ချိန်းဆောတွေ တကိုင်ကိုင်နဲ့

ချိန်းဆောတွေ တကိုင်ကိုင်နဲ့
Published 7 April 2016
မောင်စံပေါ

(၁)
သစ်တောပညာ ဘွဲ့ရတာ ၃၃ နှစ်ရှိခဲ့ပြီ။ သူငယ်ချင်းတွေ ပြန်ဆုံတော့ လောလောဆယ် ကြုံတွေ့နေကြရတဲ့ ဘဝအမောတွေကို ခဏတာ မေ့သွားခဲ့တယ်။ အတိတ်အကြောင်းတွေ ပြန်ပြောင်းပြောကြရင်း မကြာမတင်မှာ သူငယ်ချင်း တော်တော်များများ ရန်ကုန် လာစရာရှိနေတော့ ဆရာကန်တော့ပွဲလုပ်ဖို့ တိုင်ပင်ကြတယ်။ ဆရာတွေအကြောင်း ပြောကြတယ်။ အများဆုံးပြောဖြစ်တာက မရှိတော့တဲ့ ဆရာတွေ။
(၂)
လူဆိုတာကလည်း မရှိတော့မှ ပိုသတိရတတ်ကြတာကိုး။ ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ ဆရာဦးထွန်းလှအကြောင်း ပြောကြတော့ ဆရာနဲ့ အတူ တောတွင်း လက်တွေ့ ကွင်းဆင်းခဲ့တာတွေက ရုပ်ရှင်ပြသလို ပြန်မြင်ယောင်လာတယ်။ ၁၉၈၁ က ပုသိမ်၊ ရှောပြာ သစ်ထုတ်ရေးစခန်းကို အတူသွားခဲ့ကြတယ်။ အဲဒီတုန်းက တောကြီးတွေကပိတ်နေပြီး နေပြောက်မထိုးအောင် ကောင်းတဲ့တောတွေ အများကြီးရှိခဲ့တယ်။ အဲဒီ သစ်ထုတ်ရေးစခန်းမှာ အများဆုံး ထုတ်တာက တောင်သရက်။
(၃)
တောင်သရက်တွေကို ကောင်းကင်ကြိုး နဲ့ သစ်ထုတ်ခဲ့တာ။ အင်္ဂလိပ်လိုတော့ Cabble logging ခေါ်တယ်။ “ကောင်းကင်ကြိုးသွယ် ပုသိမ်သစ်တောနယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ လမ်းစဉ် သတင်းဂျာနယ်မှာတောင် ပါခဲ့ဖူးသေးတယ်။ ခုတ်ပြီး ဖြတ်ပိုင်းပေးပြီးသား သစ်လုံးတွေကို ကောင်းကင်ကြိုးတွေ၊ စက်သီးတွေ ဆင်ပြီး ကိုယ်လိုရာစုပုံဆိပ် (သစ်ဆိပ်) ကို သယ်တာ။ တောင်တွေမတ်စောက်ပြီး သစ်ထုတ် ကားလမ်းဖောက်ဖို့ အခက်အခဲရှိတဲ့ နေရာတွေ၊ စရိတ်စက များမယ့်နေရာတွေမှာ သုံးတယ်။
ရှောပြာသစ်ထုတ်ရေးစခန်းက ခေတ်မီနည်းပညာ၊ စက်ယန္တရားတွေသုံးပြီး သစ်ထုတ်တဲ့ စခန်းဖြစ်တော့ စက်ကိရိယာတွေက စုံတယ်။ စက်လွှ (Chain Saw) ဆိုတာ အဲဒီမှာမှ စမြင်ဖူးခဲ့တာ။ အမျိုးကလည်း အကောင်း စား STIHL တွေသုံးတာ။ ပုံမှန်အားဖြင့် ပုဆိန်ပေါက်ပြီး ငါးမန်းလွှနဲ့ခုတ်လှဲရင် နာရီအတော်ကြာကြာ ခုတ်ရလှဲရတဲ့ အပင်ကြီးတွေဟာ စက်လွှနဲ့ဆိုရင် ခဏလေးနဲ့ သွားပါလေရော။
