မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားဟောင်း ထောင်နှင့်ချီ ရှိနေပြီး ထိုသူတို့၏ ဘ၀ ပြန်လည် ထူထောင်ရေးအတွက် အစိုးရသစ်မှ တာဝန်ယူ ဆောင်ရွက်ရန် လိုအပ်နေဟု နိုင်/ကျဉ်းရေးရာ အဖွဲ့အစည်းများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများက သုံးသပ် ပြောကြားသည်။နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ စာရင်းကောက်ယူ ရရှိထားသည့် နိုင်ငံရေး အကျဉ်းသားဟောင်း အရေအတွက်မှာ ၃၅၀၀ ခန့် ရှိပြီး နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်း ခံရသူ အရေအတွက်မှာ ၇၀၀၀ ကျော် ရှိနိုင်ကြောင်း သိရသည်။နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) မှ ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးက “နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ဘ၀ ပြန်လည်ထူထောင်ရေးက လုပ်ဖို့ လိုတယ်။ လူ့အဖွဲ့အစည်းတစ်ခု အနေနဲ့ လူ့အဖွဲ့အစည်းရဲ့ အပြောင်းအလဲအတွက် ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးအရ ဘဝတွေကို စွန့်စားခဲ့တဲ့ သူတွေရဲ့ ကောင်းရာကောင်းကြောင်းတွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ ကျွန်တော်တို့က နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဆိုပြီး အမည်ခံပြီး လုပ်နေပေမယ့် ကျွန်တော်တို့ ကူညီနိုင်တဲ့ အတိုင်းအတာက အကန့်အသတ် ရှိပါတယ်။ အဲဒီတော့ ဒီလို နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ အစိုးရက ဦးဆောင်ပေးမှ အဆင်ပြေမှာ။ နိုင်ငံတကာမှာလည်း အစိုးရက ဦးဆောင်ပြီးတော့ လုပ်တယ်။ တောင်ကိုရီးယားတို့ ဘာတို့မှာဆို သူတို့ အကျဉ်းထောင်ထဲမှာ နေခဲ့တဲ့ ကာလအလျောက် နိုင်ငံတော်က လျော်ကြေးပေးတဲ့ ကိစ္စတွေ ရှိတယ်။ ဆိုတော့ နိုင်ငံတကာက စံနှုန်းတွေကိုလည်း ကြည့်ပြီးတော့လည်း အစိုးရသစ်က နိုင်ငံရေး အကျဉ်းသားတွေရဲ့ဘ၀ ပြန်လည်ထူထောင်ရေးတွေကို ဦးဆောင်ပြီး လုပ်ပေးစေချင်တယ်။ ဒီလူတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဒီလူတွေရဲ့ လူမှု ဒုက္ခတွေကို စာနာတဲ့ အနေနဲ့ လုပ်ပေးစေချင်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအနက် လွှတ်တော်ကိုယ်စားလှယ် ၁၁၅ ဦးမှာ နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည်ဟု စာရင်းကောက်ယူ ရရှိထားကြောင်း၊ အများစုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဖြစ်ကြောင်း AAPP ၏ အချက်အလက်များအရ သိရသည်။“နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြန်ပြီးတော့ သူတို့ ပြစ်မှုခံခဲ့ရမှု အပေါ်မှာ လက်စားချေတာမျိုး ဆိုတာမျိုး အစီအစဉ် မရှိပါဘူး။ သို့သော်လည်း တစ်ချိန်မှာတော့ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့ နိုင်ငံတစ်ခု အနေနဲ့ မလွဲမသွေ အသွင်ကူးပြောင်းရေး ကာလတစ်ခုတော့ ဖြတ်သန်းရမယ်ပေါ့။ အဲဒီအခါမှ အသွင်ကူးပြောင်းရေး ကာလတစ်ခု အနေနဲ့ ပြုလုပ်ခဲ့တဲ့ သူတွေက ဝန်ခံဖို့ လိုတယ်။ ဒီဘက် အကျူးလွန်ခံခဲ့ရတဲ့ သူတွေဘက်ကလည်း ခွင့်လွှတ်နိုင်တာတွေကို ခွင့်လွှတ်မယ်။ ဒါတွေက သွားကို သွားရမယ်” ဟု ဦးတင်မောင်ဦးက ဆက်လက်ပြောကြားသည်။နိုင်ငံရေး အကျဉ်းသားဟောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော် ပါဝင်မည့် လာမည့် လွှတ်တော်သစ် သက်တမ်းတွင် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို တရားဝင် အသိအမှတ်ပြုမှု ရရှိရန်နှင့် အစိုးရသစ်ထံမှ နိုင်/ကျဉ်းဟောင်းများ ဘဝထူထောင်ရေး ကူညီမှုများ ရရှိရန် မျှော်လင့်ကြောင်းလည်း ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း AAPP မှ ဦးအောင်မျိုးကျော်က ပြောကြားသည်။AAPP၊ FPPS တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သော ၂၀၁၄ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် နိုင်ငံရေး အကျဉ်းသား ဖွင့်ဆိုချက် အလုပ်ရုံ ဆွေးနွေးပွဲမှ “မည်သူမဆို မည်သည့် အကြောင်းကြောင့် ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသား အခွင့်အရေးတို့အတွက် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ လှုပ်ရှား ဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည် ပါဝင်ခြင်း၊ ဆက်စပ် ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ် ခံရသူများအား နိုင်ငံရေး အကျဉ်းသားအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်စေ၊ ဥပဒေ တစ်ရပ်ရပ်အရ ဖြစ်စေ ဖွဲ့စည်း ပေါ်ပေါက်လာသော မဏ္ဍိုင် သုံးရပ်နှင့် လုပ်ငန်း အဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်း အဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်း အမျိုးမျိုးဖြင့် တစ်ဦးချင်း ဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသား ပုံနှိပ် ထုတ်ေ၀ ဖြန့်ချိခြင်း၊ ဆန္ဒ ထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားပုံသဏ္ဌာန် တစ်ခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများကိုလည်း နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း သိရသည်။“နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ခဲ့တယ် ဆိုတာက တိုင်းပြည်အတွက် ဘာကိုမှ မရည်ရွယ်ဘဲနဲ့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အခု သူတို့ တာဝန်ထမ်းဆောင်ခွင့် အခါအားလျော်စွာ ရရှိနေပါတယ်။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းစေချင်တယ်။ တိုင်းပြည်အတွက် ဘာမျှော်ကိုးချက်မှ မပါဘဲနဲ့ တာဝန်အဖြစ် သဘောထားပြီးတော့မှ ဘဝတူ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကိုလည်း တတ်နိုင်သရွေ့ ကူညီစောင့်ရှောက်ဖို့ တိုက်တွန်းချင်တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးထွန်းကြည်က ပြောကြားသည်။လက်ရှိ နိုင်ငံတစ်ဝန်း အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၈၀ ကျော် အကျဉ်းကျခံနေရဆဲဖြစ်ပြီး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၃၀၀ ကျော် တရားစွဲဆိုခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။
နိုင်ငံတစ်ဝန်း နိုင်ငံရေး အကျဉ်းသားဟောင်း ထောင်နှင့်ချီ ရှိနေပြီး ထိုသူတို့၏ဘ၀ ပြန်လည်ထူထောင်ရေး အစိုးရသစ်မှ ဦးဆောင် ပြုလုပ်ရန် လိုအပ်ဟု ဆို















