NLD အစိုးရသစ် ဖွဲ့စည်းပြီးနောက်ပိုင်း ပြုလုပ်မည့် UNA သဘာပတိ အစည်းအဝေးမှသာ အဖွဲ့ဝင် ပါတီသစ် လက်ခံရေး ဆုံးဖြတ်မည်

NLD အစိုးရသစ် ဖွဲ့စည်းပြီးနောက်ပိုင်း ပြုလုပ်မည့် UNA သဘာပတိ အစည်းအဝေးမှသာ အဖွဲ့ဝင် ပါတီသစ် လက်ခံရေး ဆုံးဖြတ်မည်
Published 9 March 2016

NLD အစိုးရသစ် ဖွဲ့စည်းပြီးနောက်ပိုင်း ပြုလုပ်မည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သဘာပတိ အစည်းအဝေးမှသာ အဖွဲ့ဝင်ပါတီ သစ်လက်ခံရေး ကိစ္စ ဆုံးဖြတ်ရန်ရှိကြောင်း UNA အတွင်းရေးမှူးအဖွဲ့မှ သတင်းရရှိသည်။UNA အဖွဲ့သို့ ဝင်ရောက်ရန်အတွက် ရခိုင်မျိုးချစ်ပါတီ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ဓနုတိုင်းရင်းသား တိုးတက်ရေးပါတီနှင့် မြိုဒီမိုကရေစီပါတီတို့က လျှောက်ထားကြောင်း သိရသည်။“လျှောက်ထားတဲ့ ခြောက်ပါတီကို UNA ရဲ့ ဖွဲ့စည်းပုံကိုလည်း ပေးလိုက်တယ်ဆိုတော့ အဲဒီဖွဲ့စည်းပုံကို ကြည့်ပြီးတော့ သဘောတူညီချက်ပေါ့။ ဖွဲ့စည်းပုံကို လက်ခံတယ် ဆိုရင်တော့ သူတို့ ဒီဘက်ကို အကြောင်းကြားမယ်။ အကြောင်းကြားလာတဲ့ အခါကျရင်တော့ ဒီ UNA ရဲ့ သဘာပတိ စုံညီ အစည်းအဝေး ကျရင်တော့ သူတို့ကို အတည်ပြုပြီး ပေးရမှာပေါ့။ လောလောဆယ်ကတော့ သဘာပတိ အစည်းအဝေးလုပ်ဖို့ နည်းနည်းလေး အချိန်စောင့်ရမယ့်သဘော ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ ပါတီတွေ အထူးသဖြင့် ဒီ UNA မှာပါတဲ့ ရခိုင်အမျိုးသား ပါတီ ဆိုလည်း ကျွန်တော်တို့ရဲ့ ANP ဘက်၊ ဒီဘက်အခြမ်းမှာလည်း နည်းနည်းလေး အခြေအနေက ရှုပ်ထွေးနေတယ်။ နောက်တစ်ခါ ပြည်နယ်အစိုးရ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း ပါတီတွေက အတော်လေး လုံးပန်းနေရတယ်ပေါ့လေ။ ဆိုတော့ ဒါတွေ နောက်ပိုင်းပြီးသွားရင်တော့ ဧပြီလောက် ဆိုရင်တော့ ဒီဟာတွေ ဖြစ်သွားလိမ့်မယ် ထင်တယ်။ လောလောဆယ်တော့ လက်ခံတယ်ဆိုတဲ့ အနေနဲ့ ကချင်ရယ်၊ ရခိုင်ရယ် စသဖြင့် အကြောင်းကြားထားတာတွေ ရှိပါတယ်” ဟု UNA အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်က ပြောကြားသည်။လျှောက်ထားသည့် ပါတီများထဲတွင် ချင်းဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှာ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက အဖွဲ့သို့ ဝင်ရောက်နိုင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ကျန်ပါတီများမှာ ရွေးကောက်ပွဲ အပြီးတွင် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent