ပြည်ထောင်စု အစိုးရ အဖွဲ့တွင် ပါဝင်ခွင့် ရရေး တောင်းဆိုထားခြင်း မရှိကြောင်းနှင့် NLD ဘက်ကလည်း ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ပြောကြား

ပြည်ထောင်စု အစိုးရ အဖွဲ့တွင် ပါဝင်ခွင့် ရရေး တောင်းဆိုထားခြင်း မရှိကြောင်းနှင့် NLD ဘက်ကလည်း ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ပြောကြား
Published 9 March 2016
ကျော်ဇင်ဝင်း

အပြောင်းအလဲ တစ်ခုကို လိုချင်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး နေရာလိုချင်၍ မဟုတ်သဖြင့် ပြည်ထောင်စု အစိုးရ အဖွဲ့တွင် ပါဝင်ခွင့် ရရေး တောင်းဆိုထားခြင်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပူဂင်ကမ်းလျန်က ပြောကြားသည်။ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ဝင် ပါတီဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသော ပါတီဖြစ်သည်။“ကျွန်တော်တို့က NLD နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှိတယ်။ ဒါပေမဲ့ ရာထူးနေရာအတွက် ကျွန်တော်တို့ဘက်က တောင်းဆိုတာ။ သူတို့ဘက်က ကမ်းလှမ်းတာ ဘာမှ မရှိဘူး။ အခုက ဒုတိယသမ္မတ ရွေးချယ်တဲ့ အဆင့်ဆိုတော့ အဲဒီအထဲ မပါတော့ ကမ်းလှမ်းတာ မရှိဘူး။ သမ္မတရွေးပြီး အစိုးရအဖွဲ့ ဖွဲ့ရင်တော့ ဘယ်လိုလာမလဲ မသိဘူး” ဟု ပူဂင်ကမ်းလျန်က ပြောကြားသည်။သို့ရာတွင် ပြည်ထောင်စုအဆင့် အစိုးရဖွဲ့ရာတွင် ပါဝင်ခွင့် မရပါကလည်း အရေးမကြီးဘဲ နိုင်ငံရေးပြောင်းလဲမှု တစ်ခုကို လိုချင်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။“နေရာ အဓိက မဟုတ်ဘူး။ အရွေ့ တစ်ခုခု။ ပြောင်းလဲမှု တစ်ခုခု ကျွန်တော်တို့ လိုချင်တယ် ဒါပါပဲ။ ရှင်းရှင်းပြောရရင် ဖွဲ့စည်းပုံ ပြင်နိုင်ဖို့ကို ကျွန်တော်တို့က အဓိက ထားပါတယ်။ ရာထူးရခြင်း မရခြင်း အဓိက မဟုတ်ဘူး။ ကျွန်တော်တို့ ရွေးကောက်ပွဲဝင်တာ ဒါကြောင့် မဟုတ်ဘူး။ နှစ်ပေါင်း ၂၅ နှစ်ကျော် ရုန်းကန်လှုပ်ရှား ပေးဆပ်လာတာ နေရာအတွက် မဟုတ်ဘူး။ အပြောင်းအလဲ တစ်ခုခု လိုချင်လို့ လုပ်ခြင်း ဖြစ်တယ်” ဟု ပူဂင်ကမ်းလျန်က ပြောကြားသည်။ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲ ကာလတွင် ဇိုမီးအမျိုးသား ကွန်ဂရက် အမည်ဖြင့် ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိမှုများ ရှိခဲ့ကာ ၁၉၉၂ ခုနှစ်တွင် ပါတီ ဖျက်သိမ်းခံခဲ့ရသည်။၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ ပါတီတို့နှင့် အတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ  ယခုနောက်ပိုင်း ကာလများမှသာ ပါတီမှတ်ပုံတင် ပြန်လည်ရယူကာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် နှစ်နေရာ၊ အမျိုးသားလွှတ်တော်တွင် နှစ်နေရာ၊ ချင်းပြည်နယ် လွှတ်တော်တွင် နှစ်နေရာ အနိုင်ရရှိထားသည်။၁၉၉၀ ရွေးကောက်ပွဲပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများ ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) တွင် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၁၉၉၀ ကာလမှ လက်ရှိအချိန်အထိ ကောင်းမွန်သည့် မဟာမိတ် ဆက်ဆံရေး ရှိသော ပါတီတစ်ခု ဖြစ်သည်။လက်ရှိတွင် အဆိုပါ CRPP တွင် ပါဝင်ခဲ့သည့် တိုင်းရင်းသား ပါတီများကို အခြေပြု ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ဝင် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ပြည်ထောင်စု အစိုးရအဖွဲ့တွင် တစ်နေရာ ပါဝင်ရန် ကမ်းလှမ်းခံထားရကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားထားပြီး အတည်မပြုနိုင်သော သတင်းများအရ ဒုတိယသမ္မတ နေရာအား ကမ်းလှမ်းခြင်း ဖြစ်ကြောင်း သတင်းထွက်ပေါ်လျက် ရှိသည်။ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ်များအပေါ် ထားရှိသော သဘောထားများအရ ၎င်းတို့နှင့် နှစ်ရှည်လများစွာ မဟာမိတ် ဆက်ဆံရေး ရှိခဲ့သည့် CRPP အဖွဲ့ဝင် ပါတီများ၏ သစ္စာရှိမှု အကြောင်းကို မကြာခဏ ထုတ်ဖော် ချီးကျူး ပြောကြားလေ့ရှိပြီး လက်ရှိတွင်လည်း CRPP အဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ထားသည်။

Most Read

Most Recent