အစိုးရကောင်း

အစိုးရကောင်း
Published 5 April 2016
မောင်ကြည်

ပြည်သူတွေ၏ လိုအပ်ချက် အ၀၀ကို အမြဲတစေ စောင့်ကြည့်လေ့လာပြီး ပြည်သူတွေ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မားပြီး ကြွယ်ဝဖူလုံလာအောင် စွမ်းဆောင်ပေးသော အစိုးရကို ‘အစိုးရကောင်း’ ဟု ယေဘုယျ သတ်မှတ်နိုင်ပါသည်။ အစိုးရကောင်း ဆိုသည်မှာ ပြည်သူကို မျက်ကွယ်မပြု။ ပြည်သူ၏ အကျိုးစီးပွားကို ရှေ့တန်းတင်ကာ ပြည်သူကို ‘အလုပ်ရှင်’ မိမိတို့ အစိုးရကို ‘ပြည်သူ့ဝန်ထမ်း’ အဖြစ် သဘောထားကာ တာဝန်ကျေအောင် ထမ်းဆောင်တတ်သော အစိုးရမျိုးကို ခေါ်ဆိုပါသည်။သို့ဆိုလျှင် အစိုးရကောင်းတို့မှာ မည်ကဲ့သို့သော အရည်အချင်းများ ရှိနိုင်ပါသနည်း။ အစိုးရကောင်းမှန်လျှင် တခြားအရည်အချင်းများ ရှိခြင်း မရှိခြင်းထက် အောက်ပါ အရည်အချင်း (၆) ရပ်နှင့် ပြည့်စုံထားဖို့ လိုပါသည်။ သို့မှသာ အစိုးရကောင်းဟု ခေါ်ဆိုသတ်မှတ်နိုင်ပါလိမ့်မည်။ အဆိုပါ အရည်အချင်း (၆) ရပ်မှာ -(၁) ပြည်သူတွေ ပျော်ရွှင်အောင် ထားနိုင်ခြင်းယခင်က အစိုးရကောင်းတို့၏ စံကို သတ်မှတ်ရာတွင် နိုင်ငံသားတို့၏ ဝင်ငွေဖြင့် တိုင်းတာသတ်မှတ်လေ့ ရှိပါသည်။ နိုင်ငံသားတို့၏ အခြေခံဝင်ငွေသည် စားဝတ်နေရေးကို ပြည့်စုံဖူလုံအောင် ထောက်ပံ့ပေးနိုင်ပါမှ အစိုးရကောင်းဟု သတ်မှတ်ကြပါသည်။ ယခုတော့ ဝင်ငွေပြည့်စုံ ဖူလုံရုံထက်မကတော့။ ပြည်သူတွေ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ဖို့ကို အဓိကထား ရှေ့တန်းတင်လာပါသည်။ပြည်သူတွေ၏ ပျော်ရွှင်မှု အညွှန်းကိန်း တိုးတက်မြင့်မားမှသာ အစိုးရကောင်း ပီသပါသည်။ ပြည်သူတစ်ဦးချင်း၏ စိတ်ထဲမှာ ‘ငါ့ဘဝက အဓိပ္ပာယ်ရှိတယ်’ ဟူသော ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှု၊ အသက်ရှင် နေထိုင်မှုနှင့်အတူ လူအဖြစ်ရရှိခြင်းကို ကျေနပ်ပီတိဖြစ်နေဖို့ လိုအပ်ပါသည်။ပြည်သူတွေ စိတ်ထဲမှာ ပျော်ရွှင်နေမှ လုပ်ချင်ကိုင်ချင်စိတ်ရှိမည်။ မိမိအတွက်၊ မိမိမိသားစုအတွက်၊ မိမိရပ်ရွာ နောက်ဆုံး မိမိတိုင်းပြည်အတွက်ပါ အလုပ်လုပ်ချင်စိတ် ထက်သန် အားကောင်းလာပါလိမ့်မည်။ ထိုကဲ့သို့ ပြည်သူတစ်ယောက်ချင်းက တာဝန်ကျေပွန်လျှင် တစ်နိုင်ငံလုံး တာဝန်ကျေပြီးသား ဖြစ်သွားပါလိမ့်မည်။ တစ်နိုင်ငံလုံး တာဝန်ကျေပွန်ပြီဆိုလျှင် ဘာပြောစရာ လိုပါသေးသနည်း။ ထို့ကြောင့် ပြည်သူတွေ ပျော်ရွှင်အောင် ထားနိုင်ဖို့ အရေးသည် အစိုးရကောင်းတို့ မလုပ်မဖြစ် လုပ်ရမည့် နံပါတ် (၁) ဦးစားပေး အလုပ်ဖြစ်ပါသည်။(၂) ကောင်းမွန်သော ပညာရေး စနစ်ရှိခြင်းလူနှင့်တိရစ္ဆာန် ကွာခြားချက်သည် အသိဉာဏ်ဖြစ်သည်။ လူမှာ ပညာရေးရှိသည်။ တိရစ္ဆာန်မှာ ပညာရေးမရှိ။ ထို့ကြောင့် လူက တိရစ္ဆာန်ထက် သာခြင်းဖြစ်သည်။ ထို့အတူ လူအချင်းချင်းမှာလည်း ပညာတတ်သူနှင့် ပညာမတတ်သူ ကွာခြားသွားသည်။ နိုင်ငံသား အချင်းချင်းမှာလည်း ပညာတတ်သော နိုင်ငံသားနှင့် ပညာမတတ်သော နိုင်ငံသား ကွာခြားသွားပြန်သည်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ယှဉ်ပြိုင်ခြင်းမှာလည်း ‘ပညာ’ သာလျှင် အခရာကျပါသည်။ ပညာတတ်သည့်နိုင်ငံက ပညာမတတ်သည့် နိုင်ငံကို လွှမ်းမိုးသွားမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာလှပါသည်။ပညာတတ်ချင်း အတူတူ အဆင့်မြင့်ပြီး ကောင်းမွန်သည့် ပညာရေးစနစ် ထွန်းကားသည့်နိုင်ငံက ပြည်သူများသည် ထိုကဲ့သို့ ပညာရေးစနစ် မရှိသည့်နိုင်ငံက ပြည်သူများထက် အစစအရာရာ သာသွားပြန်ပါသည်။ ထို့ကြောင့် ပညာရေးစနစ် ကောင်းမွန်ဖို့ အထူး လိုအပ်လှပါသည်။ ပညာရေးစနစ် ကောင်းမွန်အောင် အစိုးရက ဦးဆောင် ဖန်တီးပေးရပါလိမ့်မည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေးမှာ ကောင်းမွန်သော ပညာရေး စနစ်သည်လည်း မရှိမဖြစ် လိုအပ်သော အရာဖြစ်ပါသည်။ အစိုးရကောင်းတို့ မည်သည် ထိုကဲ့သို့ ကောင်းမွန်သော ပညာရေးစနစ်ကို ဖော်ဆောင်ဖန်တီးပေးလေ့ ရှိပါသည်။(၃) ဝန်ထမ်းကောင်းများ ရှိခြင်းအစိုးရ၏ လုပ်ငန်းဆောင်တာများကို အဓိက ကူညီဖြည့်ဆည်းပေးရသူများမှာ အစိုးရ ဝန်ထမ်းများပင် ဖြစ်ပါသည်။ ဦးဆောင် အစိုးရ ဘယ်လောက်ကောင်းကောင်း သူ၏နောက်လိုက် ဝန်ထမ်းများ မကောင်းပါက လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လိမ့်မည် မဟုတ်ပါ။ ခေါင်းဆောင်ကောင်းရှိရုံနှင့်မရ နောက်လိုက်ကောင်းလည်း ရှိဖို့ လိုအပ်ပါသည်။ အစိုးရသည် သူကိုယ်တိုင် လာဘ်ပေးလာဘ်ယူ ကင်းစင်ဖို့ လိုသလို သူ့နောက်လိုက် ဝန်ထမ်းများလည်း အထူး သတိချပ်သင့်ပါသည်။မိမိတို့၏ နောက်လိုက်ဝန်ထမ်းများ ကိုယ်ကျင့်သီလ ကောင်းမွန်ပြီး လုပ်ငန်းကျွမ်းကျင်သည့် စံပြဝန်ထမ်းကောင်းများဖြစ်ဖို့ အရေးသည် ဦးဆောင်အစိုးရမှာ အဓိက တာဝန်ရှိပါသည်။ ထိုကဲ့သို့ စံချိန်မီ ဝန်ထမ်းကောင်းများ ပေါ်ထွက်လာအောင် လေ့ကျင့် ပျိုးထောင်ပေးနိုင်မှသာ အစိုးရကောင်းဟု ခေါ်ဆို သတ်မှတ်နိုင်ပါလိမ့်မည်။တကယ်တော့ ဝန်ထမ်းကောင်းများသည် တိုင်းပြည်၏ ဘဏ္ဍာငွေကို စောင့်ရှောက်သူများဟု တစ်နည်းပြော၍ ရပါသည်။ ဝန်ထမ်းကောင်းများရှိမှ ဘဏ္ဍာငွေ လေလွင့် ဆုံးရှုံးမှုနည်းမည်။ ထိုကဲ့သို့ လေလွင့် ဆုံးရှုံးမှုနည်းမှ တိုင်းပြည်ကို တည်ဆောက်သည့် လုပ်ငန်းများ၌ အကျိုးရှိရှိ သုံးစွဲနိုင်မည်။ ထိုကဲ့သို့ အကျိုးရှိရှိ သုံးစွဲမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်။ ထို့ကြောင့် ဝန်ထမ်းကောင်း ရှိမရှိသည် အစိုးရကောင်း ဟုတ်မဟုတ်ကို တိုင်းတာသည့် ပေတံတစ်ခု ဖြစ်သည်ဟု ပြောရပါလိမ့်မည်။(၄) နိုင်ငံရေး အကျဉ်းသား ကင်းစင်ခြင်းနိုင်ငံတိုင်းမှာ ယုံကြည်ချက်အတွက် အသက်နှင့်ဘဝတွေ ပေးဆပ်ထားသူများ ရှိပါသည်။ ထိုကဲ့သို့ စွန့်လွှတ် အနစ်နာခံသူများကို ညှဉ်းပန်းနှိပ်စက်သော အစိုးရသည် ကောင်းမွန်သည့် အစိုးရ မဖြစ်နိုင်။ဒီမိုကရေစီ နည်းလမ်းကျ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိရမည်ဖြစ်သောကြောင့် အများအကျိုး၊ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးအတွက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုနေသော နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက်ခြင်း မပြုဘဲ တွေ့ဆုံညှိနှိုင်းကာ အဖြေရှာဖို့ ကြိုးစားသော အစိုးရသာလျှင် အစိုးရကောင်း မည်ပါသည်။ထိုကဲ့သို့ မဟုတ်မူဘဲ ထိုင်ခုံနေရာ ရထားချိန်မှာ လုပ်ပိုင်ခွင့် အာဏာကို အသုံးချပြီး ပုဒ်မတွေ တစ်ခုပြီးတစ်ခုတပ်ကာ တရားရုံးတွေ တစ်ခုပြီး တစ်ခုချိန်းဆိုကာ နှိပ်စက်ညှဉ်းပန်းတတ်သည့် အစိုးရမျိုး မဖြစ်ဖို့ လိုအပ်ပါသည်။ တကယ်တော့ လက်ရှိအစိုးရ၏ အမှားများ၊ လိုအပ်ချက်များ၊ ပြုပြင်စရာများကို စေတနာအမှန်ဖြင့် တရားနည်းလမ်းကျစွာ ဝေဖန်ထောက်ပြပြီး ဆန္ဒထုတ်ဖော်နေသော နိုင်ငံရေးသမားများ ရှိသင့်ပါသည်။ထိုကဲ့သို့သော နိုင်ငံရေးသမားများသည် (တစ်နည်းပြောရလျှင်) လက်ရှိအစိုးရကို ထိန်းကျောင်းနေသည့် အတိုက်အခံကောင်းများ၊ ပြိုင်ဖက်ကောင်းများ ဖြစ်ပါသည်။ အတိုက်အခံကောင်း ပြိုင်ဖက်ကောင်းရှိမှ အစိုးရကောင်း ပေါ်ထွက်လာနိုင်ပါသည်။ ထိုအချက်ကို နားလည် သဘောပေါက်ပြီး လက်တွေ့လိုက်နာ ကျင့်သုံးမှသာ အစိုးရကောင်း ပီသပါလိမ့်မည်။(၅) အခွန်စနစ် မှန်ကန်တိကျခြင်းတိုင်းပြည်တစ်ခုမှာ အခွန်စနစ်ကလည်း အဓိက အရေးပါသည့် အခန်းကဏ္ဍမှာ ရှိနေပါသည်။ အခွန်စနစ် မှန်ကန်တိကျမှ တိုင်းပြည်၏ ဘဏ္ဍာငွေ ပုံမှန်လည်ပတ်နိုင်ပါသည်။ တိုင်းပြည်၏ ဘဏ္ဍာငွေ ပုံမှန်လည်ပတ်နိုင်ဖို့ အခွန်ထမ်းပြည်သူတွေ အခွန်ကို မှန်မှန်ကန်ကန်နှင့် တိတိကျကျ ပေးဆောင်ဖို့ လိုပါသည်။ အခွန်ပေးဆောင်ဖို့ ပျက်ကွက်သူများ၊ အခွန်ရှောင်သူများသည် တိုင်းပြည်ဘဏ္ဍာငွေကို ခိုးယူသူများသာ ဖြစ်ပါသည်။တိုင်းပြည်က ထုတ်ပြန်ထားသည့် အခွန်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း တိတိကျကျ လိုက်နာကာ မှန်မှန်ကန်ကန် ပေးဆောင်ဖို့ လိုပါသည်။ ထိုကဲ့သို့ အခွန်စနစ် မှန်ကန်ဖို့ကို