ဆင်းရဲခြင်း နောက်ဆက်တွဲ

ဆင်းရဲခြင်း နောက်ဆက်တွဲ
Published 24 March 2016
ဆောင်းေ၀ (နတ်မောက်)

တစ်နေ့မှာ သင်တန်းမှာ သင်ကြားနေတဲ့ ဆရာမက စာသင်ရင်း စကားစပ်မိသွားတာနဲ့ ကလေးငယ်တွေရဲ့အကြောင်းနဲ့ ရပိုင်ခွင့်တွေကို ပြောပြပါတယ်။ ကလေးငယ်တစ်ယောက်ကို နိုင်ငံတကာမှာ အသက်ဆယ့်ရှစ်နှစ် မပြည့်မီ အလုပ်ခိုင်းခွင့်မရှိကြောင်းနဲ့ ဥပဒေအရ ငြိစွန်းကြောင်းတွေကို အကျယ်တဝင့် ရှင်းပြပါတယ်။ သင်တန်းသူ သင်တန်းသားတွေကလည်း လူငယ်ချာတိတ်အရွယ်တွေကများတော့ အားလုံးပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါတယ်။ လက်ဖက်ရည်ဆိုင်တွေ ဈေးဆိုင်တွေနဲ့ အိမ်အကူအလုပ်တွေမှာ ကလေးငယ်တွေကို အတော်များများ တွေ့မြင်ဖူးကြပေမယ့် ဒီအရွယ်ကို ခိုင်းခွင့်မရှိကြောင်းနှင့် ဥပဒေနဲ့ မလွတ်ကင်းကြောင်း မသိကြပါဘူး။ နေ့စဉ်နေ့စဉ် ကလေးငယ် အရွယ်တွေ နေရာမျိုးစုံမှာ ပုံစံအမျိုးမျိုးနဲ့ အလုပ်လုပ်နေကြတာ မြင်နေရပေမယ့် ဘာသိဘာသာပါပဲ။ ဘယ်အရွယ်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကြီးကြီးငယ်ငယ် ခိုင်းလို့ရတာပဲ ထင်ခဲ့ကြတာကိုး။
ဒါနဲ့ ဆရာမနဲ့ သင်တန်းသားတွေက စကားအရှိန် ရလာရင်းနဲ့ ကလေးငယ်တွေကို အသက်ဆယ့်ရှစ်နှစ် မပြည့်မီ (ဝါ) အလုပ် မလုပ်သင့်သေးတဲ့အရွယ်မှာ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို မလုပ်ခိုင်းသင့်ကြောင်း အားလုံးပဲ တက်ညီလက်ညီ ဝိုင်းဝန်းဆွေးနွေးကြပါတယ်။ ပြီးတော့ ပညာသင်ယူရမယ့်အရွယ် ဖြစ်တဲ့အတွက် ပညာတစ်ခုတည်းကိုပဲ သင်ယူရမယ်လို့ အားလုံးပဲ သဘောတူ လက်ခံထားကြတယ်။ အားလုံးရဲ့အမြင်က ကလေးငယ်တွေကို အလုပ်တွေထဲကနေထုတ်ပြီး ပညာသင်ကြား ပေးသင့်တယ်ပေါ့။ ဒါပေမဲ့ ခက်တာက အဲဒီကလေးငယ်တွေရဲ့ မိဘတွေက သူတို့ကလေးတွေကို အလုပ်မလုပ်ခိုင်းတာကို သဘောတူကြပါ့မလားပေါ့။ ဆိုလိုတာက မိဘတွေကိုယ်တိုင်က ပိုက်ဆံလိုချင်လို့ သူတို့ကလေးငယ်တွေကို အလုပ်လုပ်ခိုင်းထားကြတာ များပါတယ်။ အဲဒီကလေးမိဘတွေက သူတို့ကလေးတွေကို အလုပ်ထဲကနေ ထုတ်တာကို သဘောတူကြမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာ တောနယ်ဘက်က ကောင်လေးတစ်ယောက်ဟာ စားပွဲထိုးအဖြစ် လုပ်ကိုင်နေပါတယ်။ ဒီကောင်လေးအသက်ဟာ အလွန်ဆုံးရှိမှ ဆယ့်လေးငါးနှစ်ပါ။ ကျွန်တော်တို့ နယ်ဘက်ကဖြစ်နေတော့ ဒီကောင်လေးရဲ့ မိဘတွေနဲ့လည်း ကျွန်တော်နဲ့ရင်းနှီးပါတယ်။ အဲဒီအနေအထားမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို ပြောလိုက်ရမလား ဒီအသက်အရွယ်ဟာ အလုပ်လုပ်ခိုင်းသင့်တဲ့ အရွယ်မဟုတ်တဲ့အတွက် အလုပ်မခိုင်းဖို့ပေါ့။ အဲဒီလိုသွားပြောရင် ဆိုင်ပိုင်ရှင်ကတော့ လက်ခံရင်လည်း လက်ခံပါလိမ့်မယ်။ အသက်ပြည့်တဲ့ နောက်ထပ်အလုပ်သမားသစ်တစ်ယောက်ကို ထပ်ပြီးရှာရင်လည်း ရှာနိုင်ပါတယ်။ ဒါပေမဲ့ စားပွဲထိုးကောင်လေးရဲ့ မိဘတွေကတော့ လက်မခံကြမယ့် အခြေအနေက ပိုများပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီကောင်လေးရဲ့ဝင်ငွေက သူတို့မိသားစုတာဝန်ကို တစ်ဖက်တစ်လမ်းက တာဝန်ယူထားလို့ပါ။ သူတို့သားကို အလုပ်မလုပ်ခိုင်းတော့ရင် ဝင်ငွေရမှာ မဟုတ်တော့ဘူး။ ကျောင်းပြန်ထားရင်လည်း ဝင်ငွေမရတဲ့အပြင် ကျောင်းစရိတ်တောင် ထပ်ကုန်ပါဦးမယ်။ ဒီနိုင်ငံမှာ ကလေးတွေကို အလုပ်လုပ်ခိုင်းတယ်ဆိုတာ ချမ်းသာတဲ့ မိသားစုတွေက သူတို့သားသမီးတွေကို အလုပ်ထဲပို့ကြတာ မဟုတ်ပါဘူး။ ဆင်းရဲတဲ့ မိသားစုတွေကပဲ သူတို့သားသမီးတွေကို ဝင်ငွေ အနည်းအကျဉ်းရသည်ဖြစ်စေ အလုပ်လုပ်ခိုင်းနေကြတာပါ။ အဲဒါမျိုးဖြစ်ရပ်တွေဟာ ဒီနိုင်ငံမှာ အများကြီးပါ။ ကျွန်တော်တို့ရပ်ကွက်ထဲက ကားဝပ်ရှော့တစ်ခုလည်း အဲဒီလိုပါပဲ။ အသက်ဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ် ကလေးတွေရှိပါတယ်။ ဒီလိုမျိုးအဖြစ်တွေက ဒီနိုင်ငံမှာအများကြီးပါ။ ဒါကို အလုပ်ရှင်ဆီသွားပြီး ကလေးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းနေတယ်လို့သွားပြောရင် သူအနေနဲ့ အလုပ်သမားအသစ်တစ်ယောက် ထပ်ရှာလိုက်ရုံပါပဲ။ အလုပ်အကိုင်နဲ့ အခွင့်အလမ်းနည်းနဲ့ ဒီနိုင်ငံမှာ အလုပ်သမားတွေ ပေါများပါတယ်။ အလုပ်ရှင်အတွက်က ပြဿနာမဟုတ်ပါဘူး။ ပြဿနာရှိတာက အလုပ်သမားဖြစ်တဲ့ ကလေးငယ်ရဲ့ မိဘတွေ (ဝါ) မိသားစုတွေပါ။ သူတို့မိဘတွေက သူတို့ဆီက ဝင်ငွေကို လိုချင်လို့ အလုပ်လုပ်ခိုင်းထားကြတာပါ။ အဓိကကတော့ လူတွေ ဝင်ငွေမလုံလောက်တော့တာ၊ ဆင်းရဲဒုက္ခရောက်နေကြတာ၊ အစစအရာရာကို လိုအပ်ချက်တွေ ရှိနေကြ တာပါ။ ဘယ်လိုမိဘမျိုးကများ ကိုယ့်သားသမီးကို အခြားသူတွေရဲ့ ခိုင်းစေမှုကို လိုချင်မှာပဲ။ အသက်မပြည့်သေးတဲ့ အရွယ်မှာ အလုပ် မလုပ်ခိုင်းသင့်ဘူးဆိုတာ လူတိုင်း နားလည်နိုင်တဲ့ကိစ္စပါ။ မိဘတိုင်းကတော့ သူတို့ သားသမီးတိုင်းကို ပညာကိုဆုံးခန်းတိုင်အောင် သင်ပေးချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ တချို့မိသားစုတွေကို ဒီလိုမျိုးလုပ်ဖို့ စီးပွားရေးက ခွင့်မပြုခဲ့ပါဘူး။ ကျွန်တော်တို့ ကလေးငယ်ဘဝတုန်းကဆို မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးတစ်ယောက် အလုပ်လုပ်ရင် တစ်မိသားစုလုံး ထိုင်စားလို့ရပါတယ်။ သာရေးနာရေးတွေ အတွက်လည်း