တပ်မတော်နှင့် AA အဖွဲ့တို့ အကြား တိုက်ပွဲများ အမြန်ဆုံး ရပ်စဲရန်နှင့် AA အဖွဲ့ကို နိုင်ငံရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို အမျိုးသားလွှတ်တော်တွင် တင်သွင်း

တပ်မတော်နှင့် AA အဖွဲ့တို့ အကြား တိုက်ပွဲများ အမြန်ဆုံး ရပ်စဲရန်နှင့် AA အဖွဲ့ကို နိုင်ငံရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို အမျိုးသားလွှတ်တော်တွင် တင်သွင်း
Published 2 May 2016
စိုးမင်းထိုက်

တပ်မတော်နှင့် AA အဖွဲ့တို့ အကြား တိုက်ပွဲများ အမြန်ဆုံး ရပ်စဲရန်နှင့် AA အဖွဲ့ကို နိုင်ငံရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မေ ၂ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဝေစိန်အောင်က အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့သည်။၂၀၁၆ ခုနှစ် ဧပြီ ၁၆ ရက်မှ စတင်ကာ တစ်ကျော့ပြန် ဖြစ်ပွားလာသည့် တပ်မတော်နှင့် AA တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်များတွင် ကျေးရွာအချို့မှ ရပ်သူရွာသားအချို့ ပေါ်တာဆွဲခံရခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် တိမ်းရှောင်ထွက်ပြေး နေကြရသည်ဟု ကြားသိရကြောင်း ဦးဝေစိန်အောင်က ဆိုသည်။မြန်မာ့ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်း ၇၀ ခန့် မြန်မာပြည်သူများ စစ်ဒုက္ခပင်လယ် ဝေခဲ့ရကြောင်း၊ ခေတ်အဆက်ဆက်တွင် ပြည်တွင်းစစ် ရပ်စဲရန် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် လက်နက်ကိုင် ပဋိပက္ခကို မဖြေရှင်းနိုင်ခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်များ တိုးပွားလာနေသည်ကို တွေ့ရကြောင်း၊ လွတ်လပ်ရေးအတွက် နယ်ချဲ့ထံမှ တိုက်ယူခဲ့စဉ်က ပေးခဲ့သည့် ကတိကဝတ်များကို အုပ်ချုပ်သူ အစိုးရ အဆက်ဆက်က အကောင်အထည် မဖော်ခဲ့၍ ဖြစ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းရာတွင် ပင်လုံစာချုပ် ကတိများကို အကောင်အထည် မဖော်၍ ဖြစ်ကြောင်း၊ စာချုပ်ပါ ကတိကဝတ်များအရ တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ မရခဲ့သည့်အတွက် ဖြစ်ကြောင်း ဦးဝေစိန်အောင်က ဆွေးနွေးခဲ့သည်။“AA ကလည်း တိုင်းရင်းသားလူမျိုးများ တန်းတူရေး၊ ရခိုင်တွေရဲ့ ကံကြမ္မာကို မိမိတို့ ကိုယ်တိုင် ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေး ဆိုတဲ့ လူမျိုးတစ်မျိုးရဲ့ ရပိုင်ခွင့်တွေကို တောင်းဆို တိုက်ပွဲဝင်နေတယ်လို့ ကြေညာထားတာ တွေ့ရပါတယ်။ ဒါကြောင့် အခု ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ နိုင်ငံရေး အခွင့်အရေးများ ရရှိရေး တိုက်ပွဲလို့ မြင်ပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးမှသာ ပြေလည်နိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့ ဖြေရှင်းမှသာ ထာဝရ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ပေါ်လာမယ်လို့ မြင်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲဖြင့် ချေမှုန်းနိုင်ရုံဖြင့် ဒီပဋိပက္ခတွေဟာ ထာဝရ ရပ်စဲသွားမယ်ဆိုတာ မဟုတ်ဘူး ဆိုတာကို မြန်မာပြည်သမိုင်းက သက်သေပြထားပါတယ်။ ထို့အတွက် AA ကို နိုင်ငံရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ဖို့ လိုပါတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံမှာ တိုင်းရင်းသား အခွင့်အရေးတွေ ဖြေရှင်းနိုင်ဖို့ ခေါ်ယူ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ အမျိုးသား ရင်ကြားစေ့ရေးကို ဖြစ်နိုင်မည်ဖြစ်ကာ ရေရှည် ငြိမ်းချမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးကိုလည်း ရရှိမှာ ဖြစ်ပါတယ်” ဟု ဦးဝေစိန်အောင်က ဆွေးနွေးသည်။ဦးဝေစိန်အောင်၏ ဆွေးနွေးချက်များတွင် AA တပ်မတော်ဟု သုံးနှုန်းမှုများ ပါသည့်အတွက် တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦးက ကန့်ကွက် ပြောဆိုမှုများ ရှိခဲ့သည်။တပ်တော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဆန်းချစ်က “အဆိုရှင် တင်သွင်းသွားတဲ့ အထဲမှာ AA တပ်မတော်ဆိုပြီးတော့ သုံးနှုန်းသွားတာ ရှိပါတယ်။ ကျွန်တော်တို့မှာ တပ်မတော် တစ်ရပ်ပဲ ရှိပါတယ်။ AA အဖွဲ့ အစည်းဟာ သောင်းကျန်းသူ အဖွဲ့အစည်း သာလျှင် ဖြစ်ပါတယ်။ တပ်မတော်လို့ သုံးနှုန်းလိုက်ခြင်းဟာ ဒီအဖွဲ့အစည်းကို အသိအမှတ်ပြုတဲ့ အနေအထား ဖြစ်တဲ့အတွက် ဒီအသုံးအနှုန်းကိုလည်း ကန့်ကွက်ပါတယ်။ လုံးကောက်ကနေ ပယ်ဖျက်ပေးဖို့ တင်ပြပါတယ်။ နောက်တစ်ခုက ဆွေးနွေးချက်ထဲမှာ ကျွန်တော်တို့ ပေါ်တာတွေ ဆွဲတယ်ဆိုတဲ့ အသုံးအနှုန်း သုံးသွားပါတယ်။ ပေါ်တာတွေ ဆွဲတာဟာ ကျွန်တော်တို့ တကယ်တမ်း မြေပြင်မှာ ဆောင်ရွက်ခြင်း မရှိပါဘူး။ ဒီဟာနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အဖွဲအစည်း တစ်ခုရဲ့ ဂုဏ်သိက္ခာ အမျိုးသားလွှတ်တော် နည်းဥပဒေ ၁၅၉ (ခ) အရ အဖွဲ့အစည်း တစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ နောက်တစ်ခုက တင်ပြချက်တွေနဲ့ ပတ်သက်လို့ရှိရင် အထောက်အထား ခိုင်ခိုင်လုံလုံ ခိုင်ခိုင်မာမာ တင်ပြ ပြောဆိုနိုင်ဖို့ လိုပါတယ်။ AA အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ရှိရင်လည်းပဲ NCA အဖွဲ့အစည်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့ ဆက်လက် ဆွေးနွေးပြီးတော့မှ ဆောင်ရွက်ရမယ့် အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုဟာ အရေးကြီး အဆိုအဖြစ် ဆောင်ရွက်ခြင်း မပြုဘဲနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီသာလျှင် အုပ်ချုပ်ရေးပိုင်းကနေ ဆက်လက် ဆောင်ရွက်သင့်ကြောင်း လေးစားစွာ တင်ပြလိုပါတယ်” ဟု ပြောကြားသည်။ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက “ကျွန်တော့် အနေနဲ့ ကိုယ်စားလှယ်တော်ကြီးရဲ့ အဆိုပြုချက်ကို ငြိမ်းချမ်းရေး စားပွဲဝိုင်းအားဖြင့်သာ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမယ် ဆိုတာက ဒါက ကျွန်တော်တို့ တပ်မတော် အနေနဲ့လည်း ငြိမ်းချမ်းရေး မူဝါဒ ခြောက်ရပ်နဲ့ နိုင်ငံတော် အစိုးရ ကိုယ်တိုင်ကလည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် ထားပြီးတော့ တိုင်းပြည်ထူထောင်ဖို့ အေးချမ်းသာယာပြီးတော့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံဖြစ်အောင် ရည်မှန်းချက်ထားပြီးတော့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လျစ်လျူရှုထားတဲ့ သဘော မဟုတ်ပါဘူး။ အခု ဖြစ်တဲ့ အကြောင်းအရာကို ပြန်လည် ဆန်းစစ်မယ်ဆိုရင် ကျွန်တော်ဆိုရင် ၂၀၁၂-၁၃ မှာ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ တပ်မတော် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ရဲ့ တပ်မမှူး တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် တာဝန် ထမ်းဆောင်နေဆဲ ကာလမှာ အခု AA လို့ ခေါ်တွင်နေတဲ့ လက်နက်ကိုင် တစ်ယောက်မှ မရှိပါဘူး။ ဒီနောက်ပိုင်းမှသာလျှင် ဆက်လက်ပြီး ပြောမယ်ဆိုရင် ကျယ်ပြန့်တဲ့ သမိုင်းဖြစ်စဉ် ဖြစ်ရပ်တွေ ဖြစ်မှာ ဖြစ်တဲ့အတွက် ဘယ်လိုပေါ်လာတယ်၊ ဘယ်သူက ထောက်ခံတယ်၊ ဘယ်လို သယ်လာတယ်။ ဘယ်လို ရောက်လာတယ်။ ဘယ်အချိန်ကမှ စရောက်တယ် ဆိုတာ ကျွန်တော် တပ်မမှူး တစ်ယောက် အနေနဲ့ ကောင်းစွာ လေ့လာသုံးသပ်ပြီး ဖြစ်ပါတယ်။ သို့ရာတွင် ဒီအချက်အလက်တွေကို မဆွေးနွေးတော့ဘဲနဲ့ အခု ကျွန်တော်တို့ တိုင်းရင်းသား ကိုယ်စားလှယ်များ ဆွေးနွေး တင်ပြတဲ့ အဆိုကို ကျွန်တော့်အနေနဲ့ မူအားဖြင့် ကျွန်တော်တို့ ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာလျှင် အဖြေရှာမယ် ဆိုတာကို လက်ခံပါတယ်။ သို့ရာတွင် ရှေ့က တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေးသွားသလိုပဲ အကြောင်းခြင်းရာများ ခိုင်ခိုင်လုံလုံ ဆောင်ရွက်နိုင်ဖို့၊ နောက် စွပ်စွဲပြောဆိုမှု ဥပမာ ကျွန်တော်တို့ ဝန်ထမ်းခေါ်ခြင်း ဒါဆိုလည်း ခေါ်ရင် တိုင်ပါလို့ ကျွန်တော်တို့ အပြတ်အသတ် ပြောပြီးသား သတင်းစာမှာ သတင်းတွေမှာ ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အခုလို လွှတ်တော်မှာ ဥက္ကဋ္ဌကြီး ဦးစီးပြီးတော့ ဂုဏ်သရေရှိ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကျင်းပနေတဲ့ အချိန်မှာ အခုလို တီဗွီဖန်သားပြင်က ပြည်သူတစ်ရပ်လုံး ကြည့်ရှုနေတဲ့ အချိန်မှာ ပြည်သူ တစ်ရပ်လုံးကိုပါ တိုင်တည်ပြီး ကျွန်တော် ပြောလိုတာကတော့ ကျွန်တော်တို့ တပ်အနေနဲ့လည်း ငြိမ်းချမ်းရေးကို အင်မတန် လိုလားပါတယ်။ အစိုးရနဲ့ ပူးပေါင်းပြီးလည်း ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် အရေးကြီးအဆို ဆိုတာထက် ရှေ့က တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေးသလိုပဲ လုပ်ထုံးလုပ်နည်းအရ သွားနေတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကသာလျှင် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း တင်ပြလိုပါတယ်” ဟု ပြောကြားသည်။အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “ဦးဝေစိန်အောင် တင်တဲ့ အရေးကြီး အဆိုကတော့ AA တပ်မတော်ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း အဆို ဖြစ်ပါတယ်။ ခုနက တပ်မတော်သား ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့ AA တပ်မတော် ဆိုတာ မရှိဘူးဆိုတဲ့ အကြောင်းကို ဒါကို ကျွန်တော်တို့ နုတ်ပေးပါမယ်။ AA လက်နက်ကိုင် အဖွဲ့လို့ ကျွန်တော်တို့ သတ်မှတ်ပေးပါ့မယ်။ ဒါပေမဲ့ ခုန ဒီဟာကတော့ ခုန တပ်မတော်သား ကိုယ်စားလှယ်ကြီးများ ပြောသွားတာကတော့ စားပွဲဝိုင်းလာပါ ဆိုတာကတော့ သိတဲ့အတိုင်း နိုင်ငံတော်က လုပ်သွားမှာပါ။ လွှတ်တော် အနေနဲ့ကတော့ သူ့ရဲ့ အဆိုကို လက်ခံ ဆွေးနွေးဖို့ သင့် မသင့် မဲခွဲ ဆုံးဖြတ်လိုက်ပါမယ်” ဟု ပြောကြားသည်။အဆိုအား လွှတ်တော်တွင် ဆွေးနွေးရန် သင့် မသင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူဦးရေသည် တက်ရောက်ခွင့် ရှိသူ အရေအတွက်၏ သုံးပုံ တစ်ပုံထက် ပိုမို၍ လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ မေ ၃ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများကို ပြုလုပ်မည်ဟု လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent