နွေဦးပေါက်လျှင်

နွေဦးပေါက်လျှင်
Published 29 February 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)ဂေါဝိန်၏ နံနက်ခင်းက သာယောင့်သာယာ ရှိဘိသည်။ လူအချို့က လမ်းလျှောက်နေကြသည်။ လူအချို့က ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ဆင်းနေကြသည်။ လူအချို့က ဈေးဆိုင် ခင်းနေကြသည်။ လူအချို့က ခရီးသည် ခေါ်နေကြသည်။ ‘မုံရွာလား၊ ရွှေဘိုလား၊ ရေဦးလား၊ တန့်ဆည်လား’။ ထွက်အံ့မူးမူး သင်္ဘောကြီး တစ်စင်းက