၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လကုန်တွင် ကျင်းပနိုင်ရန် အစိုးရက ပြင်ဆင်နေပြီး အဆိုပါ ညီလာခံအတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လာရေး ညှိနှိုင်းသွားမည် ဖြစ်ကြောင်း အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့ကိုယ်စားလှယ်များက မေ ၁၉ ရက်တွင် ပြောကြားသည်။
ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တပ်မတော် အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ရေး ကော်မတီနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များသည် မေ ၁၉ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး ပြီးနောက် နှစ်ဖက်ကိုယ်စားလှယ်များက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက "အချုပ်အားဖြင့်ကတော့ ပြင်ဆင်ထားတဲ့ ကော်မတီတွေက အခု ၂၁ ရာစု ပင်လုံညီလာ ခံဆိုတာဟာ NCA အတိုင်းပဲ ကျင်းပမှာဖြစ်တယ်။ နဂိုကလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနေရာမှာ ၂၁ ရာစု ပင်လုံညီလာခ ဆိုတာကို အမည်အားဖြင့် ပြောင်းလဲမှည့်ခေါ်တယ်ဆိုတဲ့ အနှစ်သာရကို ကျွန်တော်တို့ နားလည်ခွင့်ရပါတယ်။ နောက်တစ် ခုကတော့ လက်ရှိကျင်းပတဲ့ အချိန်မှာ လာမယ့်ညီလာခံကို ဇူလိုင်လကုန်လောက်မှာ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်ဖို့အတွက်ပေါ့။ အခုကတော့ ကျန်တဲ့လက်မှတ် မထိုးသေးတဲ့ ညီနောင်အဖွဲ့အစည်း တွေကိုလည်း လာမယ့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့အတွက် မူဘောင်ကို ရေးတဲ့အခါမှာ ပါဝင်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ လုပ်ငန်းစဉ်တွေ ပိုပြီးတော့ ပါဝင်လာအောင် ဆိုတာကိုလည်း ဆွေးနွေးဖြစ်ပါတယ်" ဟု ပြောကြားသည်။
၂၁ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ရေး ကော်မတီ၏ ရှင်းပြချက်များ အပေါ်မူတည်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့ရှစ်အဖွဲ့ အတွင်း ပြန်လည်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဦးခွန်မြင့်ထွန်းက ဆိုသည်။
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက "ညီလာခံမရောက်ခင် ညီလာခံအတွက် ပြင်ဆင်နေတဲ့ အချိန်မှာ ဒီပလက်ဖောင်းပေါ်မှာ လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေ ပါလာနိုင်တဲ့ အခွင့်အရေး ရှိတယ်" ဟု ပြောကြားသည်။
"ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ အဆင့်တိုင်းမှာ ပါဝင်သင့်တဲ့သူ ပါဝင်ဖို့ ပြောပါတယ်။ လက်ရှိကျန်တဲ့အဖွဲ့ အားလုံးပေါ့။ ဒါပေမဲ့ ဘယ်အဖွဲ့ကို ဘယ်လိုမျိုး ကျွန်တော်တို့ တွေ့ဆုံမယ် ဘယ်လိုရှင်းပြမယ်။ သူတို့ဘက်က ဘယ်လိုတုံ့ပြန်မယ်။ အဲဒီအပေါ်မှာ ဆက်ပြီး ဘယ်လိုသွားမလဲ ဆိုတာက ကျွန်တော်တို့ကို မူဝါဒပေးတဲ့အပေါ် အဲဒါက ဆက်လုပ်ကြည့်မှ သိရမယ်" ဟု ဦးလှမောင်ရွှေက ပြောကြားသည်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ပြန်လည်စုဖွဲ့ရန် UPDJC အစည်းအဝေးကို မေ ၂၇ ရက်တွင် နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လကုန် ကျင်းပနိုင်ရန် အစိုးရက ပြင်ဆင်နေပြီး ညီလာခံအတွက် နိုင်ငံရေးမူဘောင် ရေးဆွဲရာတွင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်လာရေး ညှိနှိုင်းမည်















