အာဆီယံ-ရုရှား ဆက်ဆံရေး နှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး တက်ရောက်ရန် သမ္မတ ဦးထင်ကျော် ရုရှားနိုင်ငံသို့ သွားရောက်

အာဆီယံ-ရုရှား ဆက်ဆံရေး နှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး တက်ရောက်ရန် သမ္မတ ဦးထင်ကျော် ရုရှားနိုင်ငံသို့ သွားရောက်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ဦးထွန်းမြင့်နိုင် (Asia World) နှင့် လိုက်ပါ ပို့ဆောင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ - (ဦး) ဖြိုးမင်းသိန်း Facebook)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ဦးထွန်းမြင့်နိုင် (Asia World) နှင့် လိုက်ပါ ပို့ဆောင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ - (ဦး) ဖြိုးမင်းသိန်း Facebook)
Published 18 May 2016
ငြိမ်းဇော်လင်း

အာဆီယံ-ရုရှား ဆက်ဆံရေး နှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် သမ္မတ ဦးထင်ကျော်သည် မေ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာသွားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။အာဆီယံ-ရုရှား ဆက်ဆံရေး နှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် သမ္မတ ဦးထင်ကျော်နှင့် အတူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ လိုက်ပါသွားကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။နိုင်ငံတော် သမ္မတနှင့် အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗာစီလီဘီပေါ့စ်ပီလော့ဗ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ထိပ်သီး အစည်းအဝေးကို ရုရှားနိုင်ငံ ဆိုချီမြို့၌ မေ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးတွင် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုအား ပိုမို မြှင့်တင်ရန် အပါအဝင် အနာဂတ် ကာလတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နည်းလမ်းများကိုလည်း ဆွေးနွေးသွားရန် ရှိကြောင်းနှင့် မိတ်ဖက် ဆက်ဆံရေး၊ နိုင်ငံရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်သည့် ဆိုချီ ကြေညာချက်ကို ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။ခရီးစဉ်အတွင်း မြန်မာ-ရုရှား နှစ်နိုင်ငံ ခေါင်းဆောင်များ သီးခြားတွေ့ဆုံရန် အစီအစဉ် ရှိ မရှိနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က “Bilateral ကိစ္စကတော့ တောင်းထားတာတွေတော့ ရှိတယ်။ ရုရှားဘက်က အဆင်ပြေတဲ့ အချိန်အပေါ် မူတည်ပြီးတော့ တွေ့ဖို့ ရှိကောင်း ရှိပါမယ်” ဟု ပြောကြားသည်။အာဆီယံ-ရုရှား မိတ်ဖက် ဆက်ဆံရေးသည် ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့ပြီး ရုရှားနိုင်ငံသည် အာဆီယံ၏ Treaty of Amity and Cooperation in Southeast Asia (TAC) သို့ ၂၀၁၄ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီးနောက် ပထမအကြိမ် အာဆီယံ-ရုရှား ထိပ်သီး အစည်းအဝေးကို ၂၀၀၅ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် လည်းကောင်း၊ ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးကို ၂၀၁၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။ယခု ခရီးစဉ်သည် သမ္မတ ဦးထင်ကျော်၏ သမ္မတ သက်တမ်းအတွင်း ဒုတိယမြောက် ပြည်ပ ခရီးစဉ်တစ်ခု ဖြစ်သည်။သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် ဇနီး မစ္စခမ်မွမ်းဂ်ဗိုရာချစ်တို့၏ ဖိတ်ကြားချက်အရ မေ ၆ ရက်က လာအိုနိုင်ငံသို့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါ လိုက်ပါသွားခဲ့ပြီး ယခု ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါခြင်း မရှိကြောင်း သိရသည်။       

Most Read

Most Recent