ကုန်းဘောင်ခေတ် စာဆိုတော် ဦးပုညသည် စံပြုရသော စာပေများစွာကို ရေးသားခဲ့သူ ဖြစ်သည်။ ထိုစာများထဲမှ ပြဇာတ်များသည် တစ်မျိုးတစ်ဖုံ ထူးခြားလှသဖြင့် မြန်မာစာပေ ပညာရှင်များက အင်္ဂလိပ်ပြဇာတ်ရေး ဆရာရှိတ်စပီးယားနှင့်ပင် နှိုင်းယှဉ် ရေးသားကြသည်။ ဦးပုညသည် ပဒုမ၊ ဝေဿန္တရာ၊ ရေသည်၊ ဝိဇယ၊ ကောသလ အမည်ရှိ ထင်ရှား ကျော်ကြားလှသော ပြဇာတ် ငါးစောင်ကို ရေးဖွဲ့ခဲ့ပြီး ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့် အခြားပြဇာတ် နှစ်စောင်ကိုလည်း ရေးဖွဲ့ခဲ့သေးကြောင်း ပညာရှင်များက ဆိုကြသည်။ ဦးပုည ရေးဖွဲ့ခဲ့သော ပြဇာတ်တိုင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက် ကိုယ်စီရှိကြောင်းလည်း ထုတ်ဖော်ခဲ့ကြသည်။
ဦးပုညသည် မင်းတုန်းမင်း တရားကြီး၏ နန်းတွင်းမိဖုရားအချို့ အကျင့်ဖောက်ဖျက် လော်လီကြသည်ကို တားမြစ်ဆုံးမသည့် အနေဖြင့် ပဒုမပြဇာတ်ကို ရေးသားခဲ့သည်။ တစ်ဖန် အကျင့်ယုတ်မာသော မိန်းမများ ရှိသကဲ့သို့ အပြစ်ကင်းစင်ပြီး အကျင့်မှန်ကန်သော တော်ဝင်မိန်းမများ ရှိသေးကြောင်း သိစေရန်အတွက် ဝေဿန္တရာဇာတ်တော်ကို ရေးသားခဲ့သည်။
ကနောင်မင်းနှင့် မင်းတုန်းမင်းတို့ ထီးနန်းရေးရာအတွက် စိတ်မကြည်မသာ ရှိကြရာမှ ပြန်လည် သင့်မြတ်ကြသည့်အခါ ကနောင်မင်းက ဝန်ချတောင်းပန်လိုက်သည့်အတွက် သူ့ကိုယ်စား ရေသည်ပြဇာတ်ကို ရေးသားခဲ့သည်။ မင်းတုန်းမင်းသည် သားတော်များစွာ ရှိသည့်အနက် အကြီးဆုံးဖြစ်သော မလွန်မင်းသားအား အိမ်ရှေ့အရာ ပေးမည်ကြံသည့်အခါ မိမိသည် ဘုရင့်ညီတော်ရင်းဖြစ်သည့်အပြင် ထီးနန်းရအောင် ကြံစည်ရာတွင် သက်စွန့်ကြိုးပမ်းခဲ့သူဖြစ်ပါလျက် ထီးနန်းမပေးလိုခြင်းကို ကနောင်မင်းက စိတ်အလိုမကျ ဖြစ်ခြင်းကြောင့် မကြည်မသာဖြစ်ကြရသည်။ ထို့အပြင် ဦးပုညသည် ဆိုးသွမ်းရမ်းကားနေသော မင်းသားများ အကြောင်းကို မင်းတုန်းမင်းကြီး သိစေရန်အတွက် ဝိဇယပြဇာတ်ကို ရေးသားခဲ့သည်ဟု စာပေပညာရှင်များက ဆိုခဲ့ကြသည်။ ထိုပြဇာတ်များထဲတွင် ဦးပုညသည် မင်းနှစ်ပါး ပြန်လည် သင့်မြတ်စေလိုသည့် ရွည်ရွယ်ချက်အပြင် အခြားသော ရည်ရွယ်ချက်များဖြင့်ပါ ရေသည်ပြဇာတ်ကို ရေးသားခဲ့လေသလားဟူသည့် အတွေးကို တွေးစရာ အကြောင်းများ ရှိနေသည်။
