ရှမ်းပြည်ညီညွတ်ရေး ကော်မတီ၏ ဆက်ဆံရေးအဖွဲ့ အနေဖြင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား စည်းလုံးညီညွတ်မှု ရရှိရန် ကြိုးစားကာ နိုင်ငံရေး ပြဿနာများကို လက်တွဲ ဖြေရှင်းနိုင်ရေး ဆောင်ရွက်မည်

ရှမ်းပြည်ညီညွတ်ရေး ကော်မတီ၏ ဆက်ဆံရေးအဖွဲ့ အနေဖြင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား စည်းလုံးညီညွတ်မှု ရရှိရန် ကြိုးစားကာ နိုင်ငံရေး ပြဿနာများကို လက်တွဲ ဖြေရှင်းနိုင်ရေး ဆောင်ရွက်မည်
Published 6 March 2016
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး၊ ဝီရမိုးနေ

ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပါတီများ အပါအဝင် ရှမ်းတိုင်းရင်းသား အဖွဲ့အစည်း ရှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) ၏ မတ် ၃ ရက်နှင့် ၄ ရက်များက ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆက်ဆံရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းခဲ့ရာ အဆိုပါ အဖွဲ့ အနေဖြင့် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား စည်းလုံးညီညွတ်မှု ရရှိရန် ကြိုးစားကာ နိုင်ငံရေး ပြဿနာများကို အတူတကွ လက်တွဲ ဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CSSU မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် SSA အသွင်ပြောင်းအဖွဲ့ စသည်တို့ဖြင့် အဓိက ပါဝင် ဖွဲ့စည်းထားကြောင်း သိရသည်။ရန်ကုန်မြို့၌ ပထမဆုံး ပြုလုပ်သည့် CSSU ၏ အစည်းအဝေးတွင် ရှမ်းတိုင်းရင်းသားများ သာမက ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသား အဖွဲ့များ CSSU တွင် ပါဝင်လာရေး စည်းရုံးရေးအဖွဲ့ ဖွဲ့စည်းရန် လိုအပ် မလိုအပ် ဆွေးနွေးခဲ့ရာ စည်းရုံးရေးအဖွဲ့အစား ဆက်ဆံရေး အဖွဲ့ကို ယခင် CSSU ၏ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ယူခဲ့သူ စဝ်ပင်ခမ်းကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး CSSU အဖွဲ့ဝင် အဖွဲ့အစည်း ရှစ်ဖွဲ့မှ တစ်ဖွဲ့လျှင် တစ်ဦးနှုန်းဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။RCSS/SSA မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက “ဆက်ဆံရေးအဖွဲ့ အနေနဲ့ အခု လောလောဆယ်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အားလုံးနဲ့ ဆက်သွယ် ဆက်ဆံရမှာပေါ့။ အဓိက,ကတော့ ဒီ CSSU ရဲ့ အဖွဲ့အစည်း အကြောင်းကို နားလည်အောင်၊ နောက်ရှေ့မှာလည်း ကျွန်တော်တို့ အတူတကွ စည်းလုံး ညီညွတ်မှု ရအောင်နဲ့ အတူတကွ လက်တွဲပြီးတော့ နိုင်ငံရေး ပြဿနာ တွေ ဖြေရှင်းနိုင်အောင်ဆိုတဲ့ အဓိက အချက်တွေပါ။ ပြီးတော့ ပြည်သူလူထုကိုလည်း CSSU နဲ့ ပတ်သက်ပြီးတော့ နားလည်လာနိုင်အောင် သူတို့က ရှင်းပြမှာပါ” ဟု ပြောကြားသည်။CSSU ၏ ဆက်ဆံရေး အဖွဲ့က ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး SNLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလိတ်က “CSO ပါမယ်။ နောက် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာဖို့၊ လက်မှတ်ထိုးတာ မထိုးတာ သူတို့အပိုင်းပေါ့နော်။ ဒါပေမဲ့ ဒီ NCA ကို ထဲထဲဝင်ဝင် လေ့လာပြီးတော့မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မလုပ်ဘဲနဲ့ ကျန်မနေအောင်ပေါ့နော်။ ဒါတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။ အဖွဲ့တွေကတော့ ဘယ်အဖွဲ့ကိုမှ ချန်ခဲ့မှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။ဆက်လက်၍ ဦးစိုင်းလိတ်က “ထူးခြားချက် တစ်ခု ရှိတယ်။ ရှမ်းပြည်ထဲမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်း အကုန်လုံးမှာ ရှမ်းစစ်သား မပါတဲ့ အဖွဲ့ဆို နည်းနည်းလေးပဲ ရှိတယ်။ ရှိလှရင်တောင်မှ တစ်ဖွဲ့ နှစ်ဖွဲ့ပေါ့။ KIA ကိုယ်၌မှာလည်းပဲ ဒါ KIA ဆိုတာက ရှမ်းပြည်ဘက်မှာ ရှိတာ မဟုတ်ဘူး။ ဒါပေမဲ့ ကွတ်ခိုင်နားမှာ သူတို့ တပ်မဟာတွေ ရှိတာ။ အဲဒီ အထဲမှာလည်း ရှမ်းစစ်သားတွေ ပါတယ်။ ‘ဝ’ ပဲ ဖြစ်ဖြစ် မိုင်းလားပဲ ဖြစ်ဖြစ် အဲဒီထဲမှာလည်း ရှမ်းစစ်သားတွေ ရှိတာပဲ။ အဲဒါကြောင့်မို့လို့ ဘယ်အဖွဲ့အစည်းကိုပဲ ကြည့်ကြည့်ပေါ့နော် လက်ညှိုးနဲ့ လက်ထိပ်ပဲ ဖြစ်နေတယ်။ အားလုံးက ကိုယ့်ရဲ့ သွေးတွေ သားတွေပဲ ဆိုတော့ ပြည်တွင်း ငြိမ်းချမ်းရေးက ဒီအချိန်ကတည်းက ရင်းတည်ဆောက်လို့ရှိရင် အထူးသဖြင့် ရှမ်းပြည်ပေါ့နော်။ တိုက်ပွဲ အများဆုံး ဖြစ်တဲ့နေရာ၊ မူးယစ်ဆေးဝါး အပေါဆုံး အရပ်၊ ပြီးတော့ လူကုန်ကူးမှု အများဆုံး ပြည်နယ်၊ နောက်တစ်ခုက နယ်စပ်ဖြစ်တော့ ပိုမိုပြီးတော့ ဘေးထွက်ဆိုးကျိုးတွေ များပါတယ်။ ဒါကြောင့်မို့လို့ ဘယ်အဖွဲ့အစည်းကိုမှ မချန်ဘဲနဲ့ အားလုံး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါအောင် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပွင့်ပွင့်လင်းလင်းနဲ့ တန်းတူညီတူ ဆွေးနွေးနိုင်အောင် ကျွန်တော်တို့ စွဲဆောင်စည်းရုံးဖို့ ရှိတယ်။ အဲဒီလို ပြောရင်တော့ နားက မခံသာဘူးပေါ့နော်။ စွဲဆောင်စည်းရုံးတယ် ဆိုတာထက်ကို ဝင်ထွက်သွားလာပြီးတော့ အဆက်အဆံ ပြုမှုပေါ့” ဟု ရှင်းပြသည်။CSSU ကို ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ပုံမှန် အစည်းအဝေးကို ယခင်က ခြောက်လလျှင် တစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ယခုနှစ်မှ စတင်ကာ လေးလလျှင် တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ တာဝန်ကို အက္ခရာ အစဉ်လိုက် အလှည့်ကျ တာဝန်ယူ ဆောင်ရွက်ရာ ပထမဆုံး ဥက္ကဋ္ဌမှာ RCSS ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဖြစ်ပြီး လက်ရှိ ဥက္ကဋ္ဌမှာ SSJAC အဖွဲ့ ဥက္ကဋ္ဌနှင့် SNLD ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦး ဖြစ်ကြောင်း သိရသည်။ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ဥက္ကဋ္ဌ၏ တာဝန်များနှင့် ပတ်သက်ပြီး ဦးစိုင်းလိတ်က “လုပ်ပိုင်ခွင့်က ဘာတွေလဲဆိုတော့ ဒီနိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဘယ်လို ပေါ်လစီ ဘယ်လိုမူ ချမှတ်ရမယ် ဆိုတာကို ဦးဆောင်ပြီး လုပ်ဆောင်ရမယ်။ နောက် တခြား အဖွဲ့အစည်း ဥပမာ နိုင်ငံရေးပါတီပဲ ဖြစ်ဖြစ်၊ လက်နက်ကိုင် အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာဖို့ ဆိုရင် သူ့အနေနဲ့ ဦးဆောင်ပြီးတော့မှ ဆွေးနွေးရမယ်” ဟု ပြောကြားသည်။CSSU အဖွဲ့နှင့် ပတ်သက်၍ ဦးစိုင်းလိတ်က “ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဆောင်ရွက်တဲ့ အဖွဲ့ ဖြစ်တာမို့လို့ သက်ဆိုင်ရာ အာဏာပိုင်ပဲ ဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ်၊ နော က်တခြားပါတီ အဖွဲ့အစည်းပဲ ဖြစ်ဖြစ်ပေါ့နော်။ ဒီအပေါ်မှာ သံသယ ကင်းကင်းနဲ့ ကျွန်တော်တို့ကို ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြမယ် ဆိုရင်တော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်ကို ဒီထက်မက ဆောင်ရွက်နိုင်လိမ့်မယ်ပေါ့နော်” ဟု ရှင်းပြပါသည်။

Most Read

Most Recent