မြန်မာ-တရုတ် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြု

မြန်မာ-တရုတ် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြု
Published 26 May 2016

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Chang Wanquan နှင့် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့သည် လေ့ကျင့်ရေးနှင့် ကာကွယ်ရေးစက်ရုံ တည်ဆောက်မှု စသည့် နယ်ပယ်များတွင် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အပြန်အလှန် ကတိပြုခဲ့ကြကြောင်း တရုတ်ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Chang Wanquan နှင့် မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့သည် မေ ၂၄ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ၁၀ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် လာအိုနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။တွေ့ဆုံမှုတွင် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Chang Wanquan က တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား ခိုင်မာ နက်ရှိုင်းသော ပြည့်စုံသည့် ဗျူဟာမြောက် ဆက်ဆံရေး တည်ဆောက်နိုင်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ အကျိုးကို ဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုကို ဖြန့်ဝေနိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ဆက်လက်ပြီး တရုတ်ကာကွယ်ရေး ဝန်ကြီးက နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အမြင်ဖလှယ်မှု၊ လေ့ကျင့်မှုနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကလည်း မြန်မာ့ တပ်မတော်၏ လေ့ကျင့်ရေးများတွင် ထောက်ပံ့မှုနှင့် ကူညီမှုများ ပံ့ပိုးပေးခဲ့သည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာ့တပ်မတော် ဘက်ကလည်း တရုတ်တပ်မတော်နှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် မြှင့်တင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ဆက်လက်ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီး နှစ်ဦးသည် တောင်တရုတ်အရေး အပါအဝင် လက်ရှိ ဖြစ်ပျက်နေသော ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများကို အပြန်အလှန် အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

Most Read

Most Recent