အစိုးရက ဦးဆောင်ကြပ်မတ်ဖို့ လိုပါသည်။ မရှိဆင်းရဲသော ပြည်သူများထံမှ အခွန်ငွေကိုတော့ အတင်းအကျပ် တောင်းခံပြီး မိမိတို့နှင့် ပြေလည်နေသည့် ခရိုနီ လုပ်ငန်းရှင်ကြီးများကိုတော့ လက်ဝါးချင်းရိုက်ကာ အခွန်ကင်းလွတ် ခွင့်ပြုထားခြင်းမျိုးကို မပြုလုပ်သင့်ပါ။ ထိုကဲ့သို့ပြုလုပ်သော အစိုးရမျိုးသည်လည်း ဘယ်နည်းနှင့်မျှ အစိုးရကောင်း မဖြစ်နိုင်ပါ။ထို့ပြင် ကောက်ခံရရှိသော အခွန်ငွေသည်လည်း  တိုင်းပြည်၏ ဘဏ္ဍာငွေဖြစ်သောကြောင့် အစိုးရပိုင်၊ တစ်ဦးတစ်ယောက် တစ်ဖွဲ့ပိုင်လည်း မဟုတ်ပါ။ ပြည်သူပိုင်သာ ဖြစ်ပါသည်။ ပြည်သူပိုင်ဖြစ်သော ဘဏ္ဍာငွေကိုလည်း တိုင်းပြည်အတွက် အကျိုးရှိမည့် လုပ်ငန်းများ၌သာ စနစ်တကျ စီမံခန့်ခွဲပြီး ပြန်လည် အသုံးပြုသင့်ပါသည်။ ထိုကဲ့သို့ အသုံးပြုမှသာ အခွန်စနစ် မှန်ကန်တိကျသည်ဟု ပြောနိုင်ပါလိမ့်မည်။ ထိုကဲ့သို့ မှန်ကန်တိကျအောင် စွမ်းဆောင်နိုင်မှ အစိုးရကောင်း ပီသသည်ဟု ခေါ်ဆိုနိုင်ပါသည်။(၆) လူအိုများ ငြိမ်းချမ်းပျော်ရွှင်ခြင်းတိုင်းပြည်အတွင်းရှိသော သက်ကြီးရွယ်အိုများ၏ ဘဝနေထိုင်မှုကို လျစ်လျူရှုထားဖို့ မသင့်ပေ။ အသက်ကြီးပြီး ဘာမျှမလုပ်နိုင် မကိုင်နိုင်တော့သည့် အရွယ်မို့ အသုံးမဝင်တော့ဘူးဟု မထင်မြင် မယူဆသင့်ပေ။ လူ့ဘဝ၏ ဇရာသဘောအရ ဘဝနေဝင်ချိန်ကို စောင့်မျှော်နေသော သက်ကြီးရွယ်အိုများကို သေချာစွာ ဂရုတစိုက် ပြုစုစောင့်ရှောက်ထားဖို့ လိုပါသည်။တစ်ချိန်က မိသားစုအတွက်၊ ရပ်ရွာအတွက်၊ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သောကြောင့် အဆိုပါ သက်ကြီးရွယ်အိုများကို ပေယျာလကန် ဥပေက္ခာပြုထားခြင်းသည် တာဝန်မဲ့သော လုပ်ရပ်သာ ဖြစ်သည်။ သူတို့၏ ဘဝနေဝင်ချိန်ကို ငြိမ်းချမ်းပျော်ရွှင်စွာ ကုန်လွန်နိုင်အောင် ဂရုတစိုက် ဖေးမကူညီခြင်းအားဖြင့် သူတို့၏ကျေးဇူးကို တစ်ဖန်ပြန်လည်၍ တုံ့ပြန်ဆပ်သင့်ပါသည်။ အထူးသဖြင့် အဆိုပါ သက်ကြီးရွယ်အိုများ ကိုယ်ကျန်းမာ စိတ်ချမ်းသာနှင့် ဘဝကူးကောင်းဖို့ လိုအပ်ပါသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများ၏ ဘဝငြိမ်းချမ်းရေးကို အလေးပေး ဆောင်ရွက်သည့် အစိုးရမျိုးဖြစ်မှသာ အစိုးရကောင်း ပီသပါလိမ့်မည်။တကယ်တော့ တိုင်းသူပြည်သားများ အရွယ်သုံးပါးစလုံး၌ ငြိမ်းချမ်းသာယာပြီး နေချင့်စဖွယ် တိုင်းပြည်ဖြစ်အောင် ဆွဲဆောင် ဖန်တီးပေးဖို့  အစိုးရကောင်းတိုင်းမှာ တာဝန်ရှိပါသည်။ ထို့ကြောင့် အထက်ပါ အရည်အချင်း (၆)ရပ်နှင့် ပြည့်စုံနေမှသာ အစိုးရကောင်းဟု ခေါ်ဆို သတ်မှတ်နိုင်ပါလိမ့်မည်။
(ကိုးကား။    ။ ဆရာညီမင်းညို၏ ဟောပြောချက်)