အမေရိကန်၏ အရေးယူပိတ်ဆို့မှု သက်တမ်း တိုးမြှင့်လိုက်ခြင်းသည် ကြီးမားသည့် ပြဿနာတစ်ခု မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံကို ထိခိုက်လိမ့်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမေရိကန်၏ အရေးယူပိတ်ဆို့မှု သက်တမ်း တိုးမြှင့်လိုက်ခြင်းသည် ကြီးမားသည့် ပြဿနာတစ်ခု မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံကို ထိခိုက်လိမ့်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 18 May 2016
ငြိမ်းကို

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု သက်တမ်းတိုးမြှင့် လိုက်ခြင်းသည် ကြီးမားသည့် ပြဿနာတစ်ခုမဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံကို ထိခိုက်လိမ့်မည် မဟုတ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က မေ ၁၈ ရက်တွင် ပြောကြားခဲ့ကြောင်း  Channel News Asia သတင်းဌာနက ဖော်ပြခဲ့သည်။
 
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နှင့် ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲ၌ Channel News Asia သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့သည်။
 
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူပိတ်ဆို့မှု သက်တမ်းအား တစ်နှစ်တိုးမြှင့်ခြင်းကို မေ ၁၇ ရက် က ထုတ်ပြန်ကြေညာခဲ့သည်။ သို့ရာတွင် အမေရိကန်အစိုးရသည် ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံပိုင်ဘဏ်အချို့နှင့် စီးပွားရေးလုပ်ငန်း အချို့ကို တစ်သီးပုဂ္ဂလ ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု  (SDN) အောက်မှ ဖယ်ရှားပေးခဲ့သည်။
 
အမေရိကန်၏ အရေးယူပိတ်ဆို့မှု သက်တမ်းတိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ၎င်း၏ သဘောထားကို Channel News Asia သတင်းဌာနက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က “တစ်စုံတစ်ရာ အကြောင်းပြချက် တစ်ခုကြောင့်သာ အရေးယူပိတ်ဆို့မှုတွေ ဆက်ရှိနေတာပါ။ အချိန်တန်ရင်တော့ အဲဒီအကြောင်းပြချက်တွေ ဖယ်ရှားသွားမှာပါ”ဟု ဖြေကြားသည်။
 
ဆက်လက်ပြီး ၎င်းက “ဒါဟာ (အရေးယူပိတ်ဆို့မှု သက်တမ်းတိုးခြင်း) ပြဿနာကြီး တစ်ခုမဟုတ်သလို ကျွန်မတို့ (မြန်မာနိုင်ငံ) ကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒီအချိန်မှာ အရေးယူပိတ်ဆို့မှု သက်တမ်းတိုးခြင်းသာမက ဘယ်အတားအဆီးတွေပဲ ဖြစ်ဖြစ် ကျော်ဖြတ်ဖို့ ကျွန်မတို့မှာနည်းလမ်းတွေ၊ ခွန်အားတွေ ရှိပါတယ်”ဟု ပြောကြားသည်။ 
 
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်း တစ်ဦးဖြစ်ပြီး ယင်းအတိုင်းပင် ဆက်လက်ရှိနေမည်ဟု ပြောကြားသည်။
 
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ခြင်း၊ တစ်သီးပုဂ္ဂလ ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု (SDN) အောက်တွင် ထားရှိသော စီးပွားရေးလုပ်ငန်းများ ပြင်ဆင်သတ်မှတ်ခြင်း၊ ထိုပစ်မှတ်ထား အရေးယူပိတ်ဆို့မှုအောက်တွင် ရှိနေသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား ဖယ်ရှားသတ်မှတ်ခြင်းတို့ကို မေ ၁၇ရက် က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်အရ နိုင်ငံတော်ပိုင် လုပ်ငန်းခုနစ်ခု ဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၃) သတ္တုတွင်းလုပ်ငန်းနှင့် သမဝါယမပို့ကုန်သွင်းကုန် လုပ်ငန်းတို့ကို SDN စာရင်းထဲမှ ဖယ်ရှားပေးခဲ့ သည်။ ထို့ပြင် SDN စာရင်းထဲမှ နိုင်ငံတော်ပိုင် ဘဏ် သုံးခုဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့ကိုလည်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
 
SDN စာရင်းတွင် ပါဝင်နေသည့် အင်းဝဘဏ်နှင့် မြဝတီဘဏ်တို့ကို မြန်မာနိုင်ငံအတွင်းမှ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းရပ်များ လုပ်ကိုင်ဆောင်ရွက်မှုများကို ခွင့်ပြု ပေးထားသည့် အထွေထွေလိုင်စင်တွင် ထည့်သွင်းဖြည့်စွက်လျက် ရှိကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
 
သို့ရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြု ပြင်ပြောင်းလဲမှုကို အဟန့်အတားဖြစ်စေသူများ၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အလွဲသုံးစားပြုလုပ် ကျူးလွန်သူများ သို့မဟုတ် မြောက်ကိုရီးယားနှင့်  စစ်ရေးကူးသန်းမှုတွင် ဆက်နွှယ်နေသူများကို ပစ်မှတ်ထား ချမှတ်ထားသည့် SDN စာရင်းတွင် ပါဝင်သော ပုဂ္ဂိုလ်များက ရာခိုင်နှုန်း ၅၀ နှင့်အထက် ပိုင်ဆိုင်သော ကုမ္ပဏီများကို SDN စာရင်းအတွင်းသို့  ဖြည့်စွက် ထည့်သွင်းလိုက်ကြောင်း ကြေညာချက်တွင် ပါရှိသည်။ SDN စာရင်း တွင် ပါဝင်သည့် စတီဗင်လော (ဦးထွန်းမြင့်နိုင်) နှင့် သူ၏ Asia World စီးပွားရေးလုပ်ငန်းစုက ရာခိုင်နှုန်း ၅၀ နှင့်အထက် ပိုင်ဆိုင်မှုရှိသော ကုမ္ပဏီများအဖြစ် Asia Mega Link Services Co., Ltd., Pioneer Aerodrome Services Co., Ltd., Green Asia Services Co., Ltd. နှင့် Global World Insurance Co., Ltd. တို့ကို ဖော်ထုတ်သိရှိပြီး Shwe Nar Wah Co., Ltd.  မှာလည်း စတီဗင်လော (ဦးထွန်းမြင့်နိုင်) နှင့် သူ၏ Asia World စီးပွားရေးလုပ်ငန်းစုက ရာခိုင်နှုန်း ၅၀ နှင့် အထက် ပိုင်ဆိုင်ကြောင်း ဖော်ထုတ်သိရှိရသည့်အတွက် အဆိုပါ ကုမ္ပဏီများကို SDN စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 
 
 
 

Most Read

Most Recent