တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ခေါင်းဆောင်များနှင့် NLD ကိုယ်စားလှယ်တို့ ဧပြီ ၂၈ ရက်က “ဝ” ဒေသ ပန်ဆန်း (ပန်ခမ်း) မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေရာ အဆိုပါသတင်းကို “ဝ” အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၉ ရက်တွင် အတည်ပြု ပြောကြားသည်။
NLD ကိုယ်စားလှယ်သည် ဧပြီ ၂၈ ရက်တွင် “ဝ” ဒေသ ပန်ဆန်းမြို့၌ UWSP/UWSA အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဧပြီ ၂၉ ရက်က ရေးသားထားမှုများ ရှိခဲ့သည်။
NLD ကိုယ်စားလှယ် “ဝ” ဒေသသို့ လာရောက်၍ “ဝ” အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ UWSP/UWSA အဖွဲ့မှ ဦးအောင်မြင့်အား ဆက်သွယ်မေးမြန်းရာ ၎င်းက “လာတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ပါတီကပါ” ဟု အတည်ပြုပေးခဲ့သည်။
NLD ဘက်မှ မည်သည့်ကိုယ်စားလှယ်များ လာရောက်ပြီး မည်သည့်အကြောင်းအရာများကို ဆွေးနွေးသည် ဆိုသည်ကို ရှင်းပြပေးရန် ဦးအောင်မြင့်အား မေးမြန်းရာ ၎င်းအနေဖြင့် ပြောရေးဆိုခွင့် တာဝန်မရှိ၍ အဖွဲ့၏ပြောရေးဆိုခွင့် တာဝန်ရှိသူ ဦးကျောက်ကော်အမ်းကို ဆက်သွယ်မေးမြန်းရန် ပြောကြားသည်။ ထို့ကြောင့် UWSP/UWSA ၏ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အမ်းထံသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပေ။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ် ပန်ဆန်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပစဉ်က မီဒီယာ ဆက်ဆံရေး တာဝန်ယူခဲ့သည့် တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “ဆက်ဆံရေးရုံးကို တစ်ချက်လောက် မေးလိုက်ရင် ပိုအဆင်ပြေမယ်။ မနေ့ကတော့ ဧည့်သည်တွေတော့ တွေ့လိုက်တယ်။ ဗမာလူမျိုးဝတ်တဲ့ပုံစံနဲ့ တွေ့လိုက်တယ်။ ဘယ်သူတွေလဲ ဆိုတာတော့ သေချာ သတိမထားမိလိုက်ဘူး” ဟု ဧပြီ ၂၉ ရက်က ပြောကြားသည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ကမူ “ဝ” အဖွဲ့နှင့် ဆွေးနွေးရန် NLD ပါတီမှ စေလွှတ်ထားခြင်း မရှိကြောင်း၊ ပါတီတွင် ကိုယ်စားလှယ်များစွာရှိရာ မည်သည့်ကိုယ်စားလှယ်က သွားရောက်သည်ဆိုသည်ကို မသိကြောင်း ဧပြီ ၂၉ ရက်တွင် ပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၇ ရက် နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေး၌ ကော်မတီဝင်များနှင့် မိတ်ဆက်ပေးခဲ့သည့် ဒေါက်တာ တင်မျိုးဝင်းထံသို့ ဆက်သွယ်ရာ ပထမအကြိမ်တွင် ၎င်းအနေဖြင့် အစည်းအဝေး တက်ရောက်နေသောကြောင့်ဟု ပြန်လည်ဖြေကြားခဲ့ပြီး ထပ်မံဆက်သွယ်ရာ NLD ပါတီထံသို့ မေးမြန်းရန် ပြောကြားသည်။ ဒေါက်တာ တင်မျိုးဝင်းသည် NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်မည်ဟု သတင်းများ ထွက်ပေါ်နေသူဖြစ်သည်။
အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် “ဝ” လက်နက်ကိုင် အဖွဲ့သည် အစိုးရနှင့် ခိုင်မာသည့် အပစ်ရပ်စဲရေး ရှိပြီးဖြစ်၍ NCA လက်မှတ်ထိုးမည် မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများတွင်သာ ပါဝင်မည်ဖြစ်ကြောင်း ယခင်အစိုးရလက်ထက်က ထုတ်ဖော်ပြောဆိုထားသည်။
သို့ရာတွင် ၂၀၁၆ ခုနှစ် မတ် ၂၆ရက်မှ ၂၈ ရက်ထိ ပန်ဆန်း (ပန်ခမ်း) ၌ကျင်းပသော NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များဖြစ်သည့် UWSP/ UWSA၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့KIO/KIA၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ SSPP/SSA၊ မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ အစည်းအဝေးအပြီးတွင် အစိုးရသစ်နှင့် အမြန်ဆုံး နိုင်ငံရေး ဆွေးနွေးရန် သဘောတူညီကြောင်း ထုတ်ပြန်ခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အချက်အလက်ကောင်းများ ဖန်တီးသွားရန် သဘောတူညီခဲ့သည်ဟုလည်း “ဝ” လက်နက်ကိုင်အဖွဲ့က ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေးက ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လာမည့် တစ်လ၊ နှစ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံကို စတင်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် ဧပြီ ၂၇ ရက်က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားထားသည်။
ငြိမ်းချမ်းရေးညီလာခံနှင့် အပစ်အခတ် ရပ်စဲရေးတွင် မပါဝင်သေးသည့် အဖွဲ့များ ပါဝင်ရေးတို့သည် တစ်ပြိုင်တည်း ဆောင်ရွက်ရမည့် မျဉ်းပြိုင်များဖြစ်ပြီး တစ်ခုပြီးမှတစ်ခု လုပ်၍မရဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ ထို့ကြောင့် အပစ်အခတ် ရပ်စဲရေး ခိုင်မြဲအောင် လုပ်ခြင်းဖြင့် အပစ်အခတ် ရပ်စဲရေးတွင် မပါဝင်သေးသည့် အခြားအစုအဖွဲ့များ ပါဝင်လာရေး ဆွဲဆောင်နိုင်မည့်အပြင် ထာဝရ ငြိမ်းချမ်းရေးရမည့် ညီလာခံများ ကျင်းပနိုင်ရန် မိမိတို့ အစပျိုးနိုင်မည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဝ” လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်နှင့် NLD ကိုယ်စားလှယ်တို့ တွေ့ဆုံမှု “ဝ” အဖွဲ့တာဝန်ရှိသူ အတည်ပြု















