ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေတွင် ဒီရေတောများဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မေ ၃၀ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေးဒရဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုက တင်သွင်းခဲ့သည်။
ဒီရေတောများသည် ကုန်းမြေနှင့် ပင်လယ်အကြားကြားခံအနေနှင့်ရှိနေပြီး လမု၊ ဓနိ၊ မဒမ၊ သမဲ့၊ ကနစိုစသည့်အပင်များ ထူထပ်စွာပေါက်ရောက်နေသော တောဖြစ်ကာ မြန်မာနိုင်ငံဒီရေတောသည် ကမ္ဘာ့ဒီရေတော၏ ၃ ဒသ မ ၃ ရာခိုင်နှုန်းရှိပြီး သတ္တမမြောက် ဒီရေတောအကျယ်ဆုံးနိုင်ငံဖြစ်ကာ စုစုပေါင်း ဧက ၁၂ သိန်းခန့်ရှိပြီး ဧရာဝတီတိုင်းတွင် ၄၆ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းတွင် ၃၇ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၁၇ ရာခိုင်နှုန်းရှိကြောင်း ဒေါက်တာဒေါ်ခင်ညိုက ပြောကြားသည်။
အဆိုပါဒီရေတောရှိခြင်း၏ အကျိုးကျေးဇူးများမှာ မြေပြိုမှုကိုကာကွယ်ပေးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်း၊ ဆူနာမီလှိုင်း စသည်တို့မှ ကာကွယ်ပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ထိန်းညှိပေးခြင်း၊ အမျိုးမျိုးသော ဇီဝမျိုးစိတ်များ၏ သားပေါက်များအား ရှင်သန်ကြီးထွားစေရန် စောင့်ရှောက်ပေးခြင်း၊ ငါး၊ ပုစွန်တို့၏ခိုနားရာနေရာဖြစ်ခြင်း၊ တိရစ္ဆာန်တို့၏စားကျက်ဖြစ်ခြင်း၊ တံငါများအတွက် ဝင်ငွေကောင်းသော အဓိကအရင်းအမြစ်ဖြစ်ခြင်း၊ အနားယူမှုနှင့် ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်သော အရင်းအမြစ်ဖြစ်ခြင်း စသည့်အကျိုးတို့ကိုရရှိစေကြောင်း ၎င်းကပြောကြားသည်။
အကျိုးများသောဒီရေတောသည် မြန်မာနိုင်ငံတွင် ယခုအခါ ဒီရေတောဖုံးလွှမ်းမှု ၁၂ ရာခိုင်နှုန်းသာရှိတော့ကြောင်း သိရပါတယ်။ ၎င်းဒီရေတောများကိုပြုပြင်ရန် အရေးတကြီး လိုအပ်နေပါတယ်။ ဒီရေတောဆုံးရှုံးရခြင်း၏
အကြောင်းရင်းမှာ . . . .
"ထိုသို့အကျိုးများသော ဒီရေတောသည် မြန်မာနိုင်ငံတွင် ယခုအခါ ဒီရေတောဖုံးလွှမ်းမှု ၁၂ ရာခိုင်နှုန်းသာရှိတော့ကြောင်း သိရပါတယ်။ ၎င်းဒီရေတောများကိုပြုပြင်ရန် အရေးတကြီးလိုအပ်နေပါတယ်။ ဒီရေတောဆုံးရှုံးရခြင်း၏အကြောင်းရင်းမှာ လောင်စာများအတွက် အလွန်အကျွံခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ဒီရေတောကိုရှင်း၍ စိုက်ပျိုးမြေလုပ်ခြင်း၊ ငါး၊ ပုစွန်ကန်များပြုလုပ်ခြင်း၊ လူနေအိမ်များထူထောင်ခြင်းတို့ကြောင့် အများဆုံး ဆုံးရှုံးရပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုက ပြောကြားသည်။
ထို့ပြင် ဒေးဒရဲမြို့နယ် မုတ္တမပင်လယ်ကမ်းခြေတွင် ယခုအချိန်အထိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောစာရင်းဝင် ဒီရေတောမရှိဟု သိရကြောင်း၊ သို့ရာတွင်လွတ်လပ်ရေးမရမီက ၁၃ မိုင်ခန့်ရှည်လျားသော ပင်လယ်ကမ်းခြေတွင် ၂၀၈၄ ဧကရှိ စားကျက်တောရှိခဲ့ပြီး ယင်းစားကျက်တော၏ ပင်လယ်နှင့်ထိစပ်နေသော ကမ်းခြေတွင် သဘာဝအလျောက်ပေါက်နေသော ဒီရေတောများရှိခဲ့သော်လည်း ၁၉၉၃-၁၉၉၄ ခုနှစ်ခန့်မှစတင်ကာ ထင်းလောင်စာအဖြစ် ခုတ်ထွင်ခြင်းနှင့် ၁၉၉၆-၁၉၉၇ ခုနှစ်မှစ၍ လယ်စိုက်ပျိုးခွင့်ပြုခဲ့ရာ ဒီရေတောများပျောက်ဆုံးခဲ့ကြောင်း ဒေါက်တာဒေါ်ခင်ညိုက ဆွေးနွေးပြောကြားသည်။
သို့ဖြစ်၍ ၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ချိန်တွင် အဆိုပါပင်လယ်ကွေ့ကမ်းစပ်ရှိ ရွာပေါင်း ၁၄ ရွာမှာ ဒီရေကာကွယ်တောမရှိခဲ့ခြင်းနှင့် ကမ်းပတ်တာ အားနည်းခဲ့ခြင်းတို့ကြောင့် ဒီရေလှိုင်းများ အတားအဆီးမရှိဝင်ရောက်ကာ အချို့ကျေးရွာများမှာ ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့ရပြီး လူအသေအပျောက်များခဲ့သည့်အပြင် ကျွဲ၊ နွား တိရစ္ဆာန်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသော်လည်း ယင်းအချိန်တွင် ဘိုကလေးမြို့ မိန်းမလှကျွန်းတွင် ထူထပ်သောဒီရေတောရှိခြင်းကြောင့် အပျက်အစီးနည်းခဲ့သည်ဟု သိရကြောင်း ဒေါက်တာဒေါ်ခင်ညိုကဆိုသည်။
ထို့ပြင် စားကျက်မြေပျောက်ဆုံးမှုကြောင့် ကျန်ရှိကျွဲ၊ နွားများ၊ ကျွဲကျောင်း၊ နွားကျောင်းလွှတ်သောအခါ စိုက်ပျိုးပင်များကိုဝင်စားရာမှ ကျွဲ၊ နွားပိုင်ရှင်များနှင့် လယ်ပိုင်ရှင်များ အချင်းများကြသည့်အခြေအနေများ၊ နာဂစ်မုန်တိုင်းနောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင် NGO အဖွဲ့များက ဒီရေတောများ လာရောက်စိုက်ပျိုးပေးကြသော်လည်း နည်းစနစ်မမှန်ခြင်း၊ စောင့်ရှောက်မှုအားနည်းခြင်း၊ မိမိအကျိုးအတွက် ရွာသားများကသစ်ပင်ခုတ်ခြင်း၊ ကမ်းပြို၍ပါသွားခြင်းကြောင့် ဒီရေတော အောင်မြင်သင့်သလောက် မအောင်မြင်သည့် အခြေအနေများကိုလည်း အဆိုရှင်က ထည့်သွင်းပြောကြားသည်။
ထိုသို့ အဆိုတင်သွင်းမှုအပေါ် လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းကထောက်ခံခဲ့ပြီး လွှတ်တော်ကလည်း အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇွန်၂ ရက်နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။