ထည့်ဝင်ဖို့ငွေလည်း ဒီလောက်မပူပင်ခဲ့ကြရပါဘူး။ ဒါပေမဲ့ ဒီနေ့ခေတ်ကတော့ တစ်မိသားစုလုံး လုပ်ငန်းခွင်ထဲ ဝင်တာတောင်မှ စားဝတ်နေရေးက အနိုင်နိုင်ပါ။ ဒါတောင်ကျန်းမာရေးတို့ သာရေးနာရေးတို့ ပေါ်လာရင် ထပ်ဆင့်ရှာဖွေနေရတဲ့ အခြေအနေက ရှိနေပါသေးတယ်။ ဆင်းရဲ ချမ်းသာ ကွာဟတဲ့ ပြဿနာဟာ ပိုပြီးကြီးထွားလာနေပါပြီ။ လူတန်းစား ညီမျှရေးတွေ ဘယ်လောက်ပင် လူကြားကောင်းအောင် ပြောနေကြပေမယ့် တကယ့်လက်တွေ့ ဘဝကတော့ ပိုလို့သာ ဆိုးလာနေပါတော့တယ်။ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး အခုရန်ကုန်မှာဆိုရင် ပညာတတ်လူငယ်တွေ စုပေါင်းပြီး ရွေ့လျားပညာရေးစနစ်နဲ့ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ ကလေးငယ်တွေကို ပညာလိုက်သင်ပေးနေတာ မီဒီယာတွေထဲမှာ ကြားသိနေရပါတယ်။ တချို့လူငယ်တွေဟာ အုပ်စုဖွဲပြီး မီးပွိုင့်တွေမှာ ပန်းရောင်းနေတဲ့ ကလေးငယ်တွေကို ပန်းကူရောင်းသူကရောင်း၊ ပညာသင်ပေးသူက သင်ပေးနဲ့ ရွေ့လျား ပညာသင်ကြားရေးစနစ်နဲ့ လုပ်ဆောင်နေကြတာပါ။ သိပ်မတွင်ကျယ်သေးပေမယ့် ပရဟိတ လူငယ်တွေကတော့ အားကြိုးမာန်တက် လုပ်ဆောင်လာနေကြပါတယ်။ တကယ်တော့ ဒါဟာ ကလေးငယ်တွေ အတွက် အစိုးရက သီးသန့်စဉ်းစားပေးရမယ့် ကိစ္စတွေပါ။ ထိုင်းမှာဆိုရင် အစိုးရက ကျောက်သင်ပုန်းလို့ခေါ်တဲ့ တက်ဘလက်ကိုတောင် ကျောင်းသားတိုင်းကို အလကားပေးခဲ့ကြတယ်လို့ သိရပါတယ်။ နောက်တစ်ချက်က ရွေ့လျား ပညာသင်ကြားရေးမှာလည်း အားနည်းချက်တွေ ရှိနေပါတယ်။ အလွတ်တမ်း အလုပ်လုပ်နေတဲ့ ကလေးငယ်တွေအတွက် ပြဿနာမဟုတ်ပေမယ့် အလုပ်ရှင်နဲ့ အလုပ်လုပ်နေတဲ့ ကလေးငယ်တွေအတွက် ဒီလိုလုပ်ရင် အလုပ်ရှင်ကကော ရေရှည်မှာ အမြဲတမ်းခွင့်ပြုပါ့မလား။ သူတို့လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ ကလေးငယ်တွေရဲ့ အချိန်တွေကို အလုပ်ရှင်က ပိုင်နေတာဖြစ်တဲ့အတွက် သူတို့ အချိန်ကို ဖဲ့ပေးကြပါ့မလား။ တချို့က ခွင့်ပြုတယ်ဆိုရင်တောင် ခွင့်မပြုတဲ့ အလုပ်ရှင်တွေလည်း ရှိနေနိုင်ပါတယ်။
ခုလောလောဆယ်နိုင်ငံရဲ့ စီးပွားရေးနဲ့ လူနေမှုစနစ်အရ သေချာတာတစ်ခုကတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို အလုပ်ခွင်ထဲကနေ ထုတ်ပစ်လို့ရပါ့မလားပေါ့။ လွှတ်တော်ထဲမှာတော့ ကလေးငယ်တွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို တင်သွင်း ပြီး ဥပဒေအရ သူတို့အခွင့်အရေးကို ကာကွယ်ဖို့ လုပ်ဆောင်နေကြတယ်လို့ ကြားရပါတယ်။ ကလေးငယ်တွေရဲ့မိသားစု ဆင်းရဲမှု ပြဿနာကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ မြို့ပြတွေမှာ တချို့ချမ်းသာတဲ့သူတွေမှာ ငွေကြေးကိုထားစရာမရှိအောင် ချမ်းသာနေကြပြီး အချို့တောနယ်ဘက်က ဆင်းရဲတဲ့ မိသားစုတွေမှာ စားစရာမရှိတဲ့သူက စားစရာကို မရှိကြတာပါ။ ရန်ကုန်လိုမြို့ကြီးမှာတောင်မှပဲ မြို့နယ်အတော်များများမှာ လမ်းဘေးဈေးဆိုင်လေးတွေဟာ အတော်များပါတယ်။ မြို့လယ်ကောင်လို နေရာမျိုးမှာတောင်မှ လမ်းသွားစရာနေရာမရှိအောင်ကို ပလက်ဖောင်းနဲ့ ကားလမ်းဘေးတွေမှာ ဈေးရောင်းနေကြတာဟာ လမ်းသွားလမ်းလာတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ လူအများစုဟာ တစ်နိုင်တစ်ပိုင် ဈေးဗန်းလေးတွေ ရှေ့ချပြီး ဈေးရောင်းနေတဲ့ လူတွေများလာ တာဟာ ဘာကိုပြနေတာလဲဆိုရင် နိုင်ငံ့ဆင်းရဲမှု ပြဿနာကို မီးမောင်းထိုးပြနေတာပါ။ လူတွေဟာ ဆင်းရဲလွန်းတော့ စီးပွားရေးကို အကြီးကြီးမလုပ်နိုင်ကြဘူး။ လုပ်ငန်းကြီးလုပ်ဖို့ မစဉ်းစားနိုင်ဘူး။ လောလောဆယ် စားဝတ်နေရေး အဆင်ပြေဖို့ကိုပဲ ဦးစားပေးနေကြရပါတယ်။ အရင်နှစ်တွေနဲ့စာရင် ဒီဘက်နှစ်များမှာ ပိုပြီးထင်ရှားလာနေတာက လုယက်မှုတွေပါ။ ရန်ကုန်မြို့ကြီးမှာတောင် လူပြတ်လပ်တဲ့ နေရာတွေမှာ တစ်ယောက်တည်း သွားလာမိရင် ဓားနဲ့ထောက် လုယက်တာတွေ၊ ဆိုင်ကယ်နဲ့ လုယူသွားကြတာတွေ၊ နေ့ခင်းကြောင်တောင်မှာ တိုက်ခန်းတွေထဲ ဝင်ပြီး ပစ္စည်းဝင်ခိုးကြတာတွေ၊ အငှားကားမောင်းသူက ခရီးသည်ဆီက လုယက်တာတွေ၊ ခရီးသည်က ကားမောင်းသမားကို ကားပေါ်က ကန်ချခဲ့ပြီး ကားခိုးထွက်ပြေးတာတွေဟာ လူတွေရဲ့ ငွေကြေးလိုအပ်ချက်ကို ပြနေတာပါ။ ဒီနှစ်နှစ်စပိုင်းမှာထွက်လာတဲ့ အစီရင်ခံစာတစ်ခုက အာရှတိုက်ထဲရှိ အဆင်းရဲဆုံးနိုင်ငံများကို ဖော်ပြရာမှာ အာဖဂန်နစ္စတန်ဟာ ပထမဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံဟာ ဒုတိယ အဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ တစ်ယောက်ချင်းဝင်ငွေ၊ မိသားစုဝင်ငွေနဲ့ ပတ်သက်ရင် အိမ်နီးချင်း နိုင်ငံများဖြစ်ကြသော ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအို၊ ဘရူနိုင်းနိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့အထက်မှာ ရှိနေပါ တယ်။ ပန်းတနော်ဇာတိဖြစ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် နှစ်ခါဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ရဲ့ စကားတစ်ခွန်းရှိပါတယ်။ “တိုးတက်သော လူများသည် စာဖတ်ကြသည်။ စာဖတ်သော လူများသည် တိုးတက်ကြသည်။”တဲ့