ရေသည်ပြဇာတ်သည် ငါးရာ့ငါးဆယ် ဇာတ်တော်လာ ကစ္စနီဝဂ်၊ အဋ္ဌနိပါတ်၊ ဂင်္ဂါမာလဇာတ်ကို ပြဇာတ်အဖြစ်ပြန်လည် ရေးသားခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ဥပုသ်ဆောက်တည်ခြင်း အကျိုးကို အကြောင်းပြု၍ ဇေတဝန် ကျောင်းတော်တွင် ဟောကြားတော်မူသော တရားတော်ဖြစ်သည်။ နေ့ဝက်ဥပုသ်ဆောက်တည်ခြင်း အကျိုးကြောင့် သေလွန်သည့်အခါ ပြည့်ရှင်မင်းဖြစ်ရသည့် အကြောင်းကို ဟောကြားတော်မူခြင်း ဖြစ်သည်။ ဥဒယမင်းကြီးသည် ဘုရားလောင်းဖြစ်ပြီး ရေသည်ယောကျ်ားမှာ ညီတော် အာနန္ဒာ ဖြစ်သည်။ ပြဇာတ်ဖြစ်သည့် အားလျော်စွာ သူခေတ်သူ့အချိန်နှင့် လျော်ညီစေရန် ပြဇာတ်ကို ခင်းကျင်းထားသည်။ ဦးပုညသည် ဥဒယမင်းကြီး စိုးစံရာ ဗာရာဏသီတိုင်းပြည်ကို ကုန်းဘောင်နေပြည်တော် မန္တလေးမြို့အတိုင်း ခင်းကျင်းထားသည်။ ဥဒယမင်းကြီးက နေပူသဲပူထဲတွင် ပြေးလွှားနေသော ရေသည်ယောကျ်ားကို လှမ်းမြင်ရာ နေရာမှာ တရားရုံးတော်၏ရှေ့ ရွေးတော်ယူတံခါးအနီးတွင် ဖြစ်သည်။
ဆရာကြီး ဟံသာဝတီ ဦးဘရင် စီရင်ရေးသားသော ရေသည်ပြဇာတ် အဖြေစုံ စာအုပ်တွင် မန္တလေးရတနာပုံ နန်းတော်ရှေ့ တည့်တည့်တွင် ရွေးတော်ယူ တံခါးတည်ရှိနေပုံကို မြေပုံနှင့်တကွ ဖော်ပြထားပြီး ဗာရာဏသီပြည်ကို မန္တလေးရတနာပုံ ရွှေမြို့တော်နှင့် နှိုင်းထားကြောင်း ဖော်ပြထားသည်။ ပြဇာတ်ထဲတွင် ဇာတ်ကောင်များ ပြောဆိုကြသော ဇင်ဂလယ်၊ တစ်ဆိတ်စာ၊ တယ်ကရ အစရှိသော စကားသုံးများမှာလည်း ကုန်းဘောင်ခေတ် အရပ်သူ အရပ်သားများ ပြောလေ့ရှိကြသော စကားများဖြစ်နေသော ကြောင့် မြတ်စွာဘုရား တစ်ခုတည်သောဘ၀ ဖြစ်စဉ်က ဖြစ်ခဲ့သော အကြောင်းများသည် ဦးပုည၏ စာပေမှော်အတတ်ကြောင့် ကုန်းဘောင်ခေတ်တွင် ဖြစ်ပျက်နေသည့်သဖွယ် ထင်မြင်လာစေသည်။ ယင်းမှာ ပြဇာတ်အတတ်ပညာကြောင့်ဟု ယူဆနိုင်သလို အခြားသော ရည်ရွယ်ချက်ကြောင့်လားဟု တွေးစရာလည်း ဖြစ်သည်။
