ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးခုမှ တင်သွင်းလာမည့် ဒုတိယ သမ္မတလောင်းများအား နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့ဝင် ခုနစ်ဦးဖြင့် စိစစ်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက မတ် ၇ ရက်တွင် ပြောကြားသည်။နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့တွင် လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦး၊ အမျိုးသားလွှတ်တော် အစုအဖွဲ့မှ တစ်ဦး၊ ပြည်သူ့လွှတ်တော် အစုအဖွဲ့မှ တစ်ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ တစ်ဦး စုစုပေါင်း ခုနစ်ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။အဆိုပါအဖွဲ့ အနေဖြင့် အစုအဖွဲ့ သုံးခုမှ တင်သွင်းလာသည့် ဒုတိယ သမ္မတလောင်း သုံးဦးအား သတ်မှတ်ထားသည့် အရည်အချင်းများ ကိုက်ညီမှု ရှိ မရှိ စိစစ်မည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်ပြီးပါက ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများကို ရွေးချယ် ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးမင်းဦးက ဆက်လက်ပြောကြားသည်။ဦးမင်းဦးက “ပြည်ထောင်စု လွှတ်တော်မှာတော့ အစုအဖွဲ့ သုံးခုက ပေးပို့လာတဲ့ ဒုတိယ သမ္မတလောင်း သုံးဦး အမည်စာရင်း ကြေညာမယ်။ ပြီးရင် အရည်အချင်း စစ်ဆေးရေး အဖွဲ့ ဖွဲ့မယ်။ ဖွဲ့ပြီးသွားရင် အဲဒီအဖွဲ့က တင်သွင်းထားတဲ့ ဒုတိယ သမ္မတလောင်းတွေကို သတ်မှတ်ထားတဲ့ အရည်အချင်း ကိုက်ညီမှု ရှိ မရှိ စစ်ဆေးရမှာပေါ့” ဟု ပြောကြားသည်။အမျိုးသားလွှတ်တော် အစုအဖွဲ့ အနေဖြင့် မတ် ၁၀ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်သကဲ့သို့ ပြုလုပ်မည်ဖြစ်ကြောင်း၊ ဒုတိယ သမ္မတအဖြစ် မည်သူ့ကို အဆိုပြုသည်၊ ထောက်ခံသည် စသည်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မတ် ၁၀ ရက်တွင် အမျိုးသားလွှတ်တော် အစုအဖွဲ့ အနေဖြင့် ဒုတိယ သမ္မတလောင်း အမည်စာရင်း တင်သွင်းပြီး အတည်ပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက “ဒုတိယ သမ္မတ အမည်စာရင်း ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တိုင်းထံကို ဖြန့်ဝေထားတဲ့ စာကို ဒီနေ့ ရရှိပါတယ်။ ကြိုက်နှစ်သက်တဲ့ အမည်စာရင်း ပေးဖို့ပေါ့။ ၁၀ ရက်မှာ အမျိုးသားလွှတ်တော် ရွေးချယ်ခံ အစုအဖွဲ့ အနေနဲ့ ဒုတိယ သမ္မတလောင်း တစ်ဦး တင်သွင်းရမယ်လေ” ဟု ပြောကြားသည်။တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ အနေဖြင့်မူ ရွေးချယ်ထားသည့် ဒုတိယ သမ္မတလောင်း၏ အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်တွင်သာ တင်သွင်းမည်ဖြစ်ကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ အနေဖြင့် တစ်ဖွဲ့တည်း ဖြစ်သည့်အတွက် ကန့်ကွက်မည့်သူ မရှိကြောင်း၊ ထို့အတွက် မဲခွဲ ဆုံးဖြတ်ရန် မလိုသည့်အတွက် ပြည်ထောင်စု လွှတ်တော်တွင်သာ အမည်စာရင်း တင်သွင်းမည် ဖြစ်ကြောင်း၊ ရွေးချယ်ခံ ကိုယ်စားလှယ် အစုအဖွဲ့များ အနေဖြင့် ပါတီများ မတူညီကြသည့် အတွက် မဲခွဲ ဆုံးဖြတ်မှုများလည်း ဖြစ်နိုင်ကြောင်း၊ ထို့အတွက် မတ် ၁၀ ရက်တွင် အမျိုးသားလွှတ်တော် အစုအဖွဲ့ အနေဖြင့် အဆုံးအဖြတ် ခံယူရမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ပြောကြားသည်။ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအား ဒုတိယသမ္မတ ရွေးချယ် တင်မြှောက်မည့် အစည်းအဝေးအား မတ် ၁၀ ရက်တွင် ပြုလုပ်မည် ဖြစ်သည့်အတွက် အစုအဖွဲ့ အစည်းအဝေးများ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးခုမှ တင်သွင်းလာမည့် ဒုတိယ သမ္မတလောင်းများအား နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့ဝင် ခုနစ်ဦးဖြင့် စိစစ်မည်















