နွေလရာသီ၏ နေလုံးက ညနေခြောက်နာရီတိုင်အောင်ပင် နစ်မြုပ်ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ပုစွန်ဆီရောင်ကောင်းကင်နှင့် တောင်ဆွယ်များဆီမှ အဖျားခံလာသည့် မြေနီလမ်းကလေးက ကျောရိုးတစ်ခုလို ငေါထွက်နေကာ ယင်းလမ်းကလေးပေါ်တွင်တော့ ပေါင်းမိုးကြီးများ တပ်ဆင်ထားသည့် နွားလှည်းတန်းကြီးက တရွေ့ရွေ့တအိအိ မောင်းနှင်နေသည်။ နောက်တွင်တော့ ဖုန်လုံးများက ထလို့လိုက်ပါလာနေ၏။
ဒီအချိန်ရောက်လျှင် လိုက်ကြမလား ဘုရားပွဲတော်သွားကြမယ်ဟု အော်ဟစ်ခေါ်သံများကို ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အတွင်းရှိကျေးရွာများတွင် ကြားနေရတော့မည်။ မြေလတ်မြိုကလေးဖြစ်သည့် ရွှေတောင်မြို့ကလေးမှာ ရန်ကုန်- ပြည် ကားနံလမ်းဘေးတွင်ရှိကာ ရွှေနတ်တောင်ဘုရားဆိုသည့် မုခ်ဦးပေါက်ကြီးကလည်း ယင်းအဝေးပြေးကားလမ်းကြီး နံဘေးတွင်ပင်ရှိသည်။ လမ်းတစ်လျှောက် လိုက်လာခဲ့ပါက လေးမိုင်ခန့်သွားပြီးပါက တောင်ဆွယ်တောင်ကုန်းများပေါ်တွင် အဆူဆူသော ဘုရားစေတီများခြံရံလျက် ရွှေနတ်တောင်ဘုရားကြီးကို ဖူးမြော်ရမည်ဖြစ်သည်။
ရာသီအလိုက် ဘုရားဖူးခရီးများ ထွက်လေ့ရှိကြသည့် မြန်မာနိုင်ငံသားများအဖို့ ရွှေနတ်တောင် ဘုရားပွဲတော်သို့ လာခဲ့ကြဖို့ ကျွန်တော်က ဖိတ်ခေါ်ချင်သည်။ ဘုရားကြီးတွင် ထူးခြားဆန်းပြားသည့် ရာဇဝင်များလည်း ရှိသလို မှတ်သားလောက်သည့် သမိုင်းဆိုင်ရာ အချက်အလက်များလည်း ရှိနေသည်။ ထို့ပြင် ရိုးရာဓလေ့ အစဉ်အလာများလည်း ပြောရလောက်အောင်ပင် ရှိနေသည်။ ထိုအထဲက ကျွန်တော် အနှစ်သက်ဆုံးတစ်ခုကို ညွှန်းကာပြောရမည်ဆိုလျှင် လှည်းဝိုင်းကြီးများပင်ဖြစ်သည်။ ထို့အတူ အခြားပန်းချီဆရာ၊ စာရေးဆရာ၊ ဓာတ်ပုံဆရာများကလည်း နှစ်တိုင်းဆိုသလို မရိုးနိုင်အောင် စာပန်းချီခြယ်ကြ၊ အလှဓာတ်ပုံများ လာရိုက်ကြ၊ အထူးအဆန်းအဖြစ် လာရောက်လည်ပတ်ကြည့်ရှုကြ၊ လှည်းဝိုင်းကြီးများကို မြင်လိုက်ရပြီဆိုလျှင် အံသြမှင်တက်သွားကြမြဲ။ ဒါသည်ပင်လျှင် ရွှေနတ်တောင်ဘုရားကြီး လှည်းဝိုင်းများ၏ တစ်မူထူးခြားစွာ ဖြစ်တည်နေသည့် အခြေအနေပင်။
