ဘဝဘွဲ့

ဘဝဘွဲ့
Published 16 March 2016
တက္ကသိုလ်မိုးဝါ

(၁)
အတန်းပညာဘွဲ့နှင့် ဘဝဘွဲ့ မတူ ကွဲပြားကြောင်း လူအများ သတိထားမိချင်မှ ထားမိကြမည်ထင်သည်။ စာရေးသူအဖို့ ဟိုးတစ်ခေတ်က အတန်းပညာဘွဲ့ကို ငယ်ငယ်ရွယ်ရွယ်နှင့် ဆွတ်ခူးခဲ့သည်ဟု ဆိုရမည်ဖြစ်သော်လည်း ဝန်ခံရစတမ်း ပြောရပါက လောကဓံကို ရင်ဆိုင်နိုင်ရန် ခွန်အားနှင့် သတ္တိအပြည့် ပေးနိုင်စွမ်းသော ဘဝဘွဲ့ကို ပို၍လိုချင်တမ်း မက်မိခဲ့သည်။ နှစ်ကာလများစွာသာ ကုန်လွန်ခဲ့သည်။ ယင်းဘွဲ့မျိုးကိုရရှိရန် အခွင့်အလမ်း မသာခဲ့။ အကြောင်းတစ်ရပ်အနေဖြင့် ထို ခေတ်ကာလက စစ်အာဏာရှင် အစိုးရတည် ဆောက်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အခြေအနေတို့ကြောင့်လည်းပါသည်။  နောက်ထပ် အကြောင်းတရား တစ်ရပ်မှာ မိမိကိုယ်တိုင်က အရည်အချင်း မပြည့်မီ၍လား၊ ကြိုးပမ်းမှု လျော့နည်း၍လား တစ်ခုခုကြောင့်လည်း ပါသည်။ 
စာရေးသူတို့ ခေတ်ကာလ၏ ပညာရေးအဆင့်အတန်းသည် အထိုက်အလျောက်တော့ တိုင်းတစ်ပါး နိုင်ငံအများအပြားနှင့် ပခုံးချင်းယှဉ်နိုင်လောက်အောင် မြင့်မားနေသေးသည်ဟု ဆိုနိုင်သည်။  ထိုမှ ကျေနပ်ဖွယ်ကောင်းသော အတန်းဘွဲ့တစ်ခုကို ရရှိခဲ့သည်။ သို့သော် ဘဝတက္ကသိုလ်ကဲ့သို့သော ဌာနကြီးမှ ဘွဲ့ရရန် မည်မျှပင် ကြိုးပမ်းခဲ့စေကာမူ အချိန်အတိုင်းအတာတစ်ခုအထိ ဆွတ်ခူးနိုင်ခြင်းမရှိခဲ့။
(၂)
ကျောင်းမှ ကာတွန်းဆရာတစ်ယောက် ရေးသည့်ဘွဲ့နှင့် အလုပ်အကိုင်နှင့် ပတ်သက်သော ကာတွန်းတစ်ကွက်ကို ဖတ်လိုက်ရသည်။  ယင်းကာတွန်းထဲတွင် တစ်ယောက်က မေးသည်။ “မင်း အခုရထားတဲ့ဘွဲ့နဲ့  ခုလုပ်နေတဲ့ အလုပ်အကိုင်က ဘယ်လိုနေလဲ” တဲ့။  နောက်တစ်ယောက်က ဖြေသည်။  “မသိပါဘူးကွာ။  ဘာမှန်းမသိဘဲနဲ့ ဘွဲ့ရလိုက်တာပါ။  အခုလုပ်နေတဲ့အလုပ်ကလည်း လုပ်သာ လုပ်နေရတယ်၊ ဘာမှန်းမသိပါဘူးကွာ” ဟုဖြေသည်။
ကာတွန်းဆရာထုတ်လိုက်သော ပြက်လုံးသည် အနည်းငယ် ရင့်သီးမည်ဟု မှတ်ချက်ချမည်ဆိုလျှင် မှတ်ချက်ချနိုင်သော်လည်း ယခုမျက်မှောက်အခြေအနေမှန်ကို အများဆုံး ထင်ဟပ်နေသဖြင့် သူ့ကိုအပြစ်မဆိုသာ။ မျက်မှောက်ကာလ၏ နိုင်ငံရေးအခင်းအကျင်း၌ ဆယ်စုနှစ်များစွာ တစ်လျှောက်လုံး ကျောင်းသားများအား နိုင်ငံရေးကိစ္စများ၌ ပါဝင်ပတ်သက်ခြင်းမှ ကန့်သတ်တားမြစ်မှုမှာ အနာဂတ်ဘဝတွင် ကြုံတွေ့လာမည့်အလုံးစုံသော ပြဿနာတို့အား ရင်ဆိုင်နိုင်သည့် စိတ်ဓာတ်ကို