သစ်တောသယံဇာတ...ပခုံးသားပေါ်က လက်ဆောင်များ

သစ်တောသယံဇာတ...ပခုံးသားပေါ်က လက်ဆောင်များ
Published 21 March 2016
ရွှေဒါးမောင်လေးရည်

ပစ္စက္ခကာလအထိ တရားမဝင် သစ်မှောင်ခိုထုတ်မှုများက ဆက်လက်၍ ကျူးလွန်နေဆဲသာဖြစ်ကြောင်း သတင်းမီဒီယာများ၌ တွေ့ရှိနေရဆဲပင်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်ခေါင်းထောင်လာခြင်းဖြစ်သည်။ ၂၀၁၅ နှစ်စပိုင်းက တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် ထုတ်ယူပြီးသစ်များ တရုတ်ပြည်တွင်းသို့ ပို့ဆောင်မှုမပြုနိုင်ခဲ့သည့် သစ်များအား ယခုအခါ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ သစ်မှောင်ခိုလုပ်ငန်းများ ပြန်လည်၍ လှုပ်ရှားနေကြောင်း ဒေသခံတို့က ပြောကြားခဲ့ပေသည်။
 
“ကျွန်တော်တို့ သိထားတာက တစ်လလောက်ကြာပြီ။ မနှစ်တုန်းက အောက်ချောင်းဒေသမှာ တိုက်ပွဲကြောင့် ကျန်ခဲ့တဲ့သစ်တွေကို သယ်တာ။ ခုတော့ အများကြီး စည်ကားနေပါပြီ။ ငြိမ်တော့ မငြိမ်ဘူး။ မိုးမိတ်၊ မဘိန်းနယ်၊ မြစ်ဆုံဒေသကထွက်တဲ့ သစ်တွေကို ရွှေလီမြစ်အတိုင်း ဆန်တက်သွားတာပါ။ မြစ်ဆုံ၊ မိုးလို၊ မန်တုံ၊ မုံးဝီး၊ နမ်းခမ်းလမ်းကနေ တရုတ်နိုင်ငံ နောင်တောင်းမြို့ကို သယ်တယ်။ မတ်လ ပထမပတ်အကုန်လောက်က သရက်ချို၊ စဉ်ကင်ရွာနားမှာ တိုက်ပွဲတောင်ဖြစ်တယ်။ ပလောင်တပ်နဲ့ ရှမ်းတပ်တွေရှိတယ်။ ကေအိုင်အေလည်း လမ်းကြောင်းမှာရှိတယ်။ သစ်လုပ်ငန်းရှိလို့ စစ်ဖြစ်တယ်လို့ပဲ ပြောနေကြတယ်။ စစ်ကိုင်း၊ ဗန်းမောက်၊ ထီးချိုင့်၊ မြတောင်၊ ကောလင်း၊ ဝန်းသိုဘက်က သစ်တွေလည်း ရောက်လာတာပဲ။ ဧရာဝတီကိုဖြတ် ရွှေလီပေါ်ဇက်နဲ့ကူးကြတာ။ မဂျီဂုံဂိုက်ထိပ်လမ်းမှ တရုတ်နိုင်ငံ နောင်တောင်းမြို့ကိုပို့တာ လမ်းမှာကွင်းလမ်း အများကြီးရှိတာ။ ကြားမှာငွေလာတောင်းရင်လည်း ပေးရတာပဲ။ ကျွန်းသစ်များတယ်။ တမလန်းက ရှားသွားပြီ” ဒေသခံများနှင့် သစ်မှောင်ခိုကားမောင်းသူတို့၏ အသံများပင်။ 
 
