ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမို ထိရောက်စေရန် ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေးနှင့် လုံခြုံရေး ကဏ္ဍတို့ကိုသာ ဦးစားပေး ဆွေးနွေးရန် အစိုးရဘက်က အဆိုပြုထားကြောင်း မေ ၂၇ ရက်နှင့် ၂၈ ရက်များတွင် နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသို့ တက်ရောက်ခဲ့သူများက ပြောကြားသည်။တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ယခင်အစိုးရ လက်ထက်တွင် ရေးဆွဲခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်၌ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်များနှင့် အထွေထွေ စသည့် ကဏ္ဍတို့ဖြစ်ရာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အထွေထွေ ကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍ ငါးရပ်ကို ဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း မရှိခဲ့ပေ။၂၁ ရာစု ပင်လုံညီလာခံကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်အပေါ် အခြေခံ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၇ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် UPDJC အစည်းအဝေးတွင် ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် UPDJC ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး UPDJC တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးဖြင့် ဖွဲ့စည်းထားသည်။UPDJC အတွင်းရေးမှူး အဖွဲ့ဝင် နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ် ဦးစိုင်းကျော်ညွန့်က “အဓိကကတော့ အစိုးရဘက်မှာ ပြောတာ တစ်ခုရှိတယ်။ မူဘောင်မှာ အရင်က ကဏ္ဍကြီး ခြောက်ခုပေါ့နော်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာ သဘာ၀ သယံဇာတပြီးတော့ အထွေထွေပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ပြောတာက အချို့ ကိစ္စတွေကို အသေးစိတ်ကတော့ ပညာရှင်ပိုင်း ဆန်တယ်ပေါ့နော်။ ခဏထားပြီးတော့ တချို့ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံရေး ကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍ အဲဒီလိုမျိုးဟာတွေ အရင် ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေး ညီလာခံပဲ ပြောပြော ၂၁ ရာစု ပင်လုံညီလာခံပဲ ပြောပြော အဲဒီထဲမှာ ဆွေးနွေးမယ့်ဟာ အဓိက,က နိုင်ငံရေးနဲ့ လုံခြုံရေးကို အဓိကထား ဆွေးနွေးရင် ကောင်းမယ်ဆိုတဲ့ ပုံစံ ပြောတာ ရှိတယ်။ ပြောချင်တာက မူဘောင်မှာ ပါဝင်တဲ့ အချက်အလက်တွေက ခေါင်းစဉ်ခွဲတွေ အရမ်းများရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှည်သွားမှာလည်း ကြောက်တယ်။ အဲဒီတော့ အဓိက,က အရေးကြီးတဲ့ ကဏ္ဍတွေကိုပဲ ဒီညီလာခံမှာ ဆွေးနွေးဖို့ပေါ့လေ အဲဒီ ပုံစံမျိုး ပြောတာ ရှိတယ်” ဟု မေ ၂၈ ရက်က ပြောကြားသည်။၂၁ ရာစု ပင်လုံညီလာခံကို ယခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပနိုင်ရန် အစိုးရက ဆောင်ရွက်နေရာ အဆိုပါ ညီလာခံအတွက် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း၊ ထိုသို့ သုံးသပ်ရာတွင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပါဝင်လာရေး အစိုးရက ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ကာ ဆောင်ရွက်နေကြောင်း သိရသည်။နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေး ကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍများကို ဦးစားပေး ဆွေးနွေးခြင်းသည် ကောင်းမွန်သည်ဟု ယူဆကြောင်း UPDJC တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ အကြံပေး ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ဗိုလ်မှူးကြီး ခွန်ဥက္ကာက “နိုင်ငံရေး ကဏ္ဍမှာကိုပဲ ဆွေးနွေးစရာ အများကြီး ဖြစ်နေတယ်။ လုံခြုံရေး ကဏ္ဍမှာလည်း ဆွေးနွေးစရာ အများကြီး ဖြစ်နေတယ်။ ဒါတွေကို ဦးစားပေးပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ဆွေးနွေးတာက ပိုပြီးတော့ ထိရောက်တာပေါ့ဗျာ။ ဒါမှ မဟုတ်ရင် လူမှုရေးတို့၊ စီးပွားရေးတို့၊ သဘာ၀ ပတ်ဝန်းကျင်တို့လည်း အရေးကြီးပါတယ်။ သို့သော် နိုင်ငံရေး ဆွေးနွေးပွဲ ပင်မပွဲမှာ ထည့်ဆွေးနွေးခြင်းအားဖြင့် အချိန်ကုန်ပြီးတော့ မထိရောက်မှာကို စိုးရိမ်တာပေါ့။ ဒါကြောင့် ထိထိရောက်ရောက်လေးဖြစ်အောင် ဒီနိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အရေးကြီးတဲ့ နိုင်ငံရေး ကဏ္ဍနဲ့ လုံခြုံရေး ကဏ္ဍပဲ ပါဝင်သင့်တယ်လို့ အဆိုပြုတာပါ။ ဒါကိုလည်း မူဘောင်ကို ပြန်သုံးသပ်တဲ့ အခါမှာ ထည့်သွားမှာပေါ့” ဟု မေ ၂၈ ရက်က ပြောကြားသည်။လက်ရှိ ရေးဆွဲထားသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် နိုင်ငံရေး ကဏ္ဍ၌ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား လူမျိုးများအလိုက် ခံစားသင့် ခံစားထိုက်သော လူမျိုးရေး ဆိုင်ရာ စုပေါင်းအခွင့်အရေး ကိစ္စရပ်များ၊ နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်း၊ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှု ရှိစေခြင်းနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စု အထွေထွေ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ ရွေးကောက်ပွဲ ဝင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ စသည့် အချက်များကို ဆွေးနွေးရမည့် အကြောင်းအရာများ အဖြစ် သတ်မှတ်ထားသည်။လုံခြုံရေး ကဏ္ဍတွင် ဆွေးနွေးရမည့် အကြောင်းအရာများမှာ နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေး ကိစ္စရပ်များ စသည်တို့ဖြစ်ကြောင်း နိုင်ငံရေးဆိုင်ရာ မူဘောင်တွင် ဖော်ပြထားချက်အရ သိရသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမို ထိရောက်စေရန် ၂၁ ရာစု ပင်လုံ ညီလာခံတွင် နိုင်ငံရေးနှင့် လုံခြုံရေး ကဏ္ဍတို့ကိုသာ ဦးစားပေး ဆွေးနွေးရန် အစိုးရဘက်က အဆိုပြုထားကြောင်း သိရ