မူရင်းဇာတ်တော်တွင် ရေသည်ယောကျ်ားသည် ဆင်ပြောင်အားမာန်စီးသူတစ်ယောက် ဖြစ်ကြောင်းကို ဆရာကြီး ဟံသာဝတီ ဦးဘရင်က “ဆင်ပြောင်အားနှင့်တူသော အားရှိသော ရေထမ်းယောကျ်ားသည် ခြောက်ယူဇနာကိုလွန်၍ မွန်းတည့်သောအခါ” ဟု ရေသည်ပြဇာတ် အဖြေစုံ စာအုပ်တွင် ရေးသားထားသည်။
ထို့အပြင်ရေသည်ယောကျ်ားမှာ ညီတော် အာနန္ဒာလောင်းလျာ ဖြစ်သည်။ သို့သော် ဦးပုည၏ ရေသည်ပြဇာတ်တွင် ရေသည်ယောကျ်ားနှင့် မိန်းမမှာ အလွန်ပင်နုံချာသူများ ဖြစ်ကြသည်။ ရေသည်ယောကျ်ား၏ အသုံးအဆောင်နှင့် ပုံပန်းမှာ “ဝါးကွဲထမ်းပိုး ဆိုင်းပေါင်ကျိုးနှင့် ယောင်ထန်းစေ့မှုတ် ခေါင်းမွှေးစုတ်” ဖြစ်နေသည်။ အဝတ်မှာလည်း ဖွားဖက်တော်မျှ မပေါ်ရုံ လုံအောင် အနိုင်ဖုံးနေရသည်။ စားရသည့် အစားအစာမှာလည်း မုရင်းထမင်းနှင့် ချဉ်ပေါင်းဟင်းသာ ဖြစ်နေသည်။ ယင်းတို့မှာ ကုန်းဘောင်ခေတ် ဆင်းရဲသားတို့၏ အမှန်တကယ် ကြုံ တွေ့နေရသော အခြေအနေများ ဖြစ်နေနိုင်သလားဟု တွေးစရာဖြစ်လာသည်။ ထိုအတွေးသာ မှန်ခဲ့လျှင် ဦးပုညတွင် အခြားသော ပြောစရာ တစ်ခုရှိနေမည်မှာ သေချာသည်ဟု ယူရမည်ဖြစ်သည်။
ဦးပုညသည် ရေသည်ယောကျ်ား၏ စရိုက်အသွင်အပြင်ကို ဘုရားဟောဖြစ်သော မူရင်းဇာတ်တော်နှင့် ဝေးစွာကွဲလွဲစေလျက် အဘယ်ကြောင့် ထိုကဲ့သို့ ရေးဖွဲ့ရသည်မှာ စဉ်းစားစရာဖြစ်သည်။ သူ့အနေဖြင့် ဟာသ ရသမြောက်စေပြီး ပရိသတ်များကို ပွဲကျစေ ရန် ရေးဖွဲ့သည်ဟု ယူလျှင်ရကောင်းသော်လည်း အခြားရည်ရွယ်ချက်ရှိ မရှိမှာ စဉ်းစားစရာဖြစ်သည်။ ထိုအခါ ရှေးခေတ်စာဆိုတော်များ အနေဖြင့် ပြည်သူ့တို့၏ ဘဝအမှန်များကို ဘုရင်အား လျှောက်ထားတင်ပြရာတွင် ပရိယာယ် သုံးကြသည်ကို သတိရစရာရှိလာသည်။ မင်းတုန်းမင်း လက်ထက်တွင် နန်းတော်အတွင်းမှူးမတ်များ မတရားပြုကျင့် အဂတိ လိုက်စားနေကြသောကြောင့် ပြည်သူလူထု နစ်နာလျက်ရှိသည်ကို သဘင်ပညာသည်များက ပရိယာယ်ဖြင့် တင်ပြကြရသည်။ ဆန်ဝယ်ခိုင်းသော ဇာတ်ဝင်ခန်းတစ်ခုတွင် ဆန်တစ်ပြည်လျှင် ငွေတစ်မတ် ပေးဝယ်ရမည်ကို ဝယ်သူက သုံးပဲဖို့သာ ဝယ်သောကြောင့် ရောင်းသူက တစ်ပြည်ပြည့်သည်ဟု ထင်စေရန် ပြည်တောင်းကို စောင်းပြီးထည့်ပေးလိုက်သည်။ ထိုအခါ အဝယ်ခိုင်းသူသည် မှူးလည်းမဟုတ် မတ်လည်းမဟုတ်သောကြောင့် ပြည်စောင်းပေးရကြောင်း ပြောသဖြင့် ဘုရင်ကရိပ်မိသွားပြီး နန်းတော်အတွင်း အမိန့်ထုတ်ပြန် သတိပေးရကြောင်း ဆရာဦးအေးချို ရေးသားဖူးသည်ကို သတိရမိသည်။
ထိုနည်းတူ မင်းတုန်းမင်း လက်ထက်တွင်ပင် မင်းသားကြီး ဆရာသိုက်သည် စင်တော်ကြီး ကပြအသုံးတော်ခံရာတွင် ဝန်ကြီးများ လွှတ်တက်ခန်း အရောက်တွင် ဝန်ရုပ်ဆွဲပြီး ထွက်လာသည်။ ထိုနောက် ရာဇနီတိ၊ ရာဇသေဝက၊ ရာဇဝသတီ၊ ဓမ္မသတ်တို့ကို မနားတမ်း တတွတ်တွတ် ပြောဆိုလေရာ မင်းတုန်းမင်းက “တို့ဝန်ကြီးတွေဟာ ဓမ္မသတ်၊ ရာဇသတ်၊ မင်းခမ်းမင်းနားတွေကို ဆရာသိုက်လောက်မှ မတတ်သေးပါလား၊ နံနက်ကျမှ ဆရာသိုက်ဆီ ပုရပိုဒ်တစ်ဆူနှင့် အကူးခိုင်းရတော့မှာပဲ” ဟု အမိန့်ရသည်အထိ ဖြစ်သည်။
ထို့ကြောင့် ဦးပုညသည် မင်းညီမင်းသား နန်းတွင်းသူ နန်းတွင်းသားများကို ပြဇာတ်ရေးပြီး ဆုံးမခဲ့ရာမှ ပညာရှိ တစ်ဦးဖြစ်သည့် အားလျော်စွာ ဘုရင်မင်းမြတ်ကိုလည်း ကုန်းဘောင်ခေတ် ဆင်းရဲသား လူတန်းစားတို့၏ ဘ၀ နုံချာလှပုံကို သိစေလိုသည့်ပုံရှိသောကြောင့် ရေသည်ယောကျ်ားနှင့် ရေသည်မိန်းမတို့ အနေအထိုင် အစားအသောက် ဆင်းရဲလှပုံကို ဇာတ်ရှေ့ပိုင်းတွင် ထူးထူးခြားခြား ပြောင်ပြောင်မြောက်မြောက် ရေးဖွဲ့လိုက်ဟန် ရှိသည်။
ပြဇာတ်တွင် အဓိက အခန်းဖြစ်သည့် အိမ်ရှေ့မင်း၏ တောင်းပန်ခန်းထက် ရေသည်လင်မယား၏ ဆင်းရဲပုံ အပြန်အလှန် စကားပြောဆိုပုံတို့က ဆွဲဆောင်မှု ရှိနေသည်မှာ ဦးပုညက မန္တလေးနေပြည်တော် အပြင်ဘက်ရှိ ဆင်းရဲသား နင်းပြားများ၏ ဘဝအခြေ အနေကို ဘုရင်မင်းမြတ် သတိပြုစေလိုသော ရည်ရွယ်ချက်ဖြင့်များ ဖွဲ့လိုက်လေသလားဟု တွေးဆရသည်အထိ ဖြစ်လာရသည်။ သို့သော် ထိုသို့ရေးဖွဲ့ခြင်း ဟုတ်မဟုတ်နှင့် ဘုရင်မင်းတရား အနေဖြင့် သတိပြုမိခြင်း ရှိမရှိကိုမူ သမိုင်းမှတ်တမ်းများတွင်လည်းကောင်း တစ်ဆင့်စကားများတွင် လည်းကောင်း မတွေ့ရပေ။
မှတ်စု
- ရေသည်ပြဇာတ်အဖြေစုံ (ဟံသဝတီ ဦးဘရင်)
- မြန်မာ့စကား (ဦးအေးချို မဟာဝိဇ္ဇာ)










