အစိုးရက ဇူလိုင်လအတွင်း ကျင်းပနိုင်ရန် ကြိုးစားနေသည့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်သော အစည်းအဝေးတစ်ခု ကျင်းပနိုင်ရေး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့်အဖွဲ့များ ကြိုးစားနေကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်၏ ပြောကြားချက်အရ သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ရှစ်ဦးဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ အစည်းအဝေးကို မေ ၂၅ ရက်က ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် ကျင်းပခဲ့ရာ တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်သည့် အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စကို ဆွေးနွေးခဲ့သည်။
PPST ကို NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် တစ်ဦးစီဖြင့် ဖွဲ့စည်းထားရာ အဖွဲ့ခေါင်းဆောင်မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးဖြစ်ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက် စစ်ဖြစ်သည်။
PPST အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်စိုးနိုင်အောင်က "ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ကတော့ လက်မှတ်မထိုးတဲ့ အဖွဲ့နဲ့ တွေ့ဖို့ ကိစ္စရယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ပင်လုံညီလာခံကို ဘယ်လိုတက်မလဲဆိုတဲ့ ကိစ္စရယ် အဲဒါပဲ။ ၂၁ ပင်လုံမတိုင်ခင် တိုင်းရင်းသားအားလုံး ဆုံစည်းတဲ့ အစည်းအဝေးတစ်ခု လုပ်ဖို့ဆိုတဲ့ သဘောထားရှိတယ်။ ဖြစ်အောင် ကြိုးပမ်းမယ်။ ကျွန်တော်တို့ ဇွန်လလောက်မှာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒါက လက်မှတ်ထိုးတဲ့ အဖွဲ့ရော လက်မှတ်မထိုးတဲ့ အဖွဲ့ရော သဘောထားတူဖို့လိုတယ်။ အားလုံးဆန္ဒရှိဖို့ လိုတယ်။ နှစ်ဖက်သဘောထား ရယူပြီးတော့ လုပ်မယ်ဆိုတဲ့ သဘောထားကျတယ်။ PPST က လာပါဆိုပြီး အဲဒီလိုမလုပ်ဘူး။ အားလုံးပါတဲ့ တိုင်းရင်းသား ညီလာခံ ဘယ်လိုလုပ်ကြမလဲဆိုတာ နှစ်ဖက်သဘောထား ယူပြီးခါမှ လုပ်တာက ပိုပြီးတော့ လက်တွေ့ကျတယ်လေ" ဟု ပြောကြားသည်။
အခြေအနေ အကြောင်းကြောင်းကြောင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိခဲ့သော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများတွင် လက်မှတ်ထိုးသည့်အဖွဲ့နှင့် မထိုးရသေးသည့် အဖွဲ့တို့ အတူတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား အားလုံးပါသည့် ညီလာခံတစ်ခု လုပ်ပြီးသည့် အခါမှသာ ၂၁ ပင်လုံညီလာခံကို ဝင်ရောက်ခြင်းက ပိုကောင်းမည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။
၂၁ ရာစု ပင်လုံညီလာခံမတိုင်မီ တိုင်းရင်းသားအဖွဲ့များ အားလုံးပါဝင်သည့် အစည်းအဝေးတစ်ခု ကျင်းပနိုင်ရေး NCA လက်မှတ်ထိုးထားသည့် အဖွဲ့များဘက်က ကြိုးစားနေသည့် ကိစ္စနှင့် ပတ်သက်ပြီး လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေအတွင်းရေးမှူး (၂) ဦးထွန်းဇော်က "လက်မှတ်ထိုးပြီးသား အဖွဲ့တွေထဲမှာ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်ရှိတယ်။ ကျွန်တော်တို့ ဒီလက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ဒီ UNFC ဘက်မှာ ဆက်သွယ်ရမယ့် ပုဂ္ဂိုလ်ရှိတယ်။ အဲဒီ ပုဂ္ဂိုလ် နှစ်ဦးကြားမှာ ပုံမှန်ဆက်သွယ်ရေးတွေ ရှိကြပါတယ်" ဟု မေ ၂၆ရက်က ပြောကြားသည်။
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကိုယ်စားလှယ်အဖွဲ့ (DEU) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် ၂၀၁၆ ခုနှစ် မတ် ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်၌ တွေ့ဆုံ၍ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဧပြီလအတွင်း ထပ်မံတွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။
NCA လက်မှတ်ထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသာ းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်ဖွဲ့(DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ ဖြစ်သည်။
NCA အဖွဲ့ဝင် အဖွဲ့အစည်းများမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း လက်နက်ကိုင်အဖွဲ့(PSLF/TNLA)၊ကိုးကန့်အဖွဲ့(MNDAA)၊ ဝအမျိုးသားအဖွဲ့ချုပ် (WNO) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ်သည်။
UNFC အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရရှိရေး ညှိနှိုင်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော်လည်း NCA တွင် တိုင်းရင်းသား အဖွဲ့အားလုံးပါဝင် လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် ညှိနှိုင်းရာတွင် ပြေလည်မှု မရရှိသောကြောင့် NCA တွင် မပါဝင်သေးသည့် အဖွဲ့များဖြစ်သည်။
အစိုးရက ဇူလိုင်လအတွင်း ကျင်းပနိုင်ရန် ကြိုးစားနေသည့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်သော အစည်းအဝေးတစ်ခု ကျင်းပနိုင်ရေး NCA လက်မှတ် ထိုးထားသည့် အဖွဲ့များ ကြိုးစားနေ