ကိုယ်လဲစေချင်တဲ့ဘက်ကို ခွံစာအရင် ထုတ်ရတယ်။ အကြမ်းဖျင်းပြောရရင် မြေပြင်ညီ ဖြတ်ကြောင်းတစ်ကြောင်းကို အပင်ခြေရင်းနားမှာ ငုတ်ချန်ပြီး ပင်စည်တစ်ဝက်နီးပါး ဖြတ်တယ်။ အဲဒီပေါ်မှာ ၃၀-၄၅ ဒီဂရီ လောက်စောင်းပြီး တြိဂံပုံ သစ်သားစထွက် သွားအောင် ထပ်ဖြတ်တယ်။ ပြီးမှ သူ့ရဲ့ နောက်ဘက်ကနေ စောင်းနေတဲ့ ဖြတ်လိုင်း တစ်ဝက်လောက်ကို ထပ်ဖြတ်တဲ့အခါမှာ သစ်ပင်က ခွံစာထုတ်ထားတဲ့ဘက်ကို လဲသွားပါတယ်။ တစ်ခါတလေမှာ ဖြစ်ခေါင့်ဖြစ်ခဲ ပြောင်းပြန်လဲတာမျိုး ဖြစ်တတ်တယ်။အန္တရာယ် အများဆုံးက သစ်လင်းတပျံတယ်လို့ ခေါ်ကြတဲ့ သစ်ပင်လဲသွားချိန်မှာ သစ်ပင်အခြေပိုင်းက နောက်ကိုပြန်ထိုးတာပါ။ အဲဒါကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ သစ်ခုတ်လုပ်သားတွေ ရှိဖူးတယ်။
(၄)
ရှောပြာစခန်းမှာ ကောင်းကင်ကြိုးနဲ့ သစ်ထုတ်တာကိုလေ့လာရင်း သစ်ခုတ်တာ၊ ဖြတ်ပိုင်းပေးတာကို လက်တွေ့လုပ်ရတယ်။ စက်လွှတွေဟာ ကျောင်းသားတွေအတွက် ကစားစရာ အသစ်အဆန်းလို ဖြစ်ခဲ့တယ်။ စက်လွှလေးတွေကိုင် ဂိုက်ပေးပြီး ဓာတ်ပုံရိုက် နေကြတာတွေ့တော့ ဆရာကပြောတယ်။
“မင်းတို့ ဒီချိန်းဆောလေးတွေ တကိုင်ကိုင်နဲ့ ဓာတ်ပုံတွေရိုက်တာတော့ ဟုတ်ပါပြီ။ ပြီးရင် သေသေချာချာ ပြန်သိမ်း။ ဒီချိန်းဆောတွေနဲ့ လှဲကောင်းတိုင်းလှဲ၊ ခုတ်ရတာလွယ်တိုင်း ခုတ်နေရင် ဒီတောကြီးတွေ ပြောင်သွားလိမ့်မယ်”
(၅)
အဲဒီခေတ်တုန်းက သစ်ထုတ်ရေးမှာ တောင်မှ စက်လွှတွေ များများစားစား မရှိသေးပါဘူး။ သစ်တောဌာနက သင်းသတ်၊ ပင်ထောင် ရိုက်ပေးထားတဲ့ အပင်တွေကိုပဲ လှဲဖြတ်ပြီး ထုတ်ခဲ့ကြတာ။ နောက်ပြီး သစ်ခိုးတာတွေ၊ တရားမဝင်ထုတ်တာတွေလည်း တွေ့ရတာ အင်မတန်နည်းပါတယ်။ အများအားဖြင့် ခိုးတဲ့သူတွေကလည်း ပုဆိန်လောက်၊ ရဲတင်းလောက်၊ ခွန် (ကောလင်း၊ ဝန်းသိုဘက်ကခေါ် တဲ့ အရိုးရှည်တပ် ပုဆိန်အကြီးစား) လောက်၊ ငါးမန်းလွှလောက်သာ သုံးကြတာ။ တောထဲမှာ ငါးမန်းလွှဆွဲသံ၊ သစ်ခုတ်သံကလည်း ကြားရခဲပါဘိခြင်း။ မက်လောက်တဲ့ ဈေးကောင်းကောင်းနဲ့ရောင်းစရာ ဝယ်သူမှမရှိတာဆိုတော့ ခိုးသူ အများစုကလည်း အိမ်သုံး၊ ဒေသသုံးလောက်ပဲ။
(၆)
ဘွဲ့ရပြီး အလုပ်ဝင်ချိန် ၁၉၈၄ မှာ စိုက်ခင်း လက်ထောက်လုပ်ရတယ်။ ဌာနပိုင်ပစ္စည်းတွေကို စိုက်ခင်းအလိုက် ထုတ်ပေးထားရာမှာ စာရင်းနဲ့ သေသေချာချာသိမ်းရတယ်။ စိုက်ခင်းတစ်ခုမှာ ငါးမန်းလွှဆိုတာ ဘယ်နှလက် မှမပါဘူး။ ဒါပေမဲ့ စနစ်တကျ သိမ်းရတယ်။ အဲဒီအချိန်မှာ ကျင့်သုံးနေတဲ့ သစ်တောဥပဒေက အင်္ဂလိပ်လက်ထက် ၁၉၀၂ ခုနှစ်က ရေးဆွဲခဲ့တဲ့ဥပဒေ။ ပြောတော့သာ ၁၉၀၂ အမှန်က ဒီ့ထက်စောပြီး ပြောစရာတွေရှိတယ်။ ၁၉ ရာစုက စက်မှုတော်လှန်ရေးဖြစ်ပြီး ရထားလမ်းဖောက်တာနဲ့ သင်္ဘောဆောက်တာတွေအတွက် သစ်အကြီးအကျယ်လိုလာတော့ အင်္ဂလိပ်က မြန်မာပြည်ကို မျက်စိကျရာက နယ်ချဲ့သိမ်းပိုက်ခဲ့တယ်။
