စာရေးသူတို့ မြန်မာစကားမှာ ပေးစာ၊ ကမ်းစာ၊ လှူစာ၊ တန်းစာဆိုတာ ရှိပါတယ်။ သို့ပေမဲ့ မပေးဘဲနဲ့ ယူတာကတော့ ခိုးတာဖြစ်ပြီး မပေးချင်၊ ပေးချင်ပေးရတာက မိမိအကျိုးမျှော်ကိုးပြီး အာဏာရှိသူတို့ ပေးတာကိုတော့ လာဘ်ထိုးတယ်လို့ ဆိုကြတယ်။ အလှူအတန်းတွေ လုပ်ရာမှာ အလှူရှင်တွေကနေ ရဟန်း၊ သံဃာတော်တွေကို ရေစက်ချ လှူဒါန်းတာ၊ အလှူကို လာရောက်ကြတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုတော့ သဒ္ဓါတရားနဲ့ လှူတာဖြစ်လို့ အလှူဒါနမြောက်တဲ့ ပေးအပ်လှူဒါန်းခြင်း ဖြစ်ပါတယ်။
ဟိုယခင် အတိတ်ကာလမှာတော့ မပေး ပေးပေး ငါ့ရွှေခွက်ပေးဆိုတာကို နိုင်ငံပိုင် ပစ္စည်းတွေကို မိမိတစ်ဦးတည်းပိုင် ပစ္စည်းတွေအဖြစ် ရယူသိမ်းဆည်းလိုက်ကြတာ သစ်တောသယံဇာတတွေက တောင်ကတုံးတွေအဖြစ် ကျန်ရစ်ခဲ့တယ်။ မြေအောက်က ဓာတ်ငွေ့တွေ ကျောက်စိမ်းတွေကိုလည်း ခေတ်မီနည်းပညာတွေနဲ့ တူးဖော်ကြတာ တောင်တွေပြို၊ လူတွေသေကျေတဲ့အထိ ဖြစ်ခဲ့ကြရတယ်။ တချို့ကလည်း ဒါကိုသူတို့က နှစ်ပေါင်း ၅၀ ကျော်ယူကာ စားတာမဝကြသေးလို့ သွားခါနီးမှာ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်တာမျိုး လုပ်ဆောင်ကြတာလို့ ဆိုကြတယ်။ ဒါတွေကတော့ မပေးဘဲနဲ့ အာဏာကိုသုံးပြီး ယူသွားကြတော့တာ ဖြစ်တယ်။
မပေးဘဲနဲ့ ရယူသွားကြတာကတော့ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ဆိုတဲ့ ရန်သူမျိုးငါးပါးရဲ့ အဓိကကလည်း လူသာဖြစ်တယ်ဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ရေနဲ့ မီးက သက်ရှိမဟုတ်ပေမယ့် အဲဒါတွေကို ဖန်တီးနေတာတွေက လူတွေဖြစ်လို့ အဲဒီလူတွေရဲ့ အမှန်သိတဲ့ စိတ်ဓာတ်က အရေးပါတယ်။ နောက်ဘဝကို သယ်ယူမသွားနိုင်တာတွေကို ဘာကြောင့်မပေးတာကို ပိုင်ဆိုင်ရယူ နေချင်ကြတာလဲဆိုတာ စဉ်းစားလို့ မရဘူး။ လောဘစိတ်က လူကို ပြန်သတ်မယ်။ အဆိုးဆုံးကတော့ မောဟဆိုတဲ့ မသိမှု ဖြစ်တယ်။
၂၁-၂-၂၀၁၆ ပုဂ္ဂလိက သတင်းစာ တစ်စောင်မှာ ခုနစ်တန်းကျောင်းသူကို ချောကလက်ကျွေးပြီး မုဒိမ်းကျင့်တယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ အစားအစာ မုန့်တွေအတွင်းမှာ ကာမစိတ် လှုံ့ဆော်တဲ့ ဆေးတွေထည့်ပြီး လုပ်တာဖြစ်မယ်။ လူတွေကလည်း မိမိကို ဒီလိုစီးပွားအတွက် မလုပ်သင့်တာတွေ လုပ်လာကြတယ်။ မကြာမီကပဲ ဒီဗွီဘီက အစီအစဉ် ဆွေးနွေးပွဲတစ်ခုမှာ အရွယ်မရောက်သေးသူတွေနဲ့ ဆက်စပ်တဲ့ မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားတာ သိလိုက်ရတယ်။ အသက်အရွယ် ဟိုင်းနေတဲ့ အဘိုးကြီး အရွယ်ကနေ အသက်အရွယ် မရောက်သေးတဲ့ မြေးမြစ်အရွယ် မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်တယ်တဲ့လေ။ မကြားဝံ့ မနာသာ သတင်းတွေဖြစ်တယ်။ စာရေးသူတို့ ခေတ်ကာလ ငယ်ရွယ်စဉ်က မိဘ ဆရာသမားတွေ အမြဲဆုံးမလေ့ ရှိခဲ့တယ်။ ပေးတိုင်းလည်း မယူနဲ့ ကျွေးတိုင်းလည်း မစားနဲ့တဲ့လေ။ ဒီစကားက အလွန်ထိရောက်မှု ရှိနေတယ်။
ပေးတိုင်းယူတော့ ဘာဖြစ်သလဲ။ သူပေးလို့ယူတာလို့ ဆင်ခြေပေးကြမယ်။ အမှန်ကတော့ ပေးရသူက ပေးချင်လို့ ပေးရတာမျိုး မဟုတ်ဘဲ သူ့ရဲ့အကျိုးတစ်ခုခု ဆောင်ရွက်ပေးဖို့ လာဘ်ထိုးတဲ့ အနေနဲ့ ပေးကြရတာဖြစ်လို့ အဲဒီငွေက သမ္မာအာဇီ၀ မဖြစ်တော့တာပါ။ အတိတ်ကာလ ဖြစ်ရပ်တွေများစွာ အနက်တစ်ခုကို ရေးပြလိုတယ်။ ဟိုယခင်က အုပ်ချုပ်သူတွေရဲ့ ဇနီးတွေကို မိမိတို့ရဲ့ အကျိုးလုပ်ဆောင်ပေးနိုင်စေဖို့ မုန့်ပုံးတွေနဲ့ ချဉ်းကပ်ကြတယ်။ ပထမတော့ အဲဒီဇနီးသည်ကလည်း အထာမပေါက်သေးတော့ မုန့်ပုံးတွေကို ပြန်ရောင်းစားပစ်ခဲ့တယ်။ နောက်မှ အဲဒီမုန့်ပုံးတွေထဲမှာ ငွေကြေးတွေပါတယ်ဆိုတာ သိလာရတော့ မုန့်ပုံးလာပေးရင် ဖောက်ကြည့်ပြီးမှ မုန့်ပုံးအမှန်ဖြစ်မှ ပြန်ရောင်းစားကြတယ်လို့ သိရတယ်။
ဒါက အစကနဦးပါ။ နောက်ကျတော့လည်း ပြောင်ပြောင်တင်းတင်း မုန့်ပုံးလောက် သာမကဘဲ ထင်းရှူးသေတ္တာ၊ ကျွန်းသေတ္တာတွေနဲ့သော်မှ ပေးတာကြားလာ သိလာခဲ့ရတယ်။ ယခင် ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် ငွေဘယ်လောက်ပေါများနေတယ်တော့ မသိ ပါဘူး။ သူ့အိမ်မှာ သေတ္တာတွေနဲ့ ထည့်ထားတဲ့ ငွေတွေကိုသော်မှ ငွေသေတ္တာမှန်း မသိဘဲ ဒီအတိုင်းထားရာမှ သူ့နိမ့်ကျချိန်လာရောက် စစ်ဆေးတဲ့အခါမှ သော့ရိုက်ဖွင့်ရာမှ အထဲမှာ ငွေတွေရှိတာမို့ သေချာရေတွက်ပြီး နိုင်ငံတော်ပိုင်အဖြစ် သိမ်းလိုက်ရတယ်လို့ သိရတယ်။
စာရေးသူရဲ့ စိတ်ဓာတ်ကတော့ မပေးလိုတဲ့ သူရဲ့ငွေကြေးကို မလိုချင်ဘူး။ သမ္မာအာဇီဝနဲ့ရတဲ့ ငွေကြေးကိုသာ တန်ဖိုးထားတယ်။ စာရေးသူက ကုမ္ပဏီတွေမှာ Consultant လုပ်ပေးတယ်။ သို့ပေမဲ့ အချို့က ပညာရှင်ကို တန်ဖိုးမထား၊ ပေးရမယ့် ပညာရှင်ကြေးကို မပေးလိုကြတာ ကြုံဖူးတယ်။ အဲဒီလိုမျိုးဆိုရင် စာရေးသူ မပေးချင်လို့ မပေးတာပဲ ငါမယူတော့ဘူးဆိုပြီး ချေပစ်လိုက်တယ်။ အဓိကကတော့ မိမိက အခြားသူထံမှ ဘယ်လောက်ရဖို့ ရှိနေတယ်ဆိုတာ စိတ်ထဲမှာရှိနေရင် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာ စိုးလို့ဖြစ်တယ်။ စာရေးသူမှာ ရှိနေတဲ့ စိတ်ရင်းအမှန်ကို ရေးပြတာပါ။ ဒီလိုစိတ်ထားနိုင်တာကလည်း အဓိကအားဖြင့် ဝိပဿနာတရား အားထုတ်ခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီမှာ အတ္တအများဆုံးထားရမယ့် အရာတစ်ခုသာ ရှိပါတယ်။ အဲဒါကတော့ ဝိပဿနာဘာဝနာ တရားအားထုတ်ချိန် ဖြစ်တယ်လို့ ဆိုပါတယ်။ သေရင်ဘာမျှယူမသွားနိုင်တာ သိနေတဲ့အတွက် လောဘ၊ ဒေါသနဲ့ မောဟဆိုတဲ့ လူတစ်ဦးချင်းစီရဲ့ အကြီးမားဆုံးရန်သူ သုံးမျိုးကို ရှောင်ကြဉ်နိုင်ကြရမယ်။
ငယ်စဉ်ဘဝကတည်းက ဗုဒ္ဓဘာသာနဲ့ အနီးကပ် နေထိုင်ခဲ့ခြင်းရဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။ စာရေးသူရဲ့ သင်တန်းသားတစ်ယောက်က စာရေးသူကို သူဌေးဖြစ်တဲ့နည်းကို သင်ပေးတယ်။ ဆရာက ကိုယ်ပိုင်ကားသော်မှ မစီးနိုင်သေးဘူးလို့ ပြောဖူးတယ်။ စာရေးသူ မင်းတို့ကားစီးရရင် ဝမ်းသာပါပြီလို့ ပြောလိုက်တယ်။ မိမိကြောင့် ချမ်းသာကြီးပွားသွားရင် ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ဒါကြောင့် ပေးတိုင်းယူတာတွေ အပူတွေဖြစ်နိုင်တယ်။ ကျွေးတိုင်းစားတာ အစားမတတ်ရင် ဒုက္ခရောက်နိုင်တယ်။ သတိရှိကြစေဖို့ပါ။










