ပန်းကလေးများပါပဲ ဆရာတို့ရယ်

ပန်းကလေးများပါပဲ ဆရာတို့ရယ်
ညောင်ဦးမြို့တွင် ဧပြီ ၂၉ ရက်က ပြုလုပ်သော ၂၀၁၆ ခုနှစ် အဋ္ဌမတန်း ဘက်စုံပညာထူးချွန် လူငယ် အပန်းဖြေစခန်း(ပုဂံ) ဖွင့်ပွဲ အခမ်းအနားတွင် လူရည်ချွန် မောင်မယ်များအား  တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်၊ ပုဂံ)
ညောင်ဦးမြို့တွင် ဧပြီ ၂၉ ရက်က ပြုလုပ်သော ၂၀၁၆ ခုနှစ် အဋ္ဌမတန်း ဘက်စုံပညာထူးချွန် လူငယ် အပန်းဖြေစခန်း(ပုဂံ) ဖွင့်ပွဲ အခမ်းအနားတွင် လူရည်ချွန် မောင်မယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်၊ ပုဂံ)
Published 4 May 2016
ရဲထွတ်နီ

“ကိုယ်တို့ လူ့ဘုံခန်းအလယ် × ×အငယ်မွေးစ × × အခက်အလက် အတောင်ရယ်မစုံကြသေးသော × × အရွယ်တွေမှကွယ်လူလားမြောက်သည့် × အထိသို့ သာရယ်ရာသက်တိုင်သာ တကယ် × ×အောင်မြင်လိုသော × × ဆန္ဒတွေဟာ အမြဲအတိအကျသာလည်း × × ရှိကြလျက်ပါကွယ်”ကျောင်းနေပညာ သင်ယူသူ လူငယ်တွေ အောင်မြင်ချင်ကြသည်။ မိုးပြာရောင် အင်္ကျီ လက်ရှည်၊ မိန်းကလေးများက လက်စက။ အပြာရင့်ရောင် ဘောင်းဘီရှည်၊ မိန်းကလေးများက ထဘီလည်း ရှိသည်။ သံပရာခွံ ဦးထုပ် အဖြူ။ မူလ လူရည်ချွန်များ၏ ဝတ်စုံကဲ့သို့ပင် ဝတ်စုံကလေးများ ဝတ်ဆင်ထားကြလျက် ဘက်စုံပညာ ထူးချွန် ကျောင်းသား ကျောင်းသူ ကလေးများ၏ စခန်းထွက်ကြသည့် သတင်းများက စိတ်ကို လန်းဆန်းစေပါသည်။သူတို့သည် အတန်းအဆင့်အလိုက် ထူးချွန်ဆုကို ဆွတ်ခူးနိုင်ကြပြီ။ အောင်မြင်မှု တစ်ခုကို ရကြပြီ။ ဆုပေးသည့် လုပ်ငန်းကို မှတ်တမ်း တင်ပါသည်။ ဆုရသူများ အတွက်လည်း ဂုဏ်ယူပါသည်။ သူတို့ ကလေးတွေကို မြင်ရသူတို့ပင်လျှင် ဝမ်းသာပီတိ ဖြစ်ကြရ၍ သူတို့ ကိုယ်တိုင်၊ သူတို့မိဘနှင့် သူတို့၏ ဆရာတို့ အဖို့မူ အထူး ဆိုနေစရာ မရှိ။ယှဉ်ပြိုင်စေလျက် ဆုအဆင့် ရွေးချယ် ပေးအပ်သည်မှာ ကန့်သတ်ချက်နှင့် ဖြစ်ပါသည်။ သတ်မှတ်စံနှင့် ကိုက်ညီသော ကန့်သတ်ဆု အရေအတွက်အတွင်း ဝင်ရောက်အောင် ထူးချွန်လျှင် ဆုရပါသည်။ယှဉ်ပြိုင်မှုက အမြဲရှိနေပြီး ဆုအဖြစ် ရွေးချယ် ချီးမြှင့်မှုကလည်း