သစ်ပင်သစ်တောများ ခုတ်ထစ်ခြင်း၌ ယခုအစိုးရလက်ထက် သစ်ထုတ်ယူမှုများက စံချိန်မြင့်တက်ခဲ့ပေရာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကျွန်းနှင့်သစ်မာတန်ချိန် ၂၄ သိန်းနီးပါး၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၁၇ သိန်းနီးပါး ထုတ်ယူခွင့်ပြုခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်တွင် တန်ချိန် ၁၀ သိန်း ခွင့်ပြုခဲ့သည်။ ၂၀၁၄- ၁၅ တွင် တန်ချိန် ၇၂၀၀၀၀ ခွင့်ပြု ခဲ့ကြောင်း စာရင်းဇယားများက ဖော်ပြခဲ့ပေသည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်နှင့် သစ်မာတန် ၇၃၀၀၀၀ ခွင့်ပြုခဲ့သည်။ ခန့်မှန်းခြေ စာရင်းများအရ ၁၅ နှစ်ကာလအတွင်း သစ်ပင်ပေါင်း သန်း ၂၀ မှ ၃၀ အကြား ခုတ်ထစ်ခဲ့သည့် အခြေအနေပင်။ ပို၍ဆိုးသည်ကတော့ တရားမဝင် ခိုးယူခုတ်ထစ်ခဲ့ကြ၊ သယ်ဆောင်ခြင်းပြုခဲ့ကြသည့် တရုတ်နိုင်ငံသားများ၏ မတရားမှုများကြောင့် ပြောင်တလင်းဖြစ်ခဲ့ရသည့် သစ်တောပြုန်းတီးမှု ပမာဏများ မပါဝင်ခဲ့သေးပေ။ မတရားခုတ်ထစ်မှုများမှာ တရားဝင်ခွင့်ပြုခဲ့သည့် ပမာဏ၏ ရာနှုန်း ၅၀ မှသည် တစ်ဆထိ ရှိနိုင်သည်ဟု သစ်လုပ်ငန်းအသိုင်းအဝိုင်းက ခန့်မှန်းထားပေသည်။
 
ထိုသို့ တရားမဝင်နည်းဖြင့် ခိုးထုတ်ရာတွင် သစ်တစ်တန်ချင်း ဝယ်ယူမှုမပြုဘဲ တောင်အလုံးလိုက် ဝယ်ယူကာ ခိုးထုတ်ကြပြီး ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဝယ်ယူကြသည်။ မြန်မာ့လွှတ်တော် အမတ်တစ်ဦး ပါဝင်ပတ်သက်နေပုံကို “လဆန်အော်ဝပိုင်တဲ့ နယ်မြေအတွင်းက ဂွီတောင်နဲ့ ဝူတိုင်တောင်နှစ်လုံးကို ၂၀၁၄- ၁၅ ရာသီအတွက် တရုတ်တိန်ချောင် အခြေစိုက် သစ်ကုမ္ပဏီက သစ်ခုတ်ခွင့် ဝယ်ယူခဲ့တယ်။ ကြားလူကလည်း မြန်မာလွှတ်တော် အမတ်တစ်ဦးနဲ့ ပတ်သက်နေတယ်” လို့ Vicky Lee က ပြောခဲ့သည်။ Vicky Lee မှာ Enviromental Investigation Agency (EIA) မှပုဂ္ဂိုလ်တစ်ဦးပင်။
 
ဆက်၍လည်း Faith Doherty ကပြောကြားရာ၌ “သစ်တစ်တန်ချင်း ဝယ်ယူမှုထက် တောင်အလုံးလိုက်ဝယ်ယူပြီး သစ်ခုတ်လာကြတယ်။ ဒီလိုသစ်ခုတ်ရာမှာ ဝယ်ယူတဲ့တောင် အလုံးလိုက်အတွက် ငွေပေးချေမှုက သက်ဆိုင်တဲ့ နယ်မြေအလိုက် ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပဲရတယ်။ ပြည်သူ့စစ်တွေလို အစိုးရအဖွဲ့အစည်းတွေနဲ့ရော ပြည်တွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ပြီးဝယ်တယ်” ဟု ဆိုပါသည်။ တစ်ဆက်တည်းပင် သစ်ခိုးထုတ်ရန် တရုတ်လုပ်ငန်းရှင်များက ဝယ်ယူရာတွင် ရွှေချောင်းများဖြင့် ငွေပေးချေပြီး ခိုးထုတ်လာသည့် တရားမဝင်သစ်များအား တရုတ်နိုင်ငံသို့ သယ်ယူရာတွင် စစ်ဆေးရေးဂိတ်ပေါင်းများစွာအား လာဘ်ပေး၍ ကျော်ဖြတ်ရပြီး သစ်ခိုးထုတ်မှုများ လျှော့ချနိုင်ရန် ထိုသို့ အကျင့်ပျက်လာဘ်စားမှုများကို ကြပ်မတ်နိုင်ရန် လိုအပ်သည်ဟုလည်း ဆိုခဲ့သည်။ ၂၀၁၄ ဧပြီလကုန်ပိုင်းမှ စတင်ကာ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီ ဆိုသည့်တိုင် ယနေ့ကာလထိ တရုတ်နိုင်ငံသို့ သစ်အလုံးလိုက် တင်ပို့မှုများ ပိုမိုလာနေကြောင်းလည်း ဆိုခဲ့သည်။ EIA ၏ဖော်ပြချက်များအရ တရုတ်နိုင်ငံ၏ သစ်ခိုးထုတ်မှုကြောင့် ကချင်ပြည်နယ်မှ သစ်တောများ ကုန်သလောက်ရှိပြီဖြစ်ကြောင်းလည်း ပါဝင်ပေသည်။ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း သစ်ခိုးထုတ်မှုများ မြင့်တက်လာခဲ့ပြီး ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၀၃၂၇၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၁၅၇၁၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တန်ချိန် ၄၅၆၅၄၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၁၇၂၅ ထိ ဖမ်းဆီးရမိခဲ့သည်။
 
