ် လက်ထက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်ရေး လုပ်ငန်းများ ဦးစားပေး လုပ်ဆောင်လျက်ရှိရာ မြန်မာနိုင်ငံခေါင်းဆောင်များ အခြားနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ခြင်း၊ အခြားနိုင်ငံ အသီးသီးမှ ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခြင်းတို့ကို စီစဉ်ဆောင်ရွက် လျက်ရှိသည်။
မြန်မာနိုင်ငံခေါင်းဆောင်များ ထိုင်းနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်အဖွဲ့ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက "ခရီးစဉ်က စီစဉ်နေတာတော့ စီစဉ်နေပြီ။ ထွက်ဖို့ရက်လည်း သူတို့ သတ်မှတ်ပြီးပြီ။ ဒါကို အစ်မတို့ဆီကို သတင်းထုတ်ဖို့တော့ သက်ဆိုင်ရာဌာနက ဘာမှသတင်း အချက်အလက် မပေးရသေးဘူး။ ပုံမှန်ကတော့ ထိုင်းနဲ့ အစ်မတို့က အစိုးရသစ်တက်တယ် ဆိုလို့ရှိရင် အစ်မတို့ သမ္မတတို့ နိုင်ငံခြားရေးဝန်ကြီးတို့က အထူးသဖြင့် အိမ်နီးချင်းတွေကို အဓိကထားပြီး သွားပြီး မိတ်ဆက်ကြ၊ နှုတ်ဆက်ကြတယ်။ အဲဒီခရီးစဉ်ကို စီစဉ်တာပါ။ နောက်ဆိုရင် ကျန်တဲ့နိုင်ငံတွေကို စီစဉ်ဖို့ရှိပါတယ်။ ဒါက ချစ်ကြည်ရေးခရီးစဉ်ရဲ့ တစ်စိတ်တစ်ဒေသပေါ့" ဟု မေ ၃၀ ရက်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်သည့် အချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ပြီး ၎င်းတို့၏ လာရောက်ရန် ဖိတ်ကြားမှုများလည်း ရှိကြောင်း၊ ဇွန် ၂၀ ရက် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ ခရီးစဉ်ကို စီစဉ်ထားပြီး ယင်းခရီးစဉ်မတိုင်မီ အာဆီယံနှင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင်ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံခြားရေးရာ ဦးစီးဌာနမှ သိရသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်အဖွဲ့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက "လောလောဆယ် အသေးစိတ်ပြောဖို့ ခက်လိမ့်မယ်။ အဝင်က ဒီရက်ပိုင်းမှာ တော်တော်များတယ်။ ဝန်ကြီးချုပ် အဆင့်ပါတယ်။ သမ္မတအဆင့်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အဆင့်ပါတယ်။ ဥရောပကလည်း လာဖို့ရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အဆင့်ပေါ့လေ။ ဒေသတွင်းကတော့ ဝန်ကြီးချုပ်အဆင့်တို့ သမ္မတအဆင့်တို့ လာဖို့ရှိပါတယ်။ ၇၊ ၈၊ ၉ မှာ ဆိုရင် ဝန်ကြီးချုပ်အဆင့် လာဖို့ရှိတယ်။ ၄ ရက်နေ့မှာတော့ နိုင်ငံကို အတိအကျ ထုတ်ပေးဖို့ ရှိပါတယ်။ ဒေသတွင်း အာဆီယံနိုင်ငံတွေပါပဲ။ သူတို့ဆီက နိုင်ငံခြားရေးဝန်ကြီးတွေလည်း မကြာသေးခင်က လာသွားတာတွေ ရှိကြပါတယ်" ဟု မေ ၃၀ ရက်က ပြောကြားသည်။
မြန်မာနိုင်ငံသို့ မေလအတွင်းက အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး၊ စင်ကာပူနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ လာရောက်၍ မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မေ ၈ ရက်နှင့် ၉ ရက်များတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန် ချစ်ကြည်ရေးခရီး လည်ပတ်ရေး၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကဏ္ဍစုံတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးသည် လည်း မေ ၁၈ ရက်တွင် နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အနာဂတ် ကာလတွင်လည်း မြန်မာနိုင်ငံနှင့် စင်ကာပူ နှစ်နိုင်ငံအကြား မိတ်ဖက်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားနိုင်ရေး ဆွေးနွေးခဲ့သည်။
အလားတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မေ ၂၆ ရက်တွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Vu Hong Nam ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်မည့် (၉) ကြိမ်မြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေး ဖိတ်ကြားစာကိုလည်း ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီသည်လည်း မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံသို့ မေ ၂၂ ရက်တွင် လာရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ဇွန်လအတွင်း သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်မတိုင်မီ အာဆီယံနိုင်ငံများမှ သမ္မတနှင့် ဝန်ကြီးချုပ်အဆင့် ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်မည်















