မြန်မာ့အနာဂတ် မျှော်မှန်းချက်များနဲ့ တိုက်ဖျက်ရဦးမယ့် လာဘ်ပေးလာဘ်ယူ

မြန်မာ့အနာဂတ် မျှော်မှန်းချက်များနဲ့ တိုက်ဖျက်ရဦးမယ့် လာဘ်ပေးလာဘ်ယူ
Published 24 April 2016
ဖြိုးဝေ

အဂတိလိုက်စားမှု တိုက်ဖျက်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစားမှု ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အနိုင်ရချိန်ကစပြီး တဖြည်းဖြည်း မြင့်တက်လာတဲ့ မြန်မာကျပ်ငွေ တန်ဖိုးနဲ့အတူ ပြည်သူတွေ အကြားမှာ မြန်မာ့စီးပွားရေးဟာ ဒီရေအလား တိုးတက်မယ်လို့ မျှော်လင့်နေကြပါတယ်။ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ အတူ လတ်တလောမှာဆိုရင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တွေရဲ့ မြန်မာ့စီးပွားရေး တိုးတက်နိုင်မှု ညွှန်းကိန်းတွေ ထွက်လာခဲ့သလို အစိုးရသစ်ရဲ့ ဝန်ကြီးဌာနတွေ ပေါင်းစည်းမှုကြားမှာ နေရာကောင်းရဖို့ မျှော်လင့်နေသံတွေကလည်း ကျယ်လောင်ခဲ့ပါတယ်။ ဒီလိုအနေအထားမျိုးမှာ ပြည်သူတွေအကြား ဝိဝါဒ ကွဲစရာအဖြစ် နေပြည်တော်မှာ တစ်ခုတည်းသော မဏ္ဍပ်ထောင်တဲ့ မီဒီယာကြီး တစ်ခုက အရေးကြီး ပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိ (PSO) ကို နှစ်သစ်ကူး လက်ဆောင် ကျပ်သိန်း ၅၀ ပေးအပ်တယ်ဆိုတဲ့ သတင်းတစ်ရပ်ကလည်း ပြည်သူတွေ အကြားမှာ ကျယ်လောင်ခဲ့ပါတယ်။လုပ်ပိုင်ခွင့် အာဏာရှိသူရဲ့ PSO က ‘အဘ ဘယ်ဂေါက်ကွင်းမှာ ဘယ်အချိန်ရှိမယ်၊ အဘက ဘာကြိုက်တယ်၊ သွားတွေ့ပါ’ ဆိုတာနဲ့ နိုင်ငံ့ဘဏ္ဍာအတွက် အဓိကကျတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ၊ စီမံကိန်းကြီးတွေဟာ အခွင့်အရေး လိုချင်သူ လက်ထဲရောက်သွားပြီး မြန်မာနိုင်ငံဟာ အဂတိ လိုက်စားမှုမှာ ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ရုပ်ပျက်ခဲ့ပါတယ်။‘လာဘ်ပေးလာဘ်ယူမှုအစ PSO က’ လို့ ဖြစ်ခဲ့တဲ့ခေတ်ဟာ မဝေးသေးတဲ့ ကာလဖြစ်တဲ့ ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်ကမှ ချုပ်ငြိမ်းခဲ့တာပါ။ ဒီလိုအခြေအနေမျိုးမှာ အရေးကြီး ပုဂ္ဂိုလ်တစ်ဦးရဲ့ PSO ကို သတ်မှတ်ချက်ထက် များစွာကျော်လွန်တဲ့ ငွေပမာဏကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးခဲ့တာကတော့ အရင်တုန်းက လုပ်ခဲ့တဲ့ ‘လာဘ်ပေးလာဘ်ယူမှုအစ PSO က’ ဆိုတဲ့ ခေတ်ကို အသက်ပြန် သွင်းချင်တာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။၂၀၁၆ အတွက် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၂၀၁၆ မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိမယ်လို့ မျှော်မှန်းထားပြီး စားသုံးသူ ဈေးနှုန်းဆညွှန်းကိန်း ၉ ဒသမ ၆ ရာခိုင်နှုန်း အထိရှိမယ်လို့ IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့) ရဲ့ World Economic Outlook April ၂၀၁၆ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ IMF က သုံးသပ်ထားပြီး ၂၀၁၆ ခုနှစ်မှာတော့ ပိုမိုတိုးတက်မယ်လို့ မျှော်မှန်းထားတာပါ။ ၂၀၁၁ ခုနှစ်မှာ ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်မှာ ၇ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်မှာ ၈ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ ၈ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ၂၀၁၅ ခုနှစ် မှာ ၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ဦးသိန်းစိန် အစိုးရ လက်ထက်မှာ စားသုံးသူ ဈေးနှုန်းဆညွှန်းကိန်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာပြီး လက်ရှိအစိုးရ အကူးအပြောင်းမှာ ၉ ဒသမ ၆ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပေမယ့် အနာဂတ်မှာတော့ ပြန်လည်ကျဆင်း နိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်မှာ ၂ ဒသမ ၈ ရာခိုင်နှုန်းပဲ ရှိခဲ့တဲ့ စားသုံးသူ ဈေးနှုန်းဆညွှန်းကိန်းဟာ ၂၀၁၃ ခုနှစ်မှာ ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ ၅ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ၂၀၁၅ ခုနှစ် မှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေကြားမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်ဆုံး