မတရား သိမ်းဆည်းခံရသည့် လယ်ယာမြေ ပြဿနာများ အမြန်ဆုံး ဖြေရှင်းနိုင်ရန် လယ်ယာမြေ ပြဿနာ ဖြေရှင်းရေး စံလုပ်ထုံး လုပ်နည်း နည်းဥပဒေကို မေလတွင် ပြန်လည်ကျင်းပမည့် လွှတ်တော်၌ တင်သွင်းရန်ရှိဟု လွှတ်တော် တောင်သူလယ်သမား ကော်မတီဥက္ကဋ္ဌ ပြောကြား

မတရား သိမ်းဆည်းခံရသည့် လယ်ယာမြေ ပြဿနာများ အမြန်ဆုံး ဖြေရှင်းနိုင်ရန် လယ်ယာမြေ ပြဿနာ ဖြေရှင်းရေး စံလုပ်ထုံး လုပ်နည်း နည်းဥပဒေကို မေလတွင် ပြန်လည်ကျင်းပမည့် လွှတ်တော်၌ တင်သွင်းရန်ရှိဟု လွှတ်တော် တောင်သူလယ်သမား ကော်မတီဥက္ကဋ္ဌ ပြောကြား
Published 22 April 2016
မျိုးမင်းထက်၊ ဝီရမိုးနေ

မတရား သိမ်းဆည်းခံရသည့် လယ်ယာမြေ ပြဿနာများကို အမြန်ဆုံး ဖြေရှင်းနိုင်ရန်အတွက် လယ်ယာမြေ ပြဿနာဖြေရှင်းရေး စံလုပ်ထုံးလုပ်နည်း နည်းဥပဒေကို မေ ၂ ရက်တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်၌ တင်သွင်းသွားရန် ရှိသည်ဟု ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများသည် မေ ၂ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော်မှ သတင်းထုတ်ပြန်ထားသည်။
"ကော်မတီအနေနဲ့ ကော်မတီဥက္ကဋ္ဌ အနေနဲ့ကတော့ လယ်ယာမြေ ဖြေရှင်းရေး အထောက်အကူပြုနိုင်တဲ့ လယ်ယာမြေ ပြဿနာ ဖြေရှင်းရေး စံလုပ်ထုံးလုပ်နည်း နည်းဥပဒေကို မေလကုန်လို့ လွှတ်တော်ကို အတည်ပြုချက် ရယူပြီးရင် အဲဒီနည်းဥပဒေအတိုင်း ဖြေရှင်းနိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်။ လယ်ယာမြေ ပြဿနာဖြေရှင်းရေး စံလုပ်ထုံး လုပ်နည်း နည်းဥပဒေ ဒီနည်းဥပဒေကို လွှတ်တော်မှာ အတည်ပြုချက် ရယူပြီးရင် လယ်ယာမြေ ပြဿနာတွေကို အဲဒီဟာ အသုံးချပြီးတော့ ဖြေရှင်းမယ်။ တစ်နိုင်ငံလုံး ဖြေရှင်းမယ်" ဟု ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။
လယ်ယာမြေပြဿနာ ဖြေရှင်းရေး စံ လုပ်ထုံးလုပ်နည်း နည်းဥပဒေကို အဆိုပါကော်မတီမှ ရေးဆွဲခြင်းဖြစ်ကာ ရေးဆွဲ၍ပြီးပြီ ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောကြားသည်။
အဆိုပါ နည်းဥပဒေတွင် မတရား သိမ်းဆည်းခံရသည့် လယ်ယာမြေ ပြဿနာများကို မှန်မှန်ကန်ကန် မျှမျှတတ ဖြေရှင်းနိုင်ရေး၊ မူလလယ်သမားကို နစ်နာမှု မရှိရေးအတွက် ဦးစားပေး ဆောင်ရွက်ရေး၊ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်က လမ်းညွှန် ဆုံးဖြတ်ထားသည့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး၊  လယ်ယာမြေပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရေး၊ ပြဋ္ဌာန်းပြီးသည့် လယ်ယာမြေ ဥပဒေများကို အကျိုးရှိရှိ အသုံးချ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ ရေးဆွဲခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
"၂၀၁၂ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေ၊ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေ၊ လယ်ယာမြေနဲ့ ပတ်သက်လို့ ဒီဥပဒေ သုံးခုလောက်ရှိတယ်။ ဒါက ဒီဘက်မှာ။ ဟိုတုန်းကတော့ အရေးကြီးတဲ့ ဥပဒေတစ်ခုရှိတယ်။ ၁၈၉၄ မြေသိမ်းဥပဒေဆိုတာ ဒီဘက်မှာ အဲဒီ ၁၈၉၄ မြေသိမ်းဥပဒေဟာ အင်္ဂလိပ်တွေက လုပ်သွားတဲ့ကိစ္စ အင်မတန်ကို ဒီနေ့အထိ သက်ရောက်နေတုန်းပဲ။ အဲဒါက အဓိက အကျဆုံး။ မတရား သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ဆိုတာက အဲဒီ ၁၈၉၄ မြေသိမ်းဥပဒေနဲ့ မညီဘဲနဲ့ သိမ်းတဲ့အတွက် အဲဒါဖြစ်တာ" ဟု ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ ထုတ်ပြန်ပြီးသော်လည်း သက်ဆိုင်ရာ ဌာနများမှ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ခြင်း မရှိသေးသည့်အတွက် တောင်သူလယ်သမားများ အတွက် ဥပဒေပါအတိုင်း သင့်တင့်မျှတ လုံလောက်သော ၂၀၁၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် အချိန်မီ ထုတ်ချေးနိုင်ရေးနှင့် လိုအပ်သော နည်းပညာ ပံ့ပိုးပေးရေး၊ ထွက်ရှိသော သီးနှံများကို ဈေးကွက်နှင့် သင့်တင့်မျှတသည့် ဈေးနှုန်း မရရှိနိုင်ခြင်း၊ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍လည်း ယခုတိုင်ပြီး ပြတ်မှုမရှိဘဲ ကြန့်ကြာနေသဖြင့် သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ ဌာနဆိုင်ရာများမှ အလေးဂရုပြု၍ ဆောင်ရွက်ပေးပါက အဆင်ပြေနိုင်ကြောင်း ဒုတိယအကြိမ်လွှတ်တော် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌများထံသို့ အကြံပြု တင်ပြထားသည်။
လက်ရှိ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီသို့ တပ်မတော်က သိမ်းထားသည့် မြေယာကိစ္စများ၊ ကုမ္ပဏီများက သိမ်းသည့် မြေယာကိစ္စများ၊ စက်ရုံမြေယာသိမ်းသည့် ကိစ္စများ အပါအဝင် မြေယာသိမ်းဆည်း ခံရမှုများနှင့် ပတ်သက်၍ ကော်မတီသို့ တိုင်ကြားစာများ ရောက်ရှိနေကြောင်း ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောကြားသည်။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် လယ်ယာမြေ ပြဿနာများကို ဖြေရှင်းဆောင်ရွက် ပေးမှုများ ရှိသော်လည်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်က "အမှုတွေက ပြီးဆုံးတဲ့အထိ မဖြစ်ခဲ့ဘူး။ ဒါဟာရေရှည် လုပ်ငန်းတွေဖြစ်တယ်။ ပြီးတော့ အစိုးရနဲ့ လွှတ်တော်နဲ့က တက်ညီလက်ညီဖြစ်တဲ့ အနေအထားမျိုးနဲ့ ဆောင်ရွက်နိုင်ခဲ့တာ မဟုတ်တဲ့အတွက် ဒါဟာ အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာမျိုးတွေကို ပြောရတဲ့အခါမှာ တချို့နေရာတွေကို လျော်ကြေးရတဲ့အတွက် အောင်မြင်တယ်လို့ ပြောပေမယ့် လျော်ကြေးမရတဲ့သူတွေ ရှိသေးတဲ့အတွက် အောင်မြင်တယ်လို့ ပြောရတဲ့ အခါမှာလည်း စကားလုံးက အဲဒီလို သုံးလို့မရဘူး။ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်လဲလို့ ပြောရင်လည်း ကျွန်တော်တို့က တစ်နိုင်ငံလုံးရဲ့ ရာခိုင်နှုန်း၊ နောက်ထပ် အသိမ်းခံရတာတွေ၊ နောက်ထပ် ရှိတာတွေနဲ့ ပတ်သက်ပြီးတော့မှ တင်ပြတဲ့သူတွေ ရှိသလို ကိုယ်နည်းကိုယ့်ဟန်နဲ့ ပြီးသွားတဲ့ ကိစ္စတွေလည်း ရှိတဲ့အတွက် ရာခိုင်နှုန်းနဲ့ ပြောရင်လည်းပဲ ပြောသမျှ ရာခိုင်နှုန်းတွေ အားလုံးဟာ တိကျမှုမရှိဘဲနဲ့ အလွဲတွေပဲ ဖြစ်နေလိမ့်မယ်" ဟု သုံးသပ်ပြောကြားသည်။
 

Most Read

Most Recent