၁၈၂၄-၂၆ နောက်ပိုင်းမှာ အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီ (British East India Company) က လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရခဲ့ရာမှာ မွန်ပြည်နယ်နဲ့ တနင်္သာရီဒေသက ကောင်းပေ့ဆိုတဲ့ တောကြီးတွေ တော်တော်များများ ပြောင်သွားတယ်။
၁၈၅၂-၅၃ နောက်ပိုင်းမှာ ဘုံဘေဘားမား (Bombay-Burmah)၊စတီးဘရားသား (Steel Brothers)၊ ဖူကာနှင့်ဒီတီဖင်လေး (Fukar and D.T. Finlay) ကုမ္ပဏီသုံးခုကို သစ်ကွက်တွေချပေးလိုက်တာ မဟားတရား ခုတ်ပါလေရော။ သဘာဝတောကြီးတွေ ဘေးသင့်ကုန်တော့ ၁၈၈၁ မှာ သစ်တောဥပဒေ (Forest Act 1881) ထုတ်ပြန်ရပါရော။ ဒါ မြန်မာပြည်ရဲ့ပထမဦးဆုံးသော ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ။
(၇)
နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အင်္ဂလိပ်တွေက ၁၉၀၆၊ ၁၉၂၆၊ ၁၉၃၈၊ ၁၉၄၁ နှစ်တွေမှာ ဖြည့်စွက်ပြင်ဆင် ရေးဆွဲခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ ခေတ်နဲ့မညီတော့တဲ့ ဥပဒေတွေ အသစ် ပြန်ရေးဆွဲစေဆိုပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၂ နိုဝင်ဘာ ၃ ရက်မှာ သစ်တောဥပဒေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဥပဒေ အပိုဒ် ၅၈ နဲ့ ၁၉၀၂ သစ်တောဥပဒေကို ရုပ်သိမ်းခဲ့တယ်။
(၈)
သစ်တောဥပဒေက ပိုခေတ်မီလာတယ်ဆိုပါစို့ဗျာ။ ဒဏ်ကြေးတွေ ပိုဆီလျော်လာတယ် ဆိုတာတောင်မှ ပြောစရာတွေရှိနေပါတယ်။ ဥပမာပြောရရင် အခန်း (၁၀) အပိုဒ်-၃၃ (က) (၁) မှာပါတဲ့ ကျပ်တစ်သောင်းထက် မပိုသော ဒဏ်ကြေးဆိုတာမျိုးပေါ့ဗျာ။ နောက်တစ်ခုက Circular ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ချောချောမောမော ဘာသာပြန်ထားတဲ့ မြန်မာစကားလုံးများ ရှားပါးနေလို့လား မသိပါဘူးဗျာ၊ ဆာကြူလာဆိုပြီး မြန်မာလို အသံဖလှယ် ရိုက်ထည့်ထားတာက ဘဝင်မကျစရာ။ (အ ပိုဒ်-၅၆) ပညာရှင်များကလည်း ကြောက်ကြောက်နဲ့ ဟုတ်ကဲ့၊ ဟုတ်ကဲ့ဆိုပြီး မဟုတ်တာဆို တစ်ခွန်းမခံ ပြန်ပြောကြတဲ့ခေတ်ဗျား။ ဟုတ်ဟုတ်မဟုတ်ဟုတ် ခိုင်းတာလုပ်ပေး၊ မြန်မြန်ပြီး အေးရောဆိုတာတွေကလည်း များခဲ့တာကိုး။
(၉)
ထားပါတော့ဗျာ။ နွားကျောင်း ချောင်း ရောက် ရေသောက် သေးပေါက် ဆိုသလိုမျိုး ဟိုရောက် ဒီရောက်တွေ ဖြစ်ကုန်ပါပြီ။ ဆရာဦးထွန်းလှပြောခဲ့တဲ့ ချိန်းဆောကလေးတွေဆီ ပြန်သွားပါမယ်။ ဒီနေ့ခေတ်မှာ အဲဒီချိန်းဆောတွေက တအားပေါတာကလား။ အရေအတွက်လည်း ပေါတယ်။ ဈေးကလည်း သောင်းဂဏန်း။ လက်လှမ်းမီနိုင်တဲ့ အနေအထား။ သွားရေးလာရေးကလည်း ဆိုင်ကယ်တွေ ပေါလာတယ်။ ကားတွေ ပေါလာတယ်။ အထူးသဖြင့် လိုင်စင်မဲ့တွေဗျာ။
တရုတ်စက်လွှလေးတွေနဲ့ သစ်ပင်လှဲ၊ ဖြတ်ပိုင်းပေး၊ တရုတ်ဆိုင်ကယ်နဲ့ကဲ့ (သယ်)။ တရုတ်ကို မှောင်ခိုရောင်း။ ကောင်းမှကောင်းဗျာ။ ဒါက အနိမ့်စား သစ်သူခိုးတွေ လုပ်ကိုင် နေကြတဲ့ပုံလွှာ။ အမြင့်စားတွေကတော့ အမြင့်မှာစားကြတာလေ။ ပိုစားကောင်းတာပေါ့။ ပိုများပေတော့တာပေါ့။
(၁၀)
ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဧရိယာနဲ့ ဝန်ထမ်းအရေအတွက် မမျှတာ၊ ဝန်ထမ်းတွေ လှုပ်ရှား သွားလာရေးအတွက် ယာဉ်ခက်ခဲတာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်နက်မရှိတာ၊ အလုပ်အကိုင် ရှားပါးတာ၊ ဈေးကောင်းပေးဝယ်တဲ့ မှောင်ခိုဆရာကြီးတွေရှိနေတာ၊ သာဓကတွေက ပြခဲ့လို့ ပြစ်ဒဏ်ဟာ ကြောက်စရာ မရှိပါဘူးဆိုပြီး ခံယူကြတာ ပြောရရင်တော့ အများကြီးပါ။ ဒါတွေကို ဆက်စပ် စဉ်းစားပြီး အဖြေထုတ်ဖို့က ပညာရှင်များရဲ့ အလုပ်။
လောလောဆယ်မှာတော့ မြန်မာပြည် နေရာအနှံ့မှာ လွယ်လွယ်ကူကူ ပေါပေါများများ ရောင်းဝယ် ဖောက်ကားနေတဲ့ ချိန်းဆောတွေနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်မှုတစ်ခု ကျကျနန လုပ်နိုင်မယ်ဆိုရင်ကို တော်တော် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ စွမ်းဆောင်ရည်ပြည့်ပြီး လက်နက်အင်အား အပြည့်အစုံနဲ့ သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်း (Forest Guard) တွေ ပတ္တရောင် မှန်မှန်လှည့်နိုင်မယ်ဆို ပိုကောင်းမှာပါ။ ဒီလို လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်က ပံ့ပိုး ပေးစရာရှိတာတွေကိုတော့ ပြည့်စုံ လုံလောက်စွာ ပံ့ပိုးပေးရမှာပါ။
(၁၁)
လောလောဆယ်မှာတော့ ဟိုအရင်တုန်းက အလှကိုင်ပြီး ဂိုက်ပေးဓာတ်ပုံရိုက်ရာမှာ သုံးခဲ့တဲ့ ချိန်းဆောတွေက ဆရာ့တပည့်တွေကိုရော၊ ဆရာချစ်တဲ့ သစ်တောတွေကိုရော ကောင်းကောင်းကြီး ဒုက္ခပေးနေတယ်ဆရာ ရေဆိုပြီး တိုင်တည်ပြောပြောချင်လိုက်တာ။ ဆရာဦးထွန်းလှသာ သက်ရှိထင်ရှား ရှိနေသေးရင် “အဲဒါကြောင့် ငါပြောတာပေါ့ကွ” လို့များ စိတ်မကောင်းစွာနဲ့ ဆိုလေမလား။