လက်ရှိ အစိုးရ၏ ပထမအကြိမ် လွှတ်တော်၌ ကတိကဝတ်မှ ပယ်ဖျက်ပေးရန် တင်ပြခဲ့သည့် လုပ်ငန်းများကို ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ပြန်လည် စိစစ်မည်

လက်ရှိ အစိုးရ၏ ပထမအကြိမ် လွှတ်တော်၌ ကတိကဝတ်မှ ပယ်ဖျက်ပေးရန် တင်ပြခဲ့သည့် လုပ်ငန်းများကို ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ပြန်လည် စိစစ်မည်
Published 8 March 2016
မျိုးမင်းထက်

လက်ရှိ အစိုးရ၏ ပထမအကြိမ် လွှတ်တော်၌ ကတိကဝတ်မှ ပယ်ဖျက်ပေးရန် တင်ပြခဲ့သည့် လုပ်ငန်းများကို ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက ပြန်လည် စိစစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ထိုသို့ ပြန်လည် စိစစ်ရန်အတွက် ကော်မတီ အစည်းအဝေးကို မတ် ၈ ရက် လွှတ်တော် အစည်းအဝေး အပြီးတွင် ပြုလုပ်မည် ဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က The Daily Eleven သတင်းစာကို ပြောကြားသည်။“အန်တီတို့က အရင် အစိုးရ လက်ထက်က လုပ်ခဲ့တဲ့ ကတိကဝတ် ကျန်တဲ့ဟာတွေကို ပြန်လည် စိစစ်ဖို့ ခေါ်တဲ့ အစည်းအဝေးပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာမေဝင်းမြင့်က ပြောကြားသည်။ပထမအကြိမ် ပြည်သူ့လွှတ်တော် ငါးနှစ်သက်တမ်း ကာလအတွင်း ကြယ်ပွင့်ပြ မေးခွန်း၊ ကြယ်ပွင့်မပြ မေးခွန်း၊ အဆိုများနှင့် ပတ်သက်၍ ကတိဖြစ်ခဲ့သည့် လုပ်ငန်းများအနက် ပြည်ထောင်စု အစိုးရ အဖွဲ့မှ လုပ်ငန်း စုစုပေါင်း ၇၀၀ ကျော်ကို ပယ်ဖျက်ပေးရန် တင်ပြခဲ့ရာ ယင်းလုပ်ငန်းများကို ပယ်ဖျက်မည့် အစား လွှတ်တော်မှ မှတ်တမ်းတင်ထား ရှိမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုထားသည်။ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ၊ အတည်ပြု အဆိုများအနက် လက်ရှိလွှတ်တော် သက်တမ်းအတွင်း ပြီးစီးနိုင်ခြင်း မရှိသည့် လုပ်ငန်းများသည် ဘဏ္ဍာငွေ ခွဲဝေပေးမှု မရရှိခဲ့ခြင်း၊ လုပ်ငန်း သဘောသဘာဝအရ နှစ်ရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ခြင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိခြင်းတို့ကြောင့် ကတိစာရင်းမှ ပယ်ဖျက်ပေးရန် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးမှ ပြည်သူ့လွှတ်တော်ရုံးသို့ ညှိနှိုင်းလာခဲ့ခြင်းဖြစ်ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။“လုပ်ငန်း ဆောင်ရွက်ပေးဖို့ ကျန်တာက ဥပမာ ပြောရရင် လမ်းတံတားတို့၊ ဆေးရုံတို့၊ ကျောင်းဆောက်တာတို့ကို ဘတ်ဂျက် တိုးတောင်းပြီးတော့ ဆောက်လုပ်ပေးပါမယ်ပေါ့။ သူတို့ ကတိတည်သွားတာတွေ ရှိတယ်။ ကတိ ဖြစ်သွားတာပေါ့။ ဒီအစိုးရ လက်ထက် အတွင်းမှာ မမီတော့ဘူး။ မမီတော့ ဒါကို ဆောင်ရွက်လို့ မရတော့ဘူး။ ဒါကို ပယ်ဖျက်ပေးပါ ဆိုပြီးတော့ လွှတ်တော်ကို စာပို့ထားတာ ရှိတယ်။ အန်တီတို့ ပြန်ပြီးတော့ စိစစ်မလို့ပါ” ဟု ကော်မတီဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့်က ပြောကြားသည်။

Most Read

Most Recent