ရိုက်ချိုးလိုက်သည်နှင့် တူနေသည်။  စာသင်ခန်းနံရံများအတွင်း၌နေ၍ ဒါသင်၊ ဒါကျက်၊ ဒါဖြေဟူသော စာသင်နှစ် များ ကုန်ဆုံးပြီးနောက် အတန်းဘွဲ့ကိုတော့ ရချင်ရသွားမည်၊ ရင့်ကျက်၍ စဉ်းစားတွေးခေါ်ဉာဏ် ပိုင်ဆိုင်သော သူတစ်ယောက် ဖြစ်လာရန် ခဲယဉ်းနေပေလိမ့်မည်။ အတန်းစာတတ်ခြင်းနှင့် ပညာတတ်ခြင်း မတူကြောင်း ခေါင်းဆောင်တစ်ဦး၏ မိန့်စကားကို အမှတ်ရနေသည်။ တစ်နည်းဆိုသော် အတန်းစာတတ်ခြင်းသည် အတန်းဘွဲ့ ရခြင်းဖြစ်ကာ ပညာတတ်ခြင်းသည် ဘဝတက္ကသိုလ်မှ ဘဝဘွဲ့ရခြင်းဖြစ်သည်။
ခေတ်ကောင်းမီလိုက်သူများ ထိုခေတ်၏ ပညာရေးစနစ်နှင့်တကွ ပညာရေးအဆင့်တို့နှင့် ပတ်သက်၍ အကြွင်းမဲ့ သိရှိကြပေလိမ့်မည်။ ထိုအချိန်က သင်ကြားရေးပိုင်းမှ ဆရာများမှာ အရည်အချင်း၊ အတွေ့အကြုံ၊ စေတနာ အပြည့်အဝရှိသူတို့ဖြစ်ကြပြီး သင်ရိုးညွှန်းတမ်းများအား အခါမလပ် အမြဲတစေ လေ့လာ သုံးသပ်လျက် ကျောင်းသားအတွက် ထပ်မံ ဖြည့်စွက်၊ ဖြုတ်ပယ်၊ ပြင်ဆင်သင့်သည်များအား ပြုလုပ်ခဲ့သည်။  ထိုအချိန်က ‘မြင်မြင်သမျှ ပါမောက္ခ၊ တွေ့ကရာလူ ပါရဂူ’ ဟူသော ဆိုရိုးစကား ဖြစ်စဉ်များမရှိခဲ့။ ပါမောက္ခနှင့် ပါရဂူ တစ်ဦးတလေသာ ရှားရှားပါးပါးရှိခဲ့သော်လည်း ဆရာပုဂ္ဂိုလ် တစ်ဦးချင်းစီသည် အတွေ့အကြုံ၊ အရည်အချင်း၊ ရာနှုန်းပြည့် ပြည့်ဝမှု ရှိခဲ့သည်။
သို့စဉ်လျက် တက္ကသိုလ်သမိုင်းတစ်လျှောက် ၁၉၇၄ ခုနှစ် အလုပ်သမား အရေးအခင်း၊ ဦးသန့် အရေးအခင်း၊ ၁၉၇၅ ခု အလုပ်သမား ကျောင်းသားသပိတ်စခန်း၊ ၁၉၈၇ ငွေစက္ကူ တရားမဝင်ကြေညာခြင်းကိစ္စ၊ ၁၉၈၈ ဖုန်းမော်နှင့် ရှစ်လေးလုံးအရေးတော်ပုံစသည့် အရေးအခင်းပေါင်းစုံတို့တွင် ကျောင်းသင်တန်းများ ကြာရှည်ပိတ်ထားခဲ့မှုကြောင့် စာသင်ချိန် အလွန်အမင်း လျော့နည်းသွားခဲ့ရုံမျှမက အာဏာတည်မြဲရေးအတွက် စက်မှုတက္ကသိုလ် (နောင် နည်းပညာတက္ကသိုလ်) ရှိကျောင်းသားတို့ကိုလူစုခွဲရန် မလျော်ကန်သော ရည်ရွယ်ချက်ဖြင့် ဝေးသီခေါင်ဖျား မြို့ပြင်နှင့် လယ်မြေများပေါ် နည်းပညာတက္ကသိုလ်ဟူ၍ အဆောက်အအုံ ဆောက်လုပ် ဖွင့်လှစ်ခဲ့ခြင်းလုပ်ရပ်မှာ ပညာရေးအဆင့်ကို ပို၍နိမ့်ကျသွားစေလေသည်။
ဤနေရာတွင် ‘အဆောက်အအုံ’ နှင့်  ‘တက္ကသိုလ်’ ဟူသောစကားလုံးနှစ်ခု ခြားနားပုံကို မိတ်ဆွေတစ်ဦး ပြောစကားကို ဖော်ပြလိုပေသည်။
Bricks, sand and cement can be used to build a building, but not a University.
 ‘အုတ်၊ သဲ၊ ဘိလပ်မြေတို့ဖြင့် တိုက်တာ အဆောက်အအုံ ဆောက်လုပ်နိုင်သော်လည်း တက္ကသိုလ်တစ်ခုကို တည်ဆောက်နိုင်မည် မဟုတ်။’
(၃)
သို့ဖြစ်၍ ကမ္ဘာလောက အပြင်ဘက်သို့ လျှောက်လှမ်းထွက်ကြည့်ခွင့် တားဆီး ကန့်သတ်ခံရသူ တစ်ယောက်သည် အတန်းဘွဲ့နှင့်သာ ရပ်တန့်နေရတော့မည်လား။ ပညာဉာဏ်နှင့် အတွေးအခေါ် မြော်မြင်မှုကို ဖွံ့ဖြိုးစေရန်  လှုံ့ဆော်အားပေးသည့် ဘဝဘွဲ့ကို ရယူရန် အခွင့်အလမ်း မရှိပြီလား။ ယင်းနှင့်ပတ်သက်၍ ၁၉၇၀ ပြည့်နှစ်တွင် စာရေးသူရေးခဲ့သည့် ကဗျာ၏ အဆုံးသတ်အပိုင်းကို ဖော်ပြလိုက်ပါသည်။
ဘဝဘွဲ့သာ လိုချင်သည်
ငါ ထင်ခဲ့၏…..
သည်ဘွဲ့လက်မှတ်၊ တစ်စောင်ချပ်သည်
ရောင်ဟပ်အင်အား၊ လွန်ကြီးမားဟု
ငါ ထင်ခဲ့၏။
သည်ဘွဲ့ လက်မှတ်၊ တစ်စောင်ချပ်သည်
ခံတပ်အားကိုး၊ အုတ်မြို့ရိုးဟု။
သို့စေကာမူ
မျက်နှာဖုံးတပ်၊ ဘွဲ့လက်မှတ်သည်
လှည့်ပတ် လိမ်ကွေ့၊
အတွေ့အကြုံ၊ လောကဘုံကို
စုံစေ့ပြန့်ထွား၊ ငါ့အားပဲ့ပြင်
သွန်သင် မွေနှစ်၊ မပေးရစ်၍
ဟယ်….  အနှစ်သာရ၊ စိတ်အလှတို့
ဘဝအားမာန်၊ တရားမှန်တို့
ခံနိုင်စွမ်းရည်၊ နှလုံးရည်တို့
ဘယ်ဆီမှာလဲ၊ ဖွေမိဆဲ၌
လဲကျတန့်ရပ်၊ ငတ်ချင်ငတ်စေ
လက်မှတ်သည်ဘွဲ့၊ ပြာလဲ့လဲ့ကို
ဆုတ်ဖဲ့ ဆုပ်ကိုင် ငိုင်နေမိ။       ။
(၁၁ - ၁၂ - ၁၉၇၀ )
ဆယ်စုနှစ် များစွာကတည်းက တောင့်တမှုပြင်းပြခဲ့သော၊ လက်တွေ့အသိတရားနှင့် ဉာဏ်အမြော်အမြင်အထိ အတွေ့မှရသော၊ ဘဝတက္ကသိုလ်မှ ပေးအပ်ချီးမြှင့်သည့် ဘဝဘွဲ့သည် တန်ဖိုးအားဖြင့် ပိုမိုကြီးမြတ်မြင့်မား သည်ဟုခံယူမိသည်။ သာမန်ဘွဲ့များ၊ မဟာဘွဲ့များ၊ အချိန်တိုအတွင်း ပါရဂူဘွဲ့များ စသည်တို့သည် ဘဝဘွဲ့ကဲ့သို့ ချမ်းသာ ဆင်းရဲဒဏ် ခံနိုင်စေရန် သင်ကြားလမ်းညွှန် ပေးနိုင်စွမ်းမရှိခဲ့။  ပညာရှိခြင်းအားဖြင့် ဆင်းရဲဒဏ် ကြံ့ခံနိုင်သည်ဆိုခြင်းမှာ လူတိုင်းလောကဓံတရားရှစ်ပါးကို မကျော်လွှားနိုင်ဟူသော အသိတရား လက်ကိုင်ထားနိုင်မှုကြောင့် ဒဏ်ခံနိုင်သည်ဟု ပြောခြင်းဖြစ်သလို၊ ချမ်းသာဒဏ်ကို ခံနိုင်ရည်ရှိခြင်းမှာ အာဏာနှင့် အခွင့်ထူး ရရှိသည့်တိုင် လာဘ်ပေးလာဘ်ယူ မလုပ်လိုဘဲ ရလာသော အခွင့်အရေးအား အလွဲသုံးစား မလုပ်သည့် ကြံ့ကြံ့ခံနိုင်စိတ်ကိုဆိုလိုသည်ဟု ပညာရှင် သုတေသီတစ်ဦးက သုံးသပ်ပြောဆိုသည်။
လောက၌ ဓနဥစ္စာပစ္စည်းမရှိသော်လည်း ပညာလည်းရှိ၊ အကျင့်စာရိတ္တလည်း ကောင်း၊ သိက္ခာလည်းရှိသည်ဆိုလျှင် လူတောတိုး၊ လူရာဝင်သူတစ်ယောက် ဖြစ်မည်မှာ သေချာသည်။

Most Read

Most Recent