စိုက်ထူရမည့် မဏ္ဍိုင် တစ်ရပ်

စိုက်ထူရမည့် မဏ္ဍိုင် တစ်ရပ်
Published 23 March 2016
တက္ကသိုလ်မိုးဝါ

အတော် ရင်းနှီးခဲ့ဖူးသော စာရေးဆရာ တစ်ယောက် ရေးသည့် စာတစ်ပုဒ်ကို မကြာမီကမှ ဖတ်မိလိုက်ရာ ဆောင်းပါးတစ်ပုဒ် ရေးရန် ယင်းမှတစ်ဆင့် အကြောင်းဖန်လာသည်။ ထိုစာရေးဆရာသည် သရော်စာ၊ ထေ့လုံးငေါ့လုံးပါသော စာများ ရေးရာတွင် အလွန် သမ္ဘာရင့်ပြီး ထိထိမိမိ ရှိသဖြင့် သူ့စာကို မလွတ်တမ်း ဖတ်သည်။ ယခုတော့ သူ၏ စာစုထဲတွင် သံတူကြောင်းကွဲ စကားလုံး နှစ်ခု ဖြစ်သည့် ‘ကြောက်’ နှင့် ‘ကျောက်’ ကို မြွေကို ကိုင်တွယ်သည့် အလိမ္ပာယ် ဆရာ၏ ကျွမ်းကျင်မှုမျိုးဖြင့် ကိုင်တွယ် ရေးသားသွားသည်။သူ၏ ဆောင်းပါးထဲ၌ ယခင်ကဆိုလျှင် မိန့်ခွန်းဖြစ်ဖြစ်၊ စကားဖြစ်ဖြစ် ပြောပါက ပြောချင်သည်ကို ပြော၍ မရသော်လည်း ယခုတော့ ‘ကြောက်’ ရသည့် ကာလ ကုန်သွားပါပြီဟု ရေးသည်။ ဆက်လက်၍ ‘ကျောက်’ ရသည့် ကာလလည်း ကုန်ပါပြီဟု အရွှန်းဖောက်သလိုနှင့် သရော်သည်။ (သူ၏ ရည်ညွှန်းချက်ထဲတွင် ဖားကန့်မှ ကျောက်များအား ဆိုလိုခြင်းဟု နားလည်ရပါသည်။) ထို ဆရာရေးသည့် ‘‘ကြောက်ရသည့် ကာလ ကုန်ပါပြီ’’ ဆိုသည်မှာ အမှန်တကယ်ပဲလား၊ စာရေးသူ အဖို့တော့ မသေချာသေး။ ကြောက်ခြင်းနှင့် မကြောက်ခြင်း၊ ကြောက်တတ်သူနှင့် မကြောက်တတ်သူတို့၏ လွန်ဆွဲပွဲတွင် မည်သည်က အနိုင်ရရှိမည်နည်း။စစ်အာဏာရှင် လက်ထက် ကာလတစ်လျှောက်လုံး ကြောက်ခဲ့ရသည်တော့ ငြင်းဖွယ်ရာ မရှိ။ ဒီကြားထဲ အနုပညာ ကဗျာစာပေသမားများ အဖို့ ပိုဆိုးသည်။ မိမိ၏ ရင်တွင်း ခံစားချက်များအား ထုတ်ဖော်ပြောကြား၊ ရေးသားမိလိုက်သည်နှင့် ‘ဘာများ ဖြစ်မလဲ’ ဟု တထင့်ထင့် စောင့်မျှော်နေခဲ့သည့် အတွေ့အကြုံလည်း မနည်းလှ။ စာရေးသူကတော့ ကြောက်တတ်သူများအနက် တစ်ယောက် အပါအဝင် ဖြစ်သည်။ တကယ်တမ်းတော့ ဓမ္မကြောင်းအရ လေးလေးနက်နက် တွေးခေါ် ဆန်းစစ်ကြည့်ပါက ကြောက်တတ်သူသာ ဖြစ်သင့်သည်။  ဗုဒ္ဓ တရားတော်များအရ ကြောက်စရာ၊ သို့မဟုတ် အကြောက်တရား လေးမျိုးရှိသည်ဟု နာခံခဲ့ဖူးသည်။ အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေး၊ ဒဏ္ဍဘေး၊ ဒုဂ္ဂတိဘေးဟူသော ဘေးလေးမျိုးအနက် ဒဏ္ဍနုဝါဒဘေး သင့်မည်ကို ပို၍ ကြောက်သည်။ ကျန်သည့်ဘေး သုံးမျိုးကို မကြောက်၍တော့ မဟုတ်ပေ။သာဓကတစ်ခု အနေဖြင့် ၁၉၇၃ ခုနှစ် ရန်ကုန် စက်မှုတက္ကသိုလ် စက်မှုအင်ဂျင်နီယာ နောက်ဆုံးနှစ် ကျောင်းသားများ ဘွဲ့ယူရန် ကျမ်းပြုစုခဲ့သည့် အချိန်ကာလသို့ ပြန်သွားပါမည်။ ၎င်းကျောင်းသားများသည် လက်တွေ့ဆောင်ရွက်မှုတစ်ခု အနေဖြင့် ဟိုဗာခရပ်ဖ် (Hovercraft) ဟုခေါ်သော မြေပေါ်ရေပေါ် ရှပ်ပြေးယာဉ် တစ်စင်းကို တီထွင်ရန် ဆရာတစ်ဦး၏ ကြီးကြပ်မှုဖြင့် တည်ဆောက်ခဲ့ရာ အောင်မြင်စွာ ပြီးစီးခဲ့သည်။ ယင်းအောင်မြင်မှု အကြောင်းအရာနှင့် ပတ်သက်၍ မှတ်တမ်းပြု ဆောင်းပါး တစ်ပုဒ်ကို ကျောင်းမှ ကဗျာဆရာ တစ်ဦးက ရေးခဲ့သည်တွင် စာစောင်ထဲ၌ ဖော်ပြခွင့် မရဘဲ အာဏာပိုင်တို့၏ တားဆီး ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ဆောင်းပါး သာမက ထိုလက်တွေ့ အောင်မြင်မှု ဖြစ်စဉ်ကိုပင် အများပြည်သူသို့ ထုတ်ပြန် ကြေညာခွင့် မရဘဲ နှစ်ကာလ ကြာလာသည်နှင့်အမျှ အမေ့ပျောက်ခံ စာရင်းထဲ သွတ်သွင်း ခံလိုက်ရသည်။ ဖြစ်စဉ်၏ အကြောင်းခြင်းရာ အမှန်ကို သုံးသပ်ကြည့်ပါက မြန်မာနိုင်ငံတွင် စက်မှုတက္ကသိုလ် ကျောင်းသားတို့၏ ပထမဆုံး အောင်မြင်တီထွင်မှု ဖြစ်သဖြင့် အုပ်ချုပ်ရေးပိုင်း အဆင့်ဆင့်မှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် အထက် ပုဂ္ဂိုလ်ကြီးအား မသိစေရန် ဝိုင်းဝန်း ဖုံးဖိလိုက်ကြသည့် အဖြစ်အပျက် တစ်ရပ် ဖြစ်သည်ဟု သုံးသပ်ရမည်။ ယင်းမှာ အာဏာရှင် အဝန်းအဝိုင်း အတွင်းရှိ အဆင့်ဆင့် ရိုက်သွင်းထားသည့် အကြောက်တရားများကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။လောကတွင် အကြောက်တရားသည် မလိုလားအပ်သော အရာ၊ တိုးတက် ကြီးပွားခြင်းအား အဟန့်အတားပြုသည့် အရာ ဖြစ်သည်။ ယင်း၏ ဆန့်ကျင်ဘက်ဖြစ်သော မကြောက်တရားသည်သာ သတ္တိဖြစ်၍ အသိ အလိမ္မာနှင့် တွဲဖက်လိုက်ပါက သူရဲကောင်းတို့၏ လက္ခဏာ ပေါ်ထွန်းလာသည်ကို တွေ့ရပေမည်။ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ပါရှိသော လူသားတိုင်း၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်၊ စိစစ်ဝေဖန် သုံးသပ်ပိုင်ခွင့်အတိုင်း အခြေအနေတစ်ရပ် အမှန်တကယ် ပေါ်ထွန်းလာပြီ ဆိုပါက အကြောက်တရားသည်လည်း မှေးမှိန် ကွယ်ပျောက်သွားမည်သာ ဖြစ်သည်။မြန်မာနိုင်ငံတွင်း ကွမ်းစားသုံးသူများ အဆမတန် များပြားလာခြင်းနှင့် ပတ်သက်၍ ဂျာနယ် တစ်စောင်တွင် အသက် ၁၃ နှစ် အထက်ကျောင်းသားများ၏ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း အလေ့အထတို့ကို ဆန်းစစ်လေ့လာ သုတေသန ပြုလုပ်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်းရကြောင်း ဖတ်ရှုရသည်။ အဆိုပါ သုတေသနကို ကျောင်းကျန်းမာရေးဌာန အပါအဝင် ပညာရေး ဝန်ကြီးဌာနနှင့် အခြားလူမှု အဖွဲ့အစည်း