အားလုံးပါဝင်မှုကို ဖော်ဆောင်ပေးရန် ပျက်ကွက်ခဲ့သည့် NCA ကိုဆက်လက် ဆုပ်ကိုင်မထားဘဲ NLD အစိုးရသစ်နှင့် အလှူရှင်များ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ပုံစံသစ်ဖြင့် ပြန်လည်စတင်ရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တောင်းဆို

အားလုံးပါဝင်မှုကို ဖော်ဆောင်ပေးရန် ပျက်ကွက်ခဲ့သည့် NCA ကိုဆက်လက် ဆုပ်ကိုင်မထားဘဲ NLD အစိုးရသစ်နှင့် အလှူရှင်များ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ပုံစံသစ်ဖြင့် ပြန်လည်စတင်ရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တောင်းဆို
Published 5 March 2016
ငြိမ်းဇော်လင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်နှင့် နိုင်ငံတကာ အလှူ ရှင်များ အနေဖြင့် အားလုံးပါဝင်မှုကို ဖော်ဆောင်ပေးရန် ပျက်ကွက်ခဲ့သည့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကိုဆက်လက် ဆုပ်ကိုင်မထားဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံစံသစ်ဖြင့် ပြန်လည်စတင်ရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကတိုက်တွန်းကြောင်းကို မတ် ၄ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။အဆိုပါ ကြေညာချက်တွင် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် (NCA) တွင် အချို့သော လက်နက်ကိုင် အဖွဲ့အစည်းများအား အစိုးရက ချန်လှပ်ထားခဲ့ခြင်းသည် သွေးခွဲအုပ်ချုပ်ရေး မဟာဗျူဟာကို ကျင့်သုံးလိုက်ခြင်းသာဖြစ်ကြောင်း၊ ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယင်းမဟာဗျူဟာရလဒ်ကို ခံစားတွေ့ကြုံနေရခြင်းဖြစ်ကြောင်း၊ NCA ၏အားလုံးပါဝင်နိုင်မှုကို ကန့်သတ်ထားခြင်းသည် မူလအစမှာပင် ကျဆုံးမှုများကို ဖော်ပြနေကြောင်း၊ သို့ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံမှုဖြင့် ဆက်လက်အကောင်အထည်ဖော်ခွင့် ရနေခဲ့ကြောင်း၊ လက်ရှိတွင် အစိုးရအနေဖြင့် ကိုယ်ကျိုးဖက်သော ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းထက် ပြည်သူတို့၏ အကျိုးစီးပွားကို အဓိကထားပြီး လုပ်ဆောင်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း အသိပေး တိုက်တွန်းလိုက်သည်ဟု ဖော်ပြပါရှိသည်။လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရသစ် ဖွဲ့စည်းရန် အချိန်ရောက်ပြီဖြစ်သဖြင့် အများအကျိုးကို ရှေးရှုသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို အသစ်ပြန်လည် စတင်ရန် လိုအပ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။“ကျွန်မတို့ အများကြီး စိုးရိမ်တာက တိုက်ပွဲအကြီးကြီး ထပ်ဖြစ်လာမှာကို စိုးတယ်။ တိုက်ပွဲဖြစ်ပြီဆိုရင် ပြည်သူပဲ ဒုက္ခရောက်တယ်။ ပြည်သူထဲမှာကို အမျိုးသမီးနဲ့ ကလေးတွေ ပိုပြီးဒုက္ခရောက်တယ်။ အခု NLD ကအစိုးရဖွဲ့တော့မှာ ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ဒါတွေကို မြန်မြန်တားဆီးဖို့တော့လိုမယ်။ အထူးသဖြင့် တစ်ချိန်တည်းမှာပဲ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကိုလည်း လမ်းကြောင်း အမြန်ဖွင့်ပေးဖို့ လိုပါတယ်။ ဒါမှလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှု ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒါမှတစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရပြီလို့ ပြောလို့ရမှာပါ” ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အထွေထွေ အတွင်းရေးမှူး ဂျူလီယာမရစ်က ပြောကြားသည်။ထို့ပြင် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း လက်မှတ်ရေးထိုးခဲ့သော နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ရေးထိုးပြီး မကြာမီအချိန်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာရခြင်းမှာ တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent