နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်၍ အမှုရင်ဆိုင်နေရသော ကျန်ရှိကျောင်းသားများ လွတ်မြောက်ရေးအတွက် နှစ်သစ်ကူး ရုံးပိတ်ရက်ပြီးနောက် အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်

နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်၍ အမှုရင်ဆိုင်နေရသော ကျန်ရှိကျောင်းသားများ လွတ်မြောက်ရေးအတွက် နှစ်သစ်ကူး ရုံးပိတ်ရက်ပြီးနောက် အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်
Published 8 April 2016
ကျော်ဇင်ဝင်း

 
နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်၍ အမှုရင်ဆိုင်နေကြသော ကျောင်းသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်ရှိခဲ့သူများကို နှစ်သစ်ကူး ရုံးပိတ်ရက်ပြီးနောက် တရားရုံးများ ဖွင့်လှစ်ချိန်တွင် အမြန်ဆုံး ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
 
အဆိုပါ ကြေညာချက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား၊ ကျောင်းသူများ လွတ်မြောက်ရေးအတွက် မည်သို့ကြိုးပမ်းဆောင်ရွက်သွားမည်ကို ကြေညာချက်အမှတ် ၁/၂၀၁၆ ဖြင့်ထုတ်ပြန်ကြေညာခဲ့ပြီး ချက်ချင်းအရေးယူ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
 
ထို့အတူ ကြေညာချက်၌ အမှုရင်ဆိုင်လျက်ရှိသောသူများနှင့် သက်ဆိုင်သည့် ပြစ်မှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ နှင့်အညီ အမှုရုပ်သိမ်းရေးအတွက် ဆောင်ရွက်ရာတွင် ဥပဒေနှင့် နည်းဥပဒေများပါ အချက်များကို ဆောင်ရွက်ရကြောင်း၊ အဆိုပါ အချက်များမှာ အမှုစစ်ဆေးရန် ချိန်းဆိုသည့် နေ့ရက်ဖြစ်ခြင်း၊ တရားလိုအဖြစ် ဆောင်ရွက်သူက အမှုရုပ်သိမ်းပေးရန် လျှောက်ထားခြင်း၊ သက်ဆိုင်ရာ ဥပဒေရုံးက အမှုရုပ်သိမ်းရန် ဆုံးဖြတ်၍ သက်ဆိုင်ရာ တရားရုံးသို့ အမှုရုပ်သိမ်းပေးပါရန် လျှောက်ထားခြင်း၊ တရားရုံးက အမှုရုပ်သိမ်းရန် လျှောက်ထားချက်အပေါ် ခွင့်ပြုခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
 
အထက်ပါ လုပ်ငန်းစဉ်များကို ၈.၄. ၂၀၁၆ ရက်တွင် အမှုစစ်ဆေးရန် တရားရုံးက ချိန်းဆိုထားသူများအတွက် အပြီးဆောင်ရွက်နိုင်သော်လည်း ယင်းနေ့တွင် အမှုစစ်ဆေးရန် ချိန်းဆိုထားခြင်း မရှိသူများအတွက် အချိန်မီ ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် နှစ်သစ်ကူး ရုံးပိတ်ရက်ကုန်ဆုံးပြီး နောက်တရားရုံးများ ဖွင့်လှစ်သည့် အချိန်တွင် အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
 
ထို့ပြင် သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ လွတ်ငြိမ်းသက်သာခွင့်ရရှိပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်လျက်ရှိပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ကြေညာချက်တွင် ရေးသားထားသည်။

Most Read

Most Recent