ရာသီက နှစ်ရှည်ပင်ကြီးများ၏ အရိပ်အမိုးများကို တစ်ရက်ပြီးတစ်ရက် ခြွေချထားပြီး ဖြစ်သော်လည်း ရွက်နုသစ်များကလည်း ကျိုးတိုးကျဲတဲ ပြန်လည်ထွက်ပေါ်နေပြီဖြစ်သည်။ ရွှေနတ်တောင်ဘုရား၏ ပတ်ဝန်းကျင်တစ်ဝိုက်တွင် တောတန်းသစ်ပင်လျှို၊ ရေတွင်းရေကန်နှင့် ဇရပ်၊ ဘုန်းတော်ကြီးကျောင်း များစွာရှိနေပြီး ပွဲတော်ရက်ဖြစ်သည့် တပေါင်းလဆန်း ၈ ရက်မှစကာ လပြည့်နေ့အထိကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက်နေသည့် နွားလှည်းယာဉ်အဖွဲ့များကြောင့် နေရာလောက်ငှခြင်း မရှိတော့သလို နောက်ကျသည့်အဖွဲ့ များကတော့ လယ်ကွင်းပြင်ထဲမှာပင် ဝိုင်းဖွဲ့ကာ မိုးကာစပြာပြာကြီးများ အုပ်မိုးကာ နေထိုင်ရသည်အထိ ဖြစ်နေတတ်သည်။
ကျယ်ပြန့်လှသည့် ပွဲတော်ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်တွင် ပြည့်နှက်သွားအောင်ပင် လှည်းဝိုင်းများစွာက ပတ်လည်ဝိုင်းထားကာ လှည်းအစီးပေါင်းက ထောင်ချီကာလာရောက်ကြခြင်း ဖြစ်သည်။ ရွာပေါင်းသုံးဆယ်ကျော်က လာရောက်ကြခြင်းဖြစ်ကာ တစ်ရွာလျှင်တော့ လှည်းအစီးရာဂဏန်းခန့်အထိ ပါဝင် ဆင်နွှဲတတ်ကြသည်မှာ ဟိုးယခင် နှစ်ပေါင်းများစွာကတည်းကဖြစ်ကာ ယခုနှစ်ဆိုလျှင် ဗုဒ္ဓပူဇနိယပွဲတော်မှာ ၁၇၈ ကြိမ်ပင်တိုင်ခဲ့လေပြီ။ လှည်းများဖြင့် လာရောက်လည်ပတ်သည့် အလေ့အထကတော့ ရိုးအီသွားသည် မရှိ၊ ကွယ်ပျောက်သွားဖို့ မရှိ။
လှည်းများအများဆုံး လာတတ်သည့်အချိန်ကတော့ တပေါင်းလဆန်း ဆယ့်တစ်ရက်လောက်မှစကာ လှည်းဝိုင်းစုံသည်ဟု ပြောလေ့ရှိသည်။ ရွာများ၏ အနီးအဝေး အကွာအဝေးကိုလိုက်ကာ ရွာမှလှည်းဝိုင်းများ စတင်ထွက်ခွာချိန်ကွာသည်။ နှစ်ပေါင်းများစွာ လာရောက်လည်ပတ်ခဲ့ဖူးသည့်အတွက် ထွက်ခွာချိန်နှင့် ရောက်ရှိချိန်ကို ထွက်ချက်ထားပြီး ဖြစ်သော်လည်း တိကျမှုလည်း ရှိနေသည်။ နှစ်စဉ် စခန်းချနေထိုင်ခဲ့သည့် နေရာမှာပင် နေတတ်ကြသည့် ဓလေ့တစ်ခုကလည်း ချစ်စရာ။ နေရာဦးခြင်း၊ နေရာလုခြင်းမရှိ၊။ စခန်းချမည့်နေရာ ရောက်လာပြီဆိုလျှင်လည်း လှည်းမြီးနောက်ပိုင်းများကို ပတ်လည်ဝိုင်းလိုက်ကာ လှည်းဦးကို အပြင်ဘက်တွင် လှည်းထောက်များဖြင့် ထောက်ထားပြီး အလယ်မြေကွက်မှာတော့ အသင့်ယူဆောင်လာကြသည့်၊ ဖျာကြမ်းများ၊ မိုးကာများကိုခင်းကြကာ အရိပ်အာဝါသ မကောင်းသည့်နေရာ များတွင်တော့ မိုးကာသားများကိုပင် အမိုးလုပ်လိုက်ကြသည်။
အချို့လှည်းဝိုင်းများတွင်တော့ လှည်းများဖြုတ်ကာ မြက်သက်ကယ်များဖြင့် မဏ္ဍပ်ကြီးထိုးကာ အခန်းများဖွဲ့၍ နေထိုင်ကြသည်များလည်း ရှိကြသည်။ အများစုကတော့ လှည်းများကို ဝိုင်းထားလိုက်ပြီး အတွင်းတွင် နေထိုင်ကြသည်။ ချက်ပြုတ်စားသောက်စရာများ တစ်ပါတည်း ယူဆောင်လာတတ်ကြပြီး၊ အနီးနားမှာပင် မီးဖိုကာ ထမင်းဟင်းချက်ပြုတ် စားသောက်ကြသည်။
ကလေးတစ်သိုက်က အနီးနားတွင် ဆော့ကစားနေကြသလို အပျိုလူပျိုများကတော့ ပွဲတော်တွင်း ဟန်ရေးပြရန် အပျို၊ လူပျိုလှည့်ရန်အတွက် တတ်နိုင်သလောက် ဝတ်ကောင်းစားလှများဖြင့် ပြင်ဆင်ထားကြပြီး အသက်အရွယ် ကြီးရင်ခဲ့ပြီဖြစ်သည့် အမျိုးသမီးများက ချက်ပြုတ်ရေးတာဝန်ကို ယူထားသည်။ အမျိုးသားကြီးများကတော့ ပွဲတော်တွင်း စိုက်ပျိုးရေးပစ္စည်း၊ နွားအလှတန်ဆာ၊ လှည်းယာဉ်ဖြင့် သက်ဆိုင်သည့်ပစ္စည်းများကို လိုက်လံကြည့်ရှုကာ အပြန်တွင်ဝယ်သွားရန်အတွက် ဈေးနှုန်းများ မေးမြန်းထားတတ်ကြသည်။ ညတွင်တော့ လှည်းအစောင့်တာဝန်ကျကို ထားရစ်ကာ ပွဲဈေးတန်းတစ်လျှောက် လည်ပတ်ရင်း၊ ဇာတ်ပွဲများကိုကြည့်ရှုရင်း အပန်းဖြေတတ်ကြသည်။
တစ်နှစ်တစ်ခါမှ ဆင်နွှဲရသလို၊ မိုင်ပေါင်းများစွာ အဝေးမှ အချိန်ပေးလာရသော်လည်း နှစ်စဉ်ဆိုသလို ပျက်ကွက်ခဲ့သူမရှိ၊ စိုက်ရေးပျိုးရေးနှင့် သီးနှံဈေးမကောင်းသည့် နှစ်များမှာပင် ပစ္စည်းဝယ်ယူ စုဆောင်းနိုင် ခြင်းမရှိသော်လည်း ပွဲတော်ကိုတော့ လာရောက်လည်ပတ်တတ်ကြသည်။ အချိန်အခါ ရောက်လာပြီဆိုသည်နှင့် တစ်ဦးကိုတစ်ဦးက သတိပေးကာ တစ်စိုက်စိုက်ဖြင့် ပြင်ဆင်နေတတ်ကြသည်။
ယခုနှစ်နောက်ပိုင်းတွင်တော့ နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ထည့်သွင်းကျင်းပခြင်း မရှိခဲ့သည့် နွားအလှပြိုင်ပွဲများကို ထည့်သွင်းကျင်းပကြတော့ အနီးနားကျေးရွာများမှ တောသူတောင်သားများက မဖြစ်မနေကိုလာကြတော့သည်။ ကျေးလက်နေ တောသူတောင်သားများက ရှေးခတ်အဆက်ဆက်ကပင် စားဝတ်နေရေးအတွက် နွားဖြင့်ဖက်ကာ နေထိုင် သွားလာလှုပ်ရှား လုပ်ကိုင်စားသောက်ကြရသည့်အတွက် နွားများကိုမိသားစုလို၊ သားသမီးလို သံယောဇဉ်ကြီးကြသည်။ နွားပြိုင်ပွဲများတွင် မိမိ၏နွား