အမြဲရှိနေပါလျှင် ဆုရှင်များလည်း အစဉ်အမြဲ ပေါ်ထွက်နေမည် ဖြစ်သည်။နှစ်တစ်နှစ်တွင် လူရည်ချွန် ကျောင်းသူ ကလေး သုံးလေးဦးတို့သည် စခန်းတစ်ခုတွင် ဆုံခဲ့ကြသည်။ နောက်နှစ်တွင်လည်း သူတို့တွေသည် ဆုဆက်လက် ရရှိခဲ့ကြ၍ ဆုံခဲ့ကြပြန်သည်။ တတိယနှစ်တွင် သုံးထပ်ကွမ်းများ အဖြစ် ဆုံကြရလျှင် သူတို့သည် အလွန်ပျော်ရွှင် ကြရတော့မည်။ ကြိုးစားမှုကြောင့် သူတို့သည် ဖြစ်လည်း ဖြစ်နိုင်သည်။ မျှော်လင့်ခဲ့ကြသည်။သို့သော် ထိုနှစ်တွင် ဆုရသူများ အမည်စာရင်းကို ထုတ်ပြန် ကြေညာသောအခါ သူတို့ တွဲဖက်ထဲမှ တစ်ယောက်သူ ကလေးမှာ ပဲ့ကျန်ခဲ့လေသည်။ တိုက်ဆိုင်သည်မှာ ထိုနှစ်တွင် နယ်လှည့် လူရည်ချွန်စခန်း အစီအစဉ်သည် ထိုပဲ့ကျန်ခဲ့သူ ကျောင်းသူကလေး၏ မြို့သို့လည်း ခရီးရောက်ခဲ့ကြခြင်း ဖြစ်သည်။ မြို့သို့ရောက်လျှင် သူ့သူငယ်ချင်းများက သူ့ကို တွေ့ချင်ကြသည်။ သူလာခဲ့လျှင် သူ့ကို အားပေးစကား ပြောကြမည်။ သူဝမ်းနည်းနေမလား။ လာမှလာပါ့မလား။ တွေးနေခဲ့ကြသည်။ထိုကျောင်းသူကလေး တကယ်ပင် ရောက်လာပြီး သူငယ်ချင်းများကို နှုတ်ဆက်ပါသည်။ အားပေးစကားပြောသူ တချို့ မျက်နှာ မကောင်းကြသည်ကို သူကပင် ပြန်၍ ဖြေသိမ့်ပေးလိုက်သေးသည်။ သူ့ကိုယ်သူ သိကြောင်း ပြောဆိုကာ “မှန်မှန်ကန်ကန် တရား မျှမျှတတ ယှဉ်ပြိုင်ကြတဲ့အခါ ဆုဆိုတာဟာ ကိုယ်ကသာလျှင် ကိုယ်ရမယ်၊ ကိုယ့်ထက် သာတဲ့သူ ရှိလာရင် အဲဒီ သာတဲ့သူကပဲ ဆုကို ရမှာပေါ့၊ ကိုယ် ဝမ်းမနည်းပါဘူး သူငယ်ချင်းတို့ရယ်...” ဟူသော စကားကို ပြောဆိုခဲ့သည်။ ဆုလိုချင်ကြတာ မှန်ပေမယ့် ဆုမရခဲ့လျှင် ဝမ်းမနည်းကြပါနှင့်တဲ့။သူ့စကားကို ကြားရတော့ အားလုံးလည်း အသိ ပြန်ဝင်ခဲ့ကြပါသည်။ ဆုရဖူးသည့် အတွေ့အကြုံ ရှိခဲ့ပြီး ဆက်လက်ကြိုးစား ပြိုင်ပွဲဝင်သည့်တိုင်အောင် သူ့ထက်ပိုမို ကြိုးစား အားထုတ် ထူးချွန်သူ ပေါ်လာခဲ့လျှင် အရေအတွက် အကန့်အသတ်ရှိသော ဆုသည် ထိုသူလက်သို့ ရောက်ရမှာ အမှန်ပဲဖြစ်သည်။ လူရည်ချွန် စီမံကိန်း တစ်နှစ်ပြီး တစ်နှစ် ဆောင်ရွက်ခဲ့စဉ် ထိုသို့သော အဖြစ်မျိုးတွေ ရှိခဲ့ဖူးသည်။ယှဉ်ပြိုင်မှုဖြင့် ရွေးချယ်ပွဲတွင် ထူးချွန်သူ.. ထို့ထက်ပို၍ ထူးချွန်သူတို့သည် ဆုတွေနှင့် မိတ်ဖွဲ့ရတတ်သလို လောက၌ အောင်မြင်ချင်း အတူတူ ပိုမြတ်သည့် အောင်မြင်ခြင်း ရှိသည်ကို စန္ဒရား ဦးထွန်းညွန့်က သီချင်းသွားဆို ပြထားခဲ့ပြီ ဖြစ်ပါသည်။‘ဒီဆန္ဒ ပြီးမြောက်ဖို့ရယ် × ×တစ်ဦးနဲ့ တစ်ဦး × × တူပြိုင်လျှောက်သောလမ်းချင်းကဖြင့် × × မတူညီလေကြတယ်တချို့တော့လည်း × × သာယာဟန်ကျဒီအမိ ဒီအဖ × × ဓနအင်အားတည်ထားလို့ကွယ်အောင်မြင်ခြင်း ဒီလမ်း × × ကြမ်းသည် ဆိုသော်လည်းရွှေခဲငွေခဲ ခင်းကာကြဲလို့ × ×အောင်မြင်ခြင်းသို့ ဦးစွာ ရောက်ကြတယ်’အမှန်ပါပင်။ ပညာကို လိုသည်ဆို၍ .. ပညာထူးချွန်အောင် ဆို၍ ယနေ့ မျက်မှောက်တွင် မိဘတို့က သားသမီးတို့ကို ရွှေလမ်းငွေလမ်း ခင်းကာ ပညာ သင်ပေးနေကြသည်။ ထို သားသမီးတို့မှာ သာယာဟန်ကျသည်။ ထူးချွန်လိုစိတ် ရှိခဲ့ပါမူ အသာကလေး ကိုယ်က ကြိုးစားရုံသာဖြစ်သည်။ သည်လိုဖြင့် အောင်မြင်မှုလည်း ရတတ်ကြပါသည်။တချို့တချို့ကတော့ ထိုသို့ မဟုတ်။ အမိ အဖနှင့် မိသားစုတို့၏ ဘဝက ဓန မပြည့်စုံ။ အမိမရှိ အဖမရှိ ရှိတတ်ကြသလို ရှာရင်းဖွေရင်းက ဆင်းရဲတွင်းနွံမှာ နစ်နေတတ်ကြသည်။ အများစုကြီး ဆင်းရဲကြသည့် အထဲက ကျောင်းနေပညာ သင်ကြရသူ ကလေးများအဖို့ ထူးချွန်အောင်မြင်ကြရန် မည်မျှခက်ခဲ ကြိုးစားအားထုတ် ကြရလေမည်နည်း။ သိနိုင်လောက်စရာ သီချင်း ဖွဲ့ထားပါသည်။“ကိုယ့်မှာတော့ × × သည်သို့သာလည်း × ×မဟုတ်ရပါတယ် × × ဓနအင်အား နောက်ခံထားရာမရှိလာတော့ × × ကြမ်းလှပါတယ် × ×ဒီခရီးလမ်းကို × × ချွေးအစက်အစက်ချောင်းလျှံထွက်သည့် ပမာသို့နှယ်”ဒီကနေ့ခေတ် ကျူရှင် မယူနိုင်သေးဘူး ဆိုလျှင်.. ဝိုင်းတို့ ဘော်ဒါတို့ ဘာသာစုံ ဂိုက်တို့ကို မယူနိုင်ဘူး ဆိုလျှင် ထူးချွန်အောင်မြင်လိုစိတ်ရှိသည့် ကလေးတစ်ယောက် မည်သို့လျှင် ထူးချွန် အောင်မြင်နိုင်ပါ့မည်နည်း။သီချင်းထဲမှာတော့ ချွေးများက ချောင်းလျှံထွက်သည့် ပမာနှယ် ကြိုးစားရသည် ဆိုသည်။ဟိုယခင် ဟိုယခင် ကာလများတုန်းကတော့ မိဘ၊ မိသားစု၏ အလုပ်ဖြစ်သည့် မနက်ခင်း ထန်းတက်ပေးပြီး.. ဈေးကူရောင်းပေးပြီး.. စက်ကူချုပ်ပေးပြီး၊ ကျောင်းတက်ကာ ကိုယ်ထူကိုယ်ထ ကြိုးစားကြသဖြင့် ထူးချွန်အောင်မြင်သူ.. ဂုဏ်ထူးတွေ ထွက်သူတွေ ရှိခဲ့ပါသည်။ဘာကြောင့်လဲဆိုလျှင် သူတို့ ကိုယ်တိုင် ကြိုးစားသလို ကျောင်းကဆရာတို့ကလည်း တကယ် သင်ပေးခဲ့လို့ဟူသော ထိုအဖြေ ထွက်ပါသည်။ ထို့ကြောင့် ဥစ္စာ ရှိသူတို့က ရှိသလောက် ငွေကုန်ခံ သင်ယူနေကြသည့်တိုင် သူတို့လို မတတ်နိုင်ကြသူများ.. ကျောင်း(နေ့ကျောင်း)ကိုသာ အားကိုးနေကြသူ ကလေးများ ထူးချွန် အောင်မြင်ဖို့ကတော့ ကျောင်းမှ ဆရာ ဆရာမများသည် မခွဲမခြား စေတနာထားကာ ကြိုးစားဖြည့်ဆည်း သင်ကြားပေးကြမှ ဖြစ်ပါမည်။ တစ်တိုင်းပြည်လုံး ဆင်းရဲနေကာမှ၊ ကျောင်းတစ်ကျောင်းလုံးတွင် ငွေကြေးဥစ္စာ ရှိသူ တတ်နိုင်သူတို့က ထူးချွန် အောင်မြင်နေကြသည်ကို ဆရာတို့ နှစ်မြို့နေကြပါသလား.. ဟု မေးချင်ပါသည်။ ဓနငွေ မရှိရှာသော်လည်း အလားအလာ ရှိသူ.. လိုချင် အားကျစိတ်ဖြင့် ကြိုးစားချင်သူ.. စိတ်အားငယ်နေသူတို့ကို ဖေးကူထူမ မပြုချင်ကြရန်ကော။ သင့်တော်ပါရဲ့လား..။ ပိုက်ဆံ ချမ်းသာသူရော၊ မချမ်းသာသူတို့ အထဲကပါ ထူးချွန်ဆုရှင်တွေ သူ့ထက်ငါကောင်း အပြိုင်အရိုင်း ပေါ်ထွက်ကြလျှင် အတိုင်းထက်အလွန်၊ ဆရာ၊ မိဘ၊ ကျောင်းသားတို့၏ အောင်မြင်မှု ဖြစ်လိမ့်မည်ဟု မျှော်တွေးမိပါသည်။လူရည်ချွန် စီမံကိန်းဖြင့် ရွေးချယ်ချီးမြှင့်ခဲ့စဉ် ဆုဆွတ်ခူးလာကြသူများတွင် သာမန် မိဘဖြစ်သူ၏ ကာယလုပ်အားဖြင့် အသက်မွေးဝမ်းကျောင်းရကာ ပညာသင်ခဲ့သူ၊ လယ်ထဲယာထဲ ကိုင်းထဲ အလုပ်လုပ်ရသူတို့၏ သားသမီးများလည်း လူရည်ချွန် ဖြစ်လာခဲ့ကြတာ ရှိသည်။ အဝတ်အစား ကောင်းကောင်း မဝတ်ရလျှင် နေပါစေ၊ မုန့်ဖိုးထဲမှစုကာ စာအုပ်ဝယ်ဖတ်ရဖို့ ကျွန်တော့်စိတ်ထဲ အမြဲထားပါသည်ဟု ခံယူကာ ကြိုးစားခဲ့သော တိုင်းရင်းသား လူငယ်လည်း ထပ်ကွမ်း ဖြစ်ခဲ့တာ ရှိသည်။ လူရည်ချွန်များ၏ လူတန်းစား ဘဝအခြေအနေကို ပညာရေး သုတေသန အဖွဲ့က သုတေသန ပြုတော့ မိဘ၏ ဓနဖြင့်၊ ရာထူး အရှိန်အဝါဖြင့် ဆုရကြခြင်းမျိုး