နှုန်းနဲ့ တိုးတက်နိုင်တယ်လို့ မျှော်မှန်းထားပြီး မြန်မာနိုင်ငံနဲ့အတူ အမြင့်ဆုံး တိုးတက်နိုင်တဲ့ နိုင်ငံတွေ စာရင်းမှာ အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ (၇ ဒသမ ၅ ရာခိုင်နှုန်း)၊ လာအို (၇ ဒသမ ၄ ရာခိုင်နှုန်း)၊ ကမ္ဘောဒီးယား (၇ ရာခိုင်နှုန်း)၊ ဘင်္ဂလားဒေ့ရှ် (၆ ဒသမ ၆ ရာခိုင်နှုန်း)၊ တရုတ် (၆ ဒသမ ၅ ရာခိုင်နှုန်း) တို့ ပါဝင်ခဲ့ပါတယ်။မြန်မာ့အနာဂတ် မျှော်မှန်းချက်ဝင်ငွေအလယ်အလတ် အဆင့်ရှိတဲ့ နိုင်ငံဖြစ်လာစေဖို့ မြန်မာနိုင်ငံ အနေနဲ့ တစ်ဦးချင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) ဒေါ်လာ ၃၀၀၀ နဲ့ စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Gross National Product-GNP) ကို ဒေါ်လာဘီလျံ ၁၈၀ ရရှိဖို့ ၂၀၁၅ ခုနှစ်က ရေးဆွဲထားတဲ့ အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (NCDP) မှာ အခြေခံ မျှော်မှန်းချက်အဖြစ် ရည်မှန်းထားပါတယ်။ဒီစီမံကိန်းမှာ ၂၀၁၃ ခုနှစ်ရဲ့ Per Capita GDP US ၌ 915 (IMF မှ ထုတ်ပြန်သော စာရင်းများအရ) ကို အခြေပြုပြီး တိုးတက်နှုန်း ၇ ဒသမ ၂၃ ရာခိုင်နှုန်းနဲ့ ရည်မှန်းချက်ကို ရောက်အောင် ရေးဆွဲထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ စာရင်းတွေအရ Per Capita GDP တိုးနှုန်းကို ၇ ဒသမ ၂၃ ရာခိုင်နှုန်း ရရှိဖို့နဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP) တိုးတက်မှုနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်း ပျမ်းမျှရှိရမှာပါ။မြန်မာနိုင်ငံရဲ့ လက်ရှိ Per Capita GDP တိုးနှုန်းဟာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ တွေ့ကြုံခဲ့ တဲ့ အနေအထားတွေနဲ့ တူညီနေတယ်လို့ သုံးသပ်ထားပြီး ပျမ်းမျှတိုးတက်မှုနှုန်းဟာ ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မယ်ဆို ၂၀၃၀ ပြည့်နှစ်မှာ Per Capita GDP ဒေါ်လာ ၂၀၀၀ နဲ့ ဝင်ငွေအလယ်အလတ် အဆင့်ထက်နိမ့်တဲ့ အခြေအနေကိုပဲ ရရှိမှာ ဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်း ပျမ်းမျှတိုးတက်မှုနှုန်း ၉ ဒသမ ၀၆ ရာခိုင်နှုန်းအထိ ရှိလာမယ်ဆို Per Capita GDP ဟာ ဒေါ်လာ ၄၀၀၀ ရရှိမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေး အနေအထား ကြိုတင် ခန့်မှန်းမှုတွေနဲ့ ချိန်ဆမှုတွေ အရတော့ ဖြစ်နိုင်ခြေ နည်းပါးတဲ့ အခြေအနေလို့ ယူဆနိုင်မှာပါ။တိုက်ဖျက်ရမယ့် လာဘ်ပေးလာဘ်ယူပြည်သူများရဲ့ နေ့စဉ်ဘ၀ လာဘ်ပေးရမှုမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ လူဝင်မှု ကြီးကြပ်ရေး ရုံးတွေက ၂၄ ရာခိုင်နှုန်းစီနဲ့ လာဘ်ပေးလာဘ်ယူမှု အများဆုံးအဖြစ် ဦးဆောင်နေပြီး ယာဉ်ထိန်းရဲတွေကို လာဘ်ပေးရမှုက ၂၁ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီးဟောင်း ဗစ်ကီဘိုးမင်း ဦးဆောင်တဲ့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန (MCRB) က သတင်းထုတ် ပြန်ထားပါတယ်။ဒါ့အပြင် အစိုးရ တင်ဒါတွေ ဝန်ကြီးဌာနတွေနဲ့ ဝင်ငွေခွန် ပေးဆောင်ရာမှာ လာဘ်ပေးရမှုက ၂၇ ရာခိုင်နှုန်းစီအထိ ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ ဆိုရင်လည်း လာဘ်ပေးရမှု ၁၅ ရာခိုင်နှုန်း ပြည်သူတွေဆီက လာဘ်အယူဆုံး ဌာနတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဒီလိုပဲ အကောက်ခွန် ရုံးတွေမှာ ဆိုရင်လည်း လာဘ်ပေးရမှု ၁၄ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်နေတယ်လို့ MCRB ရဲ့ မတ် ၁၇ ရက် ထုတ်ပြန်ချက်က ဆိုပါတယ်။ဒါကြောင့် အဂတိ လိုက်စားမှုကို တိုက်ဖျက်မယ်လို့ ကြွေးကြော်ခဲ့တဲ့ NLD အစိုးရ အနေနဲ့ ဟိုးအရင် စစ်အာဏာရှင် ခေတ်တုန်းကလို ပုံစံမျိုးနဲ့ PSO တွေ ငွေပေးပြီး ဝင်ကပ်ကြည့်ဖို့ သွေးတိုးစမ်းလာမှုတွေကို ထိထိရောက်ရောက် အရေးယူ ဖော်ထုတ်နိုင်မှပဲ နိုင်ငံနဲ့ ပြည်သူလူထု နစ်နာစေတဲ့ အဂတိ လိုက်စားမှုတွေကို တားဆီးနိုင်မှာပါလို့ အကြံပြုရင်းနဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။ 

Most Read

Most Recent