မည်မျှချောကြောင်း လှကြောင်း၊ လိမ္မာကြောင်း ပြသလိုကြသည်။ ပြိုင်ပွဲမှဆုရလာခဲ့လျှင်လည်း တသသဖြင့် ဂုဏ်ယူမဆုံးတော့။ နွားပြိုင်ပွဲချိန်ရောက်ပြီဆိုလျှင်တော့ လှည်းဝိုင်းများမှ ယောကျ်ား မိန်းမ၊ ကလေးကြီးငယ်အားလုံးသွားကာ အားပေးကြည့်ရှုကြသည်။ ကိုယ့်ရွာက နွားနိုင်ပြီဆိုလျှင်တော့ လက်ပမ်းပေါက်ခတ်တော့သည်။
ယခုနှစ်များတွင်တော့ ခေတ်ကာလကိုလိုက်ကာ ကျေးရွာများတွင် အတော်အသင့် သွားလာရသည့် လမ်းကြမ်းများ ဖောက်လုပ်လာခဲ့ကြသလို တရုတ်ဖြစ် မော်တော်ဆိုင်ကယ်လေးများ၊ ထော်လာဂျီများ၊ ဖောကားများ ဝယ်ယူအသုံးပြုလာကြသလို လှည်းဝိုင်းများနောက်သို့လည်း ဆိုင်ကယ်များဖြင့် လိုက်ခြင်း၊ ထော်လာဂျီများကို အစားထိုးသုံးခြင်း၊ အနည်းငယ်ကိုလည်း တွေ့လာရသည်။ သို့ သော် လှည်းတန်းကြီးများဖြင့် ဘုရားပွဲတော်အရောက် မောင်းနှင်ကြရသည့် အရသာကိုတော့ မမီနိုင်ကြသေးကြောင်းကို နှစ်စဉ်ဆိုသလို လာရောက် ဆင်နွှဲနေသည့် လှည်းထောင်ချီက သက်သေခံနေသည်။
မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံရှိနေသမျှ ကျေးလက်ဒေသရှိမည်၊ စိုက်ပျိုးရေးရှိမည်၊ လှည်းများနွားများရှိနေမည်။ ပွဲလမ်းသဘင်များရှိနေမည်၊ တောသူတောင်သားတို့ကလည်း ပျော်ပွဲရွှင်ပွဲများ သွားရောက်လည် ပတ်နေကြမည်။ ထိုအခါတွင် နွားလှည်းယာဉ်လေးများကို အသုံးပြုကြဦးမည်၊ ကွယ်ပျောက် သွားမည်မဟုတ်သည့် မြန်မာ့ရိုးရာဓလေ့ လှည်းဝိုင်းများပင်။ အကြောင်းအမျိုးမျိုးကြောင့် ကွယ်ပျောက်သွားမည်ဆိုခဲ့လျှင်တောင် နိုင်ငံရှိ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုအဖြစ် နိုင်ငံတော် အစီအစဉ်တစ်ခုအဖြစ် ထိန်းသိမ်းထားရမည် ရှင်သန်နေအောင် ပြုလုပ်ပေးရမည်။
နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘုရားဖူးလာနေသည့် လှည်းတန်းကြီးများကို မြင်ချင်တွေ့ချင်သည်။ ဆန်ရေစပါးပေါများ ပြည့်လျှံနေသည့် ပျော်ရွှင်ဖွယ်ရာပွဲတော် နွှဲပျော်နေသည့်လှည်းဝိုင်းကြီးများထဲက တောသူတောင်သား တောင်သူလယ်သမားများ ဖြစ်စေချင်သည်။ တပေါင်းလများ သာယာစွာ မြေလတ်မြို့လေး၏ လှည်းဝိုင်းပွဲတော်သို့ လိုက်ခဲ့ကြဖို့ကို ဖိတ်ခေါ်ချင်ပြန်ပါသည်။