မဟုတ်ဘဲ သာမန် လူလတ် အများစု မိဘတို့မှ မွေးဖွား ဆင်းသက်ကာ ကိုယ်တိုင်ကြိုးစား အားထုတ်မှုများဖြင့် ဆုရရှိခဲ့ကြကြောင်း ရလဒ်ရှိခဲ့သည်ဟု မှတ်သားဖူးပါသည်။“ဘယ်သို့ အန္တရာယ် ရှိသော်လည်းအားနဲ့မာန်ကို အတူတူတွဲလို့ကြမ်းသော လမ်းမှ × × ကိုယ်လျှောက်ခဲ့ပါတယ် × ×သို့သော် နှစ်ဦး × × ပြန်လည်ဆုံတွေ့ တစ်နေ့မှာကွယ် × ×အောင်မြင်ချင်း အတူတူ × × ဘယ်သူမြတ်သည်လဲ × ×ဘယ်သူ မြတ်သည်လဲ × × အောင်မြင်ချင်း အတူတူဘယ်သူမြတ်သည်လဲ × ×”မြန်မာ့အသံ ရေဒီယိုခေတ်မှာ အလွန် နှစ်ခြိုက်၊ လူကြိုက်များခဲ့သော သီချင်းတစ်ပုဒ် ဖြစ်ပါသည်။ စန္ဒရား ဦးထွန်းညွန့်၏ အသံနှင့် ဆိုဟန်နှင့် တေးသွားမှာ အလွန်လိုက်ဖက်ကာ နားထောင်ကောင်းလှသည်။ ကိုယ့်ဘ၀ ခံစားချက်နှင့် စပ်ဟပ်ပြီးတော့လည်း နှစ်သက်ခဲ့ရသည်။ဆင်းရဲသူနှင့် ချမ်းသာသူ။ခရီးလမ်း အတူတူမှာ လျှောက်လှမ်းခဲ့ကြရင်းအောင်မြင်မှုချင်း တူခဲ့ပါလျှင်ဘယ်သူက ပိုမြတ်ပါသလဲ တဲ့..။ မေးခွန်း ထုတ်ပါသည်။ ကျောင်းဝန်းပရဝဏ်မှာ ရှိနေကြသည့် ‘ဆရာတို့’ ဖြေဆိုသင့်ကြပါသည်။စကားစပ်သဖြင့် တစ်ခု ပြောချင်ပါသေးသည်။လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့၏ ရွှေရတု မိတ်ဆုံစားပွဲညကို တက်ရောက်ခွင့် ကြုံတော့ ညစာ စားပွဲမှာ ဆုချီးမြှင့်ခံရမည့် ဘက်စုံထူးချွန် ကျောင်းသားကျောင်းသူ ၁၀ ဦးကိုလည်း တွေ့ဆုံခဲ့ရသည်။ စားပွဲချင်း နီးသဖြင့် သူတို့ကို သွားမိတ်ဖွဲ့ရင်း.. ဘယ်ကျောင်း ဘယ်ကျောင်းတွေကနေပြီး ‘ဘက်စုံထူးချွန်’ ရလာတာလည်းမေးတော့ သူတို့က ပြောသည်မှာ ပုဂ္ဂလိကကျောင်း နာမည်တွေကိုသာ ဖြေနေသည်။ မဟုတ်ဘူးလေ.. ဘယ်မှာ ကျောင်းစနေခဲ့လဲ.. အစိုးရကျောင်းကို..ဆိုတော့မှ ထုတ်ပြောလာတာ ရှိခဲ့သည်။ ပုဂ္ဂလိက ကျောင်းတွေကလည်း နာမည်ကောင်းကို အလွန်လိုချင်..၊ ကလေးများကရော ကိုယ့်မိခင်ကျောင်း၏ အမည်ကိုပင် ထုတ်မပြောချင်ကြတော့ပြီလား..ဟု စိတ်ထဲ ခံစားမိတော့သည်။ပညာ လောကကို ပြုပြင်ကြမည် ဆိုရာတွင်..သည်လို အခြေအနေမျိုးကိုလည်း ထည့်သွင်း စဉ်းစားပါဦးဟု ဆိုချင်တော့သည်။