လူနှင့် တီဘီရောဂါ

လူနှင့် တီဘီရောဂါ
Published 8 April 2016
ပခုက္ကူဝင်းမောင် (တီဘီ-ငြိမ်း)

၅-၄-၂၀၁၆ ရက်နေ့ ညနေပိုင်းတွင် ကျွန်တော် စာဖတ်လိုက်၊ စာရေးလိုက်၊ စဉ်းစားလိုက် လုပ်နေစဉ် တာဝန် ထမ်းဆောင်ဆဲ ကျန်းမာရေးမှူး ဦးကြည် ရောက်လာပါသည်။ကြည် ။    ဆရာ ဘာတွေ ရေးနေတာလဲ။မောင် ။    လူနှင့် တီဘီရောဂါ အကြောင်းပါ။ ထိုင်ပါဦး။ ဗိုလ်ထက်ရေ.. ရေနွေးကြမ်းလေး တစ်ခွက် ယူလာပေးပါ။ကြည် ။    ဘာရည်ရွယ်ချက်နဲ့ ရေးတာလဲ ဆရာ။မောင် ။    ဒီနေ့ ၅-၄-၂၀၁၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာ စာမျက်နှာ ၄ ပါ ‘ဆေးယဉ်ပါး တီဘီအတွက် ယခင် ကုသခဲ့သည့် ဆေးဝါးများမှာ ပျောက်ကင်းနိုင်ခြေ ရာခိုင်နှုန်း ၅၀ သာရှိပြီး ဆေး၏ ဘေးထွက် ဆိုးကျိုးများပြားခြင်းကြောင့် ဆေးဝါးအသစ်ဖြင့် စတင်ကုသ’ ဆိုတဲ့ အကြောင်းအရာကို ဖတ်ပြီး ရေးနေတာပါ။ ဖတ်မိသူတိုင်း တာဝန်ရှိသူများ၊ ဆေးဝါးကုသမှု ခံယူနေဆဲ လူနာများ ဆေးအပေါ် သံသယဝင်၊ ယုံကြည်မှု လျော့နည်းပြီး ကောက်ချက်ချ မှားသွားမှာ စိုးရိမ်၍ ရေးရခြင်း ဖြစ်ပါတယ်။ကြည် ။    ဆေးယဉ်ပါး တီဘီကု ဆေးဝါးများမှာ ပျောက်ကင်းနိုင်ခြေ ၅၀ ရာခိုင်နှုန်းသာ ရှိတယ်ဆိုတာ မှန်ပါသလား ဆရာ။မောင် ။    မှန်တယ်။ သို့သော် မှားတယ်။ကြည် ။    ကျွန်တော် နားရှုပ်သွားပြီ။ ရှင်းပါဦး ဆရာ။မောင် ။    တစ်ကမ္ဘာလုံး ဆေးယဉ်ပါး တီဘီ ကုသရာမှာ ရောဂါပျောက်ကင်းမှုနှုန်း ၅၀ ရာခိုင်နှုန်းခန့်ပဲ ရှိလို့ မှန်တယ်လို့ ပြောတာပါ။ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းရဲ့ ဆေးယဉ်ပါး တီဘီရောဂါ ပျောက်ကင်းမှုနှုန်းကတော့ ၈၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ မှားတယ်လို့ ပြောတာပါ။ မှန်ခြင်း/မှားခြင်းက နေရာ၊ အချိန်၊ အခြေအနေလိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ကြည် ။    ရှင်းပါပြီ ဆရာ။ ဒါနဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများတယ် ဆိုတာရော ဟုတ်ပါသလား။မောင် ။     ဘားပလက်တောင် ဘေးထွက်ဆိုးကျိုး ရှိတာပဲဗျာ။ ဆေးယဉ်ပါး တီဘီထိုးဆေးနဲ့ စားဆေးအမျိုးမျိုးကို ပေါင်းပြီး သောက်ရတော့ စဉ်းစားကြည့်ပေါ့။ ဒါပေမဲ့ နိုင်ငံတော်က ဆေးယဉ်ပါး တီဘီလူနာ တစ်ဦးကို သင်တန်းရထားတဲ့ အခြေခံ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက နေ့စဉ် ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးရင်း ဆေး၏ ဘေးထွက်ဆိုးကျိုးတွေကို စောင့်ကြည့်စစ်ဆေးနေပါတယ်။ ဆိုးကျိုးတွေ စတွေ့လျှင်တွေ့ချင်း သက်ဆိုင်ရာ ဆရာဝန်များထံ ညွှန်းပို့ စစ်ဆေးကုသမှု ခံယူနိုင်ရန် ဆောင်ရွက်ထားလို့ သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ကြည် ။    စဉ်းစားမိပါပြီ ဆရာ။ အဲဒီ ဆောင်းပါးမှာပါတဲ့ B နဲ့ D ဆိုတဲ့ ဆေးအသစ်နဲ့ကုရင် ပိုကောင်းလာမှာလား ဆရာ။မောင် ။    တီဘီဆေးအသစ် Bedaquiline နဲ့ Delamanid ရဲ့အာနိသင်၊ ဆိုးကျိုး၊ ကောင်းကျိုးတွေကိုတော့ အဆုတ်နှင့် ရင်ခေါင်း ပါရဂူကြီးတွေက ခင်ဗျားနှင့် ကျွန်တော့် အမေးအဖြေ ဆောင်းပါးဖတ်ပြီးရင် ရှင်းပြလိမ့်မယ်လို့ ယူဆပါတယ်။ (တွန်းပို့ခြင်း) ကျွန်တော် သိတာကတော့ နိုင်ငံတချို့မှာ Pilot စမ်းသပ်ကုသမှုတွေ ပြုလုပ်တယ်။ ဆေးယဉ်ပါး တီဘီ ကုသရာမှာ အသုံးပြုသင့်ကြောင်း WHO က ၂၀၁၅ ခုနှစ် မေလမှာ အသိအမှတ် ပြုခဲ့တာပါ။ ကျန်းမာရေးမှူးကြီးတောင် ဖတ်ပြီးပြီကိုး။ကြည် ။    ကျွန်တော့် RHC အပိုင်ထဲမှာရှိတဲ့ စာကြမ်းပိုး MDR - TB ဆေး စကုစ ဆေးယဉ်ပါး တီဘီလူနာ ဦးသန်း လာပြပြီး ‘သူ့ရောဂါ ပျောက်ဖို့နဲ့ သေဖို့ဟာ ၅၀ း ၅၀ ပဲရှိပြီး ဆေးရဲ့ ဆိုးကျိုးတွေ ခံစားရမှာကြောက်လို့ ဆေးဆက်ကုသင့်၊ မကုသင့်’ မေးလို့ ဖတ်ကြည့်ပြီးမှ ဆရာ့ဆီ လာခဲ့တာပါ။ မြန်မာနိုင်ငံမှာရော အဲဒီ ဆေးအသစ်တွေနဲ့ စကုနေပြီလား ဆရာ၊ အခြေအနေကရော။မောင် ။    ဦးကြည်ရဲ့ အမေးကို ဖြေဖို့အတွက် ဦးကြည်ကို အရင်မေးမယ်။ ဆေးယဉ်ပါးတီဘီ MDR - TB ကို သိလား။ကြည် ။    ဆရာက ကျွန်တော့်ကို အထင်သေးတာပဲ။ တီဘီ ကုသဆေးတွေထဲမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့ အိုင်ဆိုနာယာဇစ်နှင့် ရီဖင် ပင်စင်စားဆေး နှစ်မျိုးလုံးကို တီဘီရောဂါပိုးက ယဉ်တာကို ခေါ်တာပါဆရာ။မောင် ။     ဟုတ်ပြီ၊ ပြင်းထန်ဆေးယဉ်ပါးတီဘီ XDR - TB ဆိုတာရော သိလား။ကြည် ။    ဆရာ့တပည့်အရင်းပါ ဆရာရယ်။ MDR - TB လူနာကို ဆေးယဉ်ပါး တီဘီ ကုဆေးတွေနှင့် ကုသော်လည်း မသက်သာလို့ ဓာတ်ခွဲ စမ်းသပ်ရာမှာ နောက်ထပ်ထိုးဆေး အုပ်စု ဆေးသုံးမျိုး (ကက်ပရီရိုမိုင်စင်၊ အမီကာဆင်၊ ကာနာမိုင်စင်) မှ တစ်မျိုးနှင့် စားဆေး ကွီနိုလုံး အုပ်စုမှ တစ်မျိုးထပ်ပြီး ယဉ်တာကို ခေါ်ပါတယ် ဆရာ။မောင် ။     ဦးကြည် ဒါလောက်သိထားပြီဆိုရင် ခင်ဗျားရဲ့ ဆေးအသစ်တွေနဲ့ ကုသမှုမေးခွန်းကို ဖြေလို့ရပါပြီ။ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းနှင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ပူးပေါင်းပြီး XDR - TB အသက် ၂၄ နှစ်ရှိ အမျိုးသမီး လူနာကို ၂၀၁၆ ခုနှစ် မတ်လမှာ ဆေးအသစ် Bedaquiline အပါအဝင် တီဘီဆေး ခြောက်မျိုးနှင့် အောင်ဆန်းတီဘီဆေးရုံကြီးမှာ ကုသမှု စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ကုသမှုစပြီး ငါးရက်မြောက်နေ့မှာပဲ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ကြည် ။    ဒါဆို ဆေးအသစ်က မကောင်းဘူးလို့ ဆိုလိုတာလား။မောင် ။     အဲဒီလို မဆိုလိုပါဘူး။ XDR - TB ဟာ ပြင်းထန်ဆေးယဉ်ပါးတီဘီ ဖြစ်တဲ့အတွက် ရောဂါကျွမ်းနေတာလည်း ပါတာပေါ့။ ပြီးတော့ တစ်ယောက်တည်း ကုပြီး တစ်ယောက်တည်း အသက်ဆုံးသွားလို့ ၁၀၀ ရာခိုင်နှုန်း သေဆုံးနှုန်းရှိတယ်။ တစ်ယောက်ကု တစ်ယောက်ရောဂါပျောက်လို့ ရောဂါပျောက်ကင်းနှုန်း ၁၀၀ ရာခိုင်နှုန်းရှိလို့ ကောင်းတယ်၊ ဆိုးတယ် ကောက်ချက် မချသင့်ပါဘူး။ Sample Size က နည်းတာကိုး။ကြည် ။    ကျွန်တော် တော်တော်လေး ရှင်းသွားပါပြီ။ ယခု လက်ရှိ ကုသနေတဲ့ ဆေးယဉ်ပါး တီဘီဆေးဝါးများကို လ ၂၀ မှန်မှန် ကုသမှု ခံယူမယ်။ ဆေးဝါး အခမဲ့၊ ဓာတ်ခွဲစမ်းသပ် အခမဲ့၊ လူနာနှင့် လူနာကို တိုက်ရိုက်ဆေးတိုက်ကျွေးသူ (ကျန်းမာရေးဝန်ထမ်း သို့မဟုတ် စေတန့ာဝန်ထမ်း)တို့ကို လစဉ် ကျပ်သုံးသောင်းစီ ထောက်ပံ့နေတာလည်း ကျွန်တော့်ကိုယ်တွေ့ပါဆရာ။ ရောဂါပျောက်ကင်းနှုန်း ၈၀ ကျော် ရှိကြောင်းလည်း သိရပြီဆိုတော့ ရောက်တာလည်း ကြာ၊ မေးတာလည်း များပြီမို့ ပြန်ခွင့်ပြုပါဆရာ။ ဆက်မေးချင်တာတွေလည်း ကျန်ပါသေးတယ်။မောင် ။     ခင်ဗျား ဆက်မေးချင်သေးတယ်၊ ကျွန်တော်ကလည်း ဆက်ဖြေချင်နေသေးတယ်ဆိုတော့ လူနှင့် တီဘီရောဂါအကြောင်း လိပ်ပတ်လည်အောင်ဆိုရင် Daily Eleven မှာ ဆက်တိုက်၊ မေးကြ ရေးကြတာပေါ့ဗျာ။ ဒီကပြန်ရင် ခင်ဗျားလူနာ ဦးသန်းနှင့် ခင်ဗျား ကျန်းမာရေး ဝန်ထမ်းတွေကို ပြန်လည် ဖောက်သည်ချပေါ့။ ဦးသန်းကို ၁၀၀ ရာခိုင်နှုန်း ပျောက်ကင်းမှာပါလို့ အားပေးပြီး အခု ကုသနေတဲ့ ထိုးဆေး၊ စားဆေးတွေကို ယုံယုံကြည်ကြည်၊ စိုးရိမ်မှုကင်းစွာနှင့် ဆက်လက်ကုသမှု ခံယူပါလို့ ပြောလိုက်ပါ။ MSF အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ဆေးယဉ်ပါးတီဘီ ကုသမှု အတွေ့အကြုံ အများကြီးရှိတဲ့ အဖွဲ့အစည်းကြီးပါ။ MSF နှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းတို့ ပူးပေါင်းပြီး တီဘီဆေးဝါး အသစ်တွေ အပါအဝင် ကုထုံးအသစ်တွေကို ကျန်းမာရေး ဝန်ကြီးဌာနမှာ တင်ပြပြီး Pilot Project တွေ ဆောင်ရွက်ပါမယ်။ နိုင်ငံသူ နိုင်ငံသားများအတွက် အန္တရာယ်ကင်းပြီး ပိုမို အကျိုးရှိမယ်လို့ တွေ့ရှိလျှင် တိုးချဲ့ ဆောင်ရွက်သွားပါမယ်။ ယခုလည်း မြန်မာနိုင်ငံ တစ်ဝန်းလုံး ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အထိ MDR - TB လူနာ ၈၆၈၃ ဦး ရှာဖွေဖော်ထုတ်ပြီး ၅၀၇၀ ဦးကို ကုသမှု ပေးနိုင်ခဲ့ပါတယ်။ လက်ရှိ ကုသဆဲ လူနာ ၃၀၀၀ ခန့်ရှိပြီး ၎င်းတို့၏ ကုသသော ဆေးများအပေါ် သံသယကင်းပြီး ယုံကြည်မှု အပြည့်အဝဖြင့် ဆေးမှန်မှန် ကုသမှ ရောဂါ ပျောက်ကင်းမှာမို့ ကောင်းမြတ်သော စေတနာဖြင့် ရေးသားလိုက်ရပါသည်။