တရားမဝင်သစ်များ ခိုးယူခံနေရခြင်းမှာ နယ်မြေဒေသအလိုက် တရားဥပဒေ စိုးမိုးမှုကင်းမဲ့သောဒေသများ ရှိနေခြင်းသည်လည်း ပါဝင်နေပေသည်။ ၂၀၁၅ နှစ်ကုန်ခါနီးမှာပင် ကချင်ပြည်နယ်၊ စင်ခန်းဘိနယ် အမှတ် (၂) ကြိုးပြင်တောအတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည့် တရားမဝင်သစ်လုံး ၂၀၀၀ ကျော်၊ တန် ၁၀၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်။ ဒီဖြစ်စဉ်၌ တာဝန်သိသိဖြင့် ပူးပေါင်းပါဝင်ခြင်းမှာ ကျေနပ်ဖွယ်ဖြစ်သော်လည်း တောင်အလုံးလိုက် မှောင်ခိုဈေးကွက်သို့ ကဲ့ထုတ်မှုအပေါ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုယ်တိုင် ပါဝင်ပတ်သက်နေမှုမျိုးကတော့ အော့နှလုံးနာဖွယ် ကောင်းလှပေသည်။ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းပြီး သုံးလတာ ကာလအတွင်းမှာပင် သစ်တန်ချိန် ၂၀၀၀၀ ကျော် ဖမ်းဆီးရမိကြောင်း သတင်းကိုလည်း ဖတ်ရှုခဲ့ရပေသည်။ 
တရုတ်နိုင်ငံအတွင်းသို့ ခိုးထုတ်မှု အများဆုံးသစ်မှာ တမလန်းသစ်ဖြစ်ပြီး ၂၀၁၄ ခုနှစ် တစ်နှစ်တာအတွင်း ပျောက်ကွယ်သွားနိုင်ကြောင်း EIA မှ Mr Hango Wadley ကပြောထားခဲ့သည်။ ဆက်၍လည်း ကမ္ဘာ့နိုင်ငံအများစုတို့က မျိုးသုန်းပျောက်ကွယ်စာရင်းဝင်အဖြစ် ထိန်းသိမ်းစောင့်ရှောက်နေကြချိန် မြန်မာနိုင်ငံ အစိုးရက ထိန်းသိမ်းမှုမရှိဘဲ တရားမဝင် ကုန်သွယ်မှု တိုးမြှင့်ခဲ့ကြောင်း ထောက်ပြထားခဲ့သည်။ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် တမလန်းသစ်တန်ပေါင်း ၁၇၉၁၆ တန်ခန့် တရုတ်ပြည်တွင်းသို့ တင်သွင်းခဲ့သည်ဟု အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
 
လက်ရှိအစိုးရလက်ထက်၌ သစ်တောပြုန်းတီးမှု စံချိန်ချိုးခဲ့ပေသည်။ တာဝန်ချိန်နောက်ဆုံးကာလ ၂၀၁၄-၁၅ ခုနှစ်အတွင်း ကျွန်းနှင့်သစ်မာတန်ပေါင်း ခုနစ်သိန်းကျော် ထုတ်လုပ်ခွင့်ပြုခဲ့သည်က ထင်ရှားသော သာဓကအဖြစ် ရပ်တည်နေပေသည်။ ၁၅ နှစ်တာကာလအတွင်း သစ်ထုတ်မှု တန်ချိန်ပေါင်း ၂၁ သန်းကျော်ရှိခဲ့ရာ သဘာဝသစ်တော သယံဇာတ ပြုန်းတီးမှု အများဆုံးကာလလည်း ဖြစ်ပေသည်။ တစ်ဖက်မှလည်း တရားမဝင် သစ်ခိုးထုတ်မှု ပမာဏအားဖြင့် တရားဝင် ထုတ်လုပ်မှုနှင့် ဆတူကိန်းဂဏန်းထိရှိနိုင်ကြောင်း ထောက်ပြသည့် အစီရင်ခံစာများလည်း ထွက်ရှိခဲ့သည်။ ယခင်အစိုးရလက်ထက် စံချိန် ၂၀၀၉-၁၀ ဘဏ္ဍာနှစ်က သစ်တန်ချိန် ၁၆ သိန်းကျော်ထက် ၂၀၁၁-၁၂ နှစ်တွင် သစ်တန်ချိန် ၂၃ သိန်းကျော် ထုတ်လုပ်ခွင့်ပေး၍ စံချိန်ချိုးခဲ့မှုများက သိသာသော ပြယုဂ်ဖြစ်ခဲ့သည်။ ဒီအခါ ရာသီဥတု ဖောက်ပြန်မှုများက ကျွဲကူးရေပါဆိုသကဲ့သို့ ထိုးနှက်မှုအပေါင်းဖြင့် ပြည်သူများ ဒုက္ခပင်လယ်ပြင်ထက် လက်ပစ်ကူးခပ်ခဲ့ကြရသည်။
 