ကမ္ဘာမှာလည်း အာရှတိုက်ထဲရှိ စင်ကာပူနိုင်ငံက စာကြည့်တိုက်တွေ၊ ဂျပန်နိုင်ငံက ဘာသာပြန်ဌာနတွေဟာ နာမည်ကြီးပါတယ်။ မြန်မာနိုင်ငံက မျိုးဆက်ပေါင်းများစွာဟာလည်း စာဖတ်ချင်ကြပါတယ်။ ဒါပေမဲ့ ခက်တာက စာဖတ်ဖို့ အချိန်မရှိကြပါ။ မနက်ကနေ ညပိုင်းအထိ အလုပ်လုပ်နေတာတောင်မှ မိသားစုတာဝန်ကို တစ်စိတ်တစ်ပိုင်းပဲ အထောက်အကူရနေတာပါ။ ဒီနိုင်ငံမှာ အချိန်ပိုင်းတို့၊ အချိန်ပိုတို့၊ အလုပ်သမား အခွင့်အရေးတို့၊ အချိန်နှင့်အမျှ လုပ်အားခရတာတို့ မရှိသေးတော့ လူငယ်တွေဟာ မှားယွင်းတဲ့ စနစ်အောက်မှာ ပြားပြားမှောက် လှိမ့်ခံနေကြရဆဲပါ။ ဆိုလိုတာက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အလုပ်မလုပ်စေဖို့ တရားဥပဒေနဲ့ ကာကွယ်ပေးနိုင်ပါတယ်။ ကျောင်းတက်ခိုင်း ပညာသင်ခိုင်းနိုင်ပါတယ်။ ဒါပေမဲ့ စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစုတွေအနေနဲ့ အခက်အခဲ တွေ့နိုင်ပါတယ်။ ပြဿနာအားလုံးရဲ့ အခြေခံ အကြောင်းတရားက စီးပွားရေးအဆင်မပြေခြင်းနဲ့ နိုင်ငံဆင်းရဲလို့ပါ။ နိုင်ငံ ချမ်းသာလာရင် နိုင်ငံတော်မှာ လူလတ်တန်းစားများလာရင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးစတာတွေဟာ ကျွဲကူးရေပါ အားလုံးအဆင်ပြေလာပါလိမ့်မယ်။ ပညာရေးနဲ့ စီးပွားရေးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်ဆိုတာ မှန်ပေမယ့် နိုင်ငံတော်နဲ့ချီပြီး ပညာတတ်တွေများလာဖို့အတွက် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရမှာဖြစ်တဲ့အတွက် စီးပွားရေးအဆင်ပြေဖို့ကို အရင် ဦးစားပေးသင့်တယ်လို့ ထင်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ပိုက်ဆံချမ်းသာတဲ့ မိသားစုတွေသာ ပညာတတ်တွေများတာ တွေ့ရပါလိမ့်မယ်။ ယေဘုယျအားဖြင့်ပါ။ ဒါကြောင့် အရေးအားလုံးထဲမှာ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် အရင်လုပ်သင့်တယ်လို့ ထင်ပါတယ်။ စီးပွားရေးတိုးတက်ဖို့အတွက် အစိုးရအဖွဲ့ တစ်ခုတည်းအပေါ်မှာ မူတည်တာတော့ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ တက်ကြွတဲ့စိတ်၊ တိုးတက်လိုစိတ်၊ စည်းကမ်းရှိသော အမူအကျင့် အားလုံးအပေါ်မှာ မူတည်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးရေးဟာ အရေးတကြီး လိုအပ်တယ်ဆိုတာကို အစိုးရနဲ့ ပြည်သူအားလုံး နားလည် သဘောပေါက်ကြပြီးသားပါ။ လက်တွေ့ အကောင်အထည်ဖော်နိုင်ကြဖို့ပဲ လိုနေတာပါ။ အစိုးရသစ်နဲ့ နိုင်ငံတော်သစ်မှာ အလုပ်အကိုင် အခွင့်အလမ်းသစ်များနဲ့တကွ ဖွံ့ဖြိုးတိုးတက်သော ခေတ်သစ်ကို မြင်တွေ့ခွင့်ရတော့မယ်ဆိုတဲ့ ပြင်းပြတဲ့စိတ်ဆန္ဒတွေနဲ့  ပြည်သူအားလုံး မျှော်လင့်နေကြပါတယ်။

Most Read

Most Recent