ပူးပေါင်းလုပ်ဆောင်ရန် ဖြစ်သည် ဆိုသည်။ ကွမ်းစား ဆေးလိပ်သောက်ခြင်း အကြောင်းရင်းကို ရှာဖွေရန်ဖြစ်ပြီး မြန်မာနိုင်ငံ၌ ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှစ်စဉ် လူခုနစ်သောင်းကျော် သေဆုံးလျက် ရှိသည်ဟု ပြောသည်။လွန်ခဲ့သည့် နှစ်ပေါင်း ထောင်ချီကတည်းက ကွမ်းနှင့် ကွမ်းယာဝါးသော ဓလေ့သည် အိန္ဒိယနိုင်ငံမှ လည်းကောင်း၊ တောင်အာရှဒေသမှ ပစိဖိတ်ဒေသအထိ လည်းကောင်း ပျံ့နှံ့နေပြီး ဖြစ်သည် ဆိုသည်။ ကွမ်းနှင့် ကွမ်းရွက်ကို စိတ်နှိုးဆွသော ဆေးတစ်မျိုးအဖြစ် မည်သည့်ကာလမှ စတင် သုံးစွဲခဲ့သည်ကို ယခုတိုင် မသိရှိကြပေ။ ကွမ်းယာသည် ခန္ဓာကိုယ်အား နွေးသော ခံစားမှု တစ်ရပ် ဖြစ်စေကာ နိုးကြား တက်ကြွမှု အနည်းငယ်လည်း ဖြစ်စေသည်။သိပ္ပံပညာ အလိုအရ ကွမ်းသီးသည် လူ့ခန္ဓာ အစိတ်အပိုင်း အားလုံးအပေါ် အနည်းအများ ဆိုသလို သက်ရောက်မှု ရှိသည် ဆိုသည်။ လူ့ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အစာအူလမ်းကြောင်း စသည်တို့ကို ဆိုးကျိုးပေးသည်။ အလေ့အထ တစ်ခု အနေဖြင့် ကွမ်းယာကို မပြတ်ဝါးသူများသည် ခံတွင်းနှင့် အစာပြွန်တို့၌ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ များသည်။ အဓိက အကျဆုံး ဓာတုပစ္စည်း တစ်ခုမှာ ကာစီနိုဂျင် (Carcinogen) ဖြစ်သည်။ ကာစီနိုဂျင်သည် လူ့ခန္ဓာကိုယ်တွင်းရှိ နဂို မူလဆဲလ် အကောင်းများအပေါ် သက်ရောက်ပြီး ကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲသွားစေသည့် သတ္တိရှိသည်။ နှလုံးခုန်နှုန်း မမှန်ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် အခြား ခန္ဓာတွင်း ရောဂါများစွာ ဖြစ်စေတတ်သည့် ပြင်၊ ကွမ်းယာကို ဆေးရွက်ကြီးနှင့်အတူ သုံးစွဲပါက ဆေးရွက်ကြီး၏ နီကိုတင်းဓာတ်ကြောင့် မူးယစ်ဆေးစွဲသူ တစ်ဦးကဲ့သို့ စွဲလမ်းမှုကို ဖြတ်တောက်ရန် အလွန် ခက်ခဲစေသည်။ တာရှည်သုံးစွဲမှုရှိသူ တစ်ဦး၏ ခံတွင်းသားအလွှာ၊ ပါးစောင်နှင့် လျှာတို့ရှိ အသားလွှာကို ထိခိုက် ပျက်စီးစေကာ ကင်ဆာ ဖြစ်သည်ထိ ဖြစ်လာစေသည်။ဤမျှ ဆိုးကျိုးပေးသော၊ ရောဂါဘယ ဖြစ်စေသော ကွမ်းဝါးခြင်းဓလေ့ကို မျက်မှောက်ကာလတွင် ကျောင်းသားလူငယ် အပါအဝင် လူအများအပြား အကျင့်လုပ် သုံးစွဲနေခြင်းသည် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် လုံး၀ မလိုလားအပ်သည့် အရာတစ်ခု ဖြစ်သဖြင့် ကာကွယ် တားဆီးရမည် ဖြစ်သည်။ ရောက်သည့် နေရာတိုင်းတွင် ကွမ်းတံတွေး ထွေးခြင်းဖြင့်လည်း မြို့၏ သန့်ရှင်းခြင်း၊ လှပခြင်း အင်္ဂါရပ်ကို ဖျက်ဆီးရာလည်း ရောက်ပေသည်။ကွမ်းစားသုံးခြင်း အလေ့အထသည် လွန်ခဲ့သည့် အနှစ် ၃၀၊ ၄၀ ခန့်က ယခုလောက် မကျယ်ပြန့်သေး။ မကျယ်ပြန့်သော်လည်း ကွမ်းစားသုံးမှုနှင့် ပတ်သက်သော အပြောအဆိုတစ်ခု ရှိခဲ့ဖူးသည်။ ယင်းမှာ အခြားမဟုတ်၊ စစ်အာဏာရှင် အစိုးရ လက်ထက်က ဝန်ထမ်းများ အစည်အဝေး တက်သောအခါ မပြောသင့်သည့် စကား၊ အပိုစကားများ မပြောမိစေရန် ကွမ်းကို မသိမသာ မြုံ့နေခြင်းဖြင့် အဟန့်အတား တစ်ခုအဖြစ် ပြုလုပ်ခြင်း ဖြစ်သည်။ လူဆိုသည်မှာ ပါးစပ်တစ်ပေါက် ပါသော သတ္တဝါ ဖြစ်ရကား စားစရာ ရှိလျှင် စားရမည်၊ စကားပြောစရာ ရှိလျှင် ပြောရမည်။ မစား၍လည်း မရ၊ စကားမပြောဘဲ နေ၍လည်း မရ၊ အသက်အရွယ်မရွေး ပြောမိ ဆိုမိ၊ ရင်ဖွင့်ဟစရာ ရှိသည်ကို ဖွင့်ဟမိတတ်၊ ဝေဖန် သုံးသပ်စရာ ရှိသည်ကိုလည်း ဝေဖန် သုံးသပ်မိတတ်သည်ချည်း ဖြစ်သည်။သို့သော် ထိုခေတ်ကာလ၌ ပါးစပ်ပေါက် ရှိသူတိုင်းသည် ပါးစပ်ဟရန် အခြေအနေ အချိန်အခါ ရွေးတတ်ဖို့ လိုသေးသည်။ အချိန်အခါ၊ အခြေအနေ အရွေး မတော်ပါက အကြောက်တရား အခြေခံသည့် ခြိမ်းခြောက် ချုပ်ချယ်၊ ဖိနှိပ်မှုဒဏ်ကို တိုက်ရိုက်ခံစား ထိတွေ့ရနိုင်သည်။ ထို့ကြောင့်လည်း အစည်းအဝေး၌ ပြောဆိုဆွေးနွေးကြရာတွင် ဖြစ်စေ၊ လက်ဖက်ရည်ဆိုင်များ၌ ထွေရာလေးပါး ပြောဆိုရာတွင် ဖြစ်စေ ကွမ်းယာကို မြုံ့နေမည် ဆိုလျှင် စကားများများ မပြောဖြစ်တော့။ စီးကျမည့် ကွမ်းတံတွေးက လျှာဖြင့် တရစပ် သိမ်းယူရမည့် အလုပ်ကြောင့် စကား မပြောဖြစ်တော့။ အထူးသဖြင့် လူကြီးများပါသည့် အစည်းအဝေးမျိုးတွင် စကားနည်းမှ အန္တရာယ် ပိုကင်းသည်။ စကားမှား ပြောမိလျှင် ရာထူးကို စွန့်လွှတ်ရတတ်သည်။ အမှန်စင်စစ်၊ စကား ‘မှား’ ပြောမိခြင်း မဟုတ်၊ ‘မှန်’ လွန်းသောကြောင့်ပဲ ဖြစ်သည်။ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဖြစ်စေ၊ ပညာရေး အဆင့်မြှင့်တင်ရန်အတွက်ပဲ ဖြစ်စေ ပညာရှင်တို့သည် မိမိ အသိပညာ၊ အတွေ့အကြုံကို အသုံးချရန် အခွင့်အလမ်း အလွန် နည်းပါးခဲ့သည်။ယခုတော့လည်း ရင်းနှီးသော မိတ်ဆွေ စာရေးဆရာ ရေးခဲ့သလို ‘ကြောက်’ ရသည့် ကာလကုန်သွားပြီဟုတော့ ပြည့်ပြည့်၀၀ မျှော်လင့် စောင့်စားရတော့မည်။ ဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေး မဏ္ဍိုင်နှစ်ရပ် တည့်မတ်ခိုင်မာလာသော တစ်နေ့ ‘မကြောက်ရေး’ မဏ္ဍိုင်သည်လည်း စိုက်ထူရန် မလိုဘဲ အလိုအလျောက် ပေါ်ပေါက် တည်တံ့လာလိမ့်မည်ဟုတော့ မျှော်လင့် ကိုးစားနေမိလေသည်။

Most Read

Most Recent