KNU ပိုင်သူးလေ ကုမ္ပဏီက ဘောကထ ရေအားလျှပ်စစ် စီမံကိန်း ဖြစ်နိုင်ခြေ အကြိုစမ်းသပ် အစီရင်ခံစာအတွက် ဒေသခံများအား တွေ့ဆုံရှင်းလင်းမှု အပါအဝင် လေ့လာမှုများ စတင်

KNU ပိုင်သူးလေ ကုမ္ပဏီက ဘောကထ ရေအားလျှပ်စစ် စီမံကိန်း ဖြစ်နိုင်ခြေ အကြိုစမ်းသပ် အစီရင်ခံစာအတွက် ဒေသခံများအား တွေ့ဆုံရှင်းလင်းမှု အပါအဝင် လေ့လာမှုများ စတင်
Published 15 May 2016

ကရင်အမျိုးသား အစည်းအရုံး (KNU) ပိုင်သူးလေ ကုမ္ပဏီက ဘောကထ ရေအားလျှပ်စစ် စီမံကိန်း ဖြစ်နိုင်ခြေ အကြိုစမ်းသပ် အစီရင်ခံစာအတွက် ဒေသခံများအား တွေ့ဆုံ ရှင်းလင်းမှု အပါအဝင် လေ့လာမှုများ စတင်ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။ကရင်အမျိုးသား အစည်းအရုံး KNU မှ ဗဟိုစီးပွားရေး ကော်မတီ ဥက္ကဋ္ဌ စောတာဒိုမူးက “လောလောဆယ် ကျွန်တော်တို့ ပထမဆုံး အဆင့်ကတော့ အကြိုလေ့လာ စမ်းသပ်မှု အဆင့်ပေ့ါ။ နောက် Site ထဲမှာ သွားကြည့်ပြီးတော့ အနေအထားကို  လေ့လာတဲ့ အဆင့် ပထမ အဆင့်ပေါ့။ ဒေသခံ လူထုနဲ့ တွေ့တယ်။ လူထုနဲ့ စကားပြောတယ်။ သူတို့ရဲ့ အမြင်တွေကို နားထောင်တယ်။ ပထမ ဒီအဆင့် ရှိတာပေါ့နော်။ မနေ့ကပဲ ကျွန်တော်တို့ ရှင်းလင်းပွဲလေးတွေလည်း လုပ်တယ်ပေါ့။ ဒီနေ့ကတော့ ပညာရှင်တွေ အဖွဲ့က အဲဒီ ချောင်းရိုး တစ်လျှောက်ကို ပထမဆုံးအဆင့် သွားပြီးတော့ လေ့လာတဲ့ ပုံစံမျိုးတွေ စပြီး လုပ်ပါတယ်။ အဲဒီအဆင့် ပြီးရင် လူထုကို ပြန်ပြီးတော့ ရှင်းပြမယ်။ အဲဒီလိုမျိုး ရှိပါတယ်” ဟု ပြောကြားသည်။ဦးသိန်းစိန် အစိုးရ လက်ထက်က ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ဘောကထ ချောင်းပေါ်၌ တည်ဆောက်မည့် ဘောကထ ရေအားလျှပ်စစ် စီမံကိန်းအား B.O.T စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် သူးလေ ကုမ္ပဏီလီမိတက်တို့အကြား နားလည်မှု စာချွန်လွှာ MoU လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အကြိုစမ်းသပ် လေ့လာမှုများကို အဆင့် နှစ်ဆင့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကာ ပထမအဆင့် ရှစ်လတွင် ဒေသခံများနှင့် တွေ့ဆုံမှုများ၊ အခြား သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ၊ ဒေသဆိုင်ရာ စမ်းသပ်လေ့လာမှုများ ပါဝင်ကြောင်း စောတာဒိုမူးက ပြောကြားသည်။“လူထုကတော့ ဒီအရာ အပေါ်မှာ လိုလိုလားလား လက်ခံတဲ့ သူတွေ ရှိသလို၊ ကြောက်တတ်မှုကို ဖော်ပြတဲ့ လူမျိုးတွေလည်း ရှိပါတယ်။ ဝန်ကြီးဌာနနဲ့ အပိုင်းကတော့ ကျွန်တော်တို့ နဂိုကတည်းက အရင် အစိုးရ လက်ထက် MoU ထိုးထားတဲ့ အခြေခံ အပေါ်မှာ မူတည်ပြီးတော့ လုပ်နေတယ်။ အခု ဝန်ကြီးဌာနကလည်း ဘာမှ ညွှန်ကြားချက် ထွေထွေထူးထူး လာတာမျိုးလည်း မရှိပါဘူး။ ဆိုတော့ ကျွန်တော်တို့ ဒီ Process အတိုင်းပဲ ဆက်သွားနေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ကရင် အမျိုးသား အစည်းအရုံး KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ် ရေးထိုးခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့တွင် ပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။NCA အနေဖြင့် အပစ်အခတ် ရပ်စဲရေး ကာလအတွင်း မိမိတို့၏ အခြေခံနယ်မြေများ အတွင်းသို့ ဝင်ရောက် လုပ်ကိုင်လာနိုင်ခြေ ရှိသည့် စီးပွားရေး လုပ်ငန်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်လျှောက်တွင် ကြုံတွေ့ရနိုင်သည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်းနှင့် ဒေသခံများ၏ ဆန္ဒ သဘောထားကို မျက်ကွယ်ပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်နိုင်သည့် မည်သည့် လုပ်ရပ်ကိုမှ လုပ်ဆောင်မည် မဟုတ်ဘဲ ဒေသခံများ ပါဝင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် အကျိုးစီးပွား မျှဝေခံစားနိုင်ခွင့်တို့ကို အာမခံပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနှင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုတို့ကို သိရှိနိုင်မည့် နိုင်ငံတကာ အဆင့်မီ စမ်းသပ်လေ့လာမှု ဖြစ်ရေးကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း KNU က ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ထားသည်။ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့် အကွာ ဘောကထချောင်းပေါ်၌ တည်ဆောက်မည့် ဘောကထ ရေအားလျှပ်စစ် စီမံကိန်းသည် တည်ဆောက်ပြီးစီးပါက စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၆၀ ထွက်ရှိမည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent