၂၀၁၁ ခုနှစ်မှ စတင်ပြီး တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ KIO/KIA တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခ ကြုံတွေ့နေကြရသည့် ကချင်ဒေသခံများ အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရ၍ ၎င်းတို့အား ပြန်လည်နေရာချထားနိုင်ရေး အမြန်ဆုံး လုပ်ဆောင်ရန် အစိုးရနှင့် KIO/KIA တို့အား မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က မတ် ၉ ရက်တွင် တိုက်တွန်းလိုက်သည်။နေရပ်စွန့်ခွာ ပြောင်းရွှေ့သူများ (IDPs) နှင့် ပတ်သက်သော KIO/KIA အဖွဲ့၏ မတ် ၉ ရက် သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး PCG အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာက ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။စစ်ဘေး ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး KIO/KIA အဖွဲ့၏ သဘောထား ထုတ်ပြန်ချက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့၏ ၂၀၁၃ သဘောတူညီချက်တွင် ပါရှိသော IDPs ဆိုင်ရာ အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိသေးသည် သာမက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် IDPs နှင့် သက်ဆိုင်သော အရေးကိစ္စများ၊ ဆွေးနွေးမှုများ၊ အားနည်းလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ဦးလမိုင်ဂွန်ဂျာက “ကျွန်တော်တို့ အနေနဲ့ တိုက်တွန်းချင်တာကတော့ ဒါက အမြန်ဆုံး ဒါကို နှစ်ဦးနှစ်ဖက် အစိုးရဘက်နဲ့ KIO ဘက်ကနေပြီးတော့ အမြန်ဆုံး ဆက်လက် လုပ်သွားရင် ပိုကောင်းမယ်။ မဟုတ်ရင် နှစ်က အတော်လေး ကြာပြီဖြစ်တဲ့ အတွက်ကြောင့်မို့လို့ IDPs မှာရှိတဲ့ သူတွေကတော့ ဒုက္ခ အမျိုးမျိုးပဲလေ။ ခံစားမှုတွေ ဒုက္ခအမျိုးမျိုး ရောက်နေတာတွေ ကျွန်တော်တို့ မြင်တွေ့ရတာ စိတ်လည်း မကောင်းဘူး။ ဒါကြောင့် အမြန်ဆုံး ဒီအစိုးရဘက်နဲ့ KIO ဘက် နှစ်ဦးနှစ်ဖက် အမြန်ဆုံး ညှိနှိုင်းပြီး လုပ်ဆောင်ကြမယ်ဆိုရင် ပိုကောင်းမယ်လို့ ကျွန်တော်တို့ မြင်တယ်” ဟု ပြောကြားသည်။စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ရရှိပြီး ဒေသခံများ နေထိုင်ရာတွင် နှစ်ဖက် တပ်ဖွဲ့များက ထောင်ထားသော မိုင်းများ ရှင်းလင်းရေး လုပ်ဆောင်ရန် လိုအပ်သည့်အပြင် ဒေသခံများ နေထိုင်လုပ်ကိုင် စားသောက်ရန် အခြေအနေများ ဖန်တီးပေးနိုင်ရန်လည်း လိုအပ်သည်ဟု ၎င်းက ဆိုသည်။ဦးလမိုင်ဂွန်ဂျာက “ဒီမိုင်းရှင်းလင်းရေးကို လုပ်ပေးတဲ့ နောက်ပိုင်းမှာတောင်မှ သူတို့ လာနေဖို့အတွက် သူတို့မှာ အခြေခံလည်း ဘာမှ မရှိတော့ဘူး။ အိမ်တွေ ဘာတွေလည်း တချို့တွေက လုံးဝမကောင်းတာ ဖြစ်တဲ့အတွက် အိမ်တွေ အဆောက်အအုံတွေ ပြန်ဆောက်ရမယ်။ အဲဒါတွေ ဆောက်ဖို့အတွက် သူတို့မှာ အခက်အခဲရှိတယ်။ အိမ်တွေဘာတွေ ဆောက်လုပ်ပြီး နေပေမယ့်လည်း သူတို့အတွက် ရှေ့ရေး စားဝတ်နေရေးအတွက် လယ်ယာလုပ်တဲ့ဟာက အဓိက များတယ်။ တောင်ယာလုပ်စားတာ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေ လုပ်ဖို့အတွက် သူတို့မှာလည်း အရင်းအနှီးတွေ စားသောက်ဖို့ အတွက်က ရင်းနှီးမှုတွေ အများကြီး သူတို့မှာ လိုအပ်တယ်” ဟု ပြောကြားသည်။၂၀၁၁ ခုနှစ်တွင် ပြန်လည်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ဦးရေ တစ်သိန်းကျော်ရှိကြောင်း သိရသည်။KIO/KIA အနေဖြင့် လာမည့်အစိုးရသစ်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို စောင့်နေသည်ဟု KIO/KIA အလုပ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားထားသည်။
စစ်ဘေး ဒုက္ခသည်များ အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရ၍ ပြန်လည်နေရာချထားနိုင်ရေး အမြန်ဆုံး လုပ်ဆောင်ရန် အစိုးရနှင့် KIO အား PCG အဖွဲ့ တိုက်တွန်း