ကချင်ပြည်နယ် သစ်တောနှင့် သတ္တုတွင်းဝန်ကြီးတစ်ဦးက “ကျွန်တော်ကတော့ အခုသစ်ခိုးထုတ်နေတဲ့ အကြောင်းကို မသိသေးပါဘူး။ နယ်မြေစိုးမိုးမှု မရှိတဲ့အတွက်ကြောင့် ထိန်းသိမ်းလို့လည်း မရနိုင်ဘူး။ နယ်မြေမစိုးမိုးတဲ့နယ်မြေကို လမ်းကြောင်း ပေါင်းစုံက ထွက်တာလေ။ အဲဒီကနေ တစ်ဖက်နိုင်ငံကိုထွက်တော့လည်း ထိန်းရခက်တာပေါ့။ ဗန်းမော်ခရိုင်အတွင်းက သစ်တောတွေကတော့ သစ်မှောင်ခိုလုပ်ငန်းကြောင့် ထိခိုက်သွားတာ ရှိပါတယ်။ ထိန်းသိမ်းဖို့တော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ အများကြီးလိုပါသေးတယ်” ဟုဆိုခဲ့ရာတွင် တာဝန်ရှိသူတစ်ယောက်အနေဖြင့် ပါးပါးကလေးမျှသာ ပြီးသွားခဲ့ပုံမှာ အံ့သြလောက်ပါပေသည်။
 
လက်ရှိကာလ ရှုမျှော်ခင်းများက သရုပ်ပျက်မှုအပေါင်းဖြင့် ထောင်းလမောင်း ထလျက်ရှိပေသည်။ နောက်ဆုံးပိတ်အချိန်၌ အိတ်ထောင်အတွင်းသို့ သွပ်သွင်းလိုမှုများဖြင့် သူ့ထက်ငါ အလုအယက်ဆိုသလို သရုပ်ဆောင် ကကွက်တို့ဖြင့် မမြင်ချင်မှအဆုံးဖြစ် နေရပေသည်။ အပူတပြင်း၊ အမောတကောဖြင့် ကိုယ့်လုပ်ပိုင်ခွင့်ဘောင်အတွင်း ဝင်သမျှအခွင့်အလမ်းများ အသုံးချ၍ အားလုံးကိုဆွဲစေ့နေကြသည်။ စောစောက ဝန်ကြီးဆိုသူ ပြောစကားထဲမှ “ကျွန်တော်ကတော့ အခုသစ်ခိုးထုတ်နေတဲ့ အကြောင်းကို မသိသေးပါဘူး” ဟုဆိုထားပေရာ တာဝန်မဲ့ရာများ ကျမနေဘူးလားဟူ၍သာ တွေးတောနေမိပေသည်။ ဒီ့စဉ်ခိုက် စာရေးဆရာကြီးတစ်ဦးက သူ၏နောက်ဆုံးစက္ကန့်များ၌ သူ့သားတော်မောင်အား အမှာပါးခဲ့ဖူးသည့် စာသားကလေးများအပေါ် အာရုံထိုးစိုက်သွားခဲ့ရပေသည်။
 
လူတစ်ယောက်ရဲ့တန်ဖိုးဟာ
သူဖြတ်သန်း ကျော်လွှားနေတဲ့
ခေတ်ကြီးက 
သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ 
သမိုင်းတာဝန်ကို 
သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ 
အချက်နဲ့ တိုင်းတာရမှာပဲ. . .။

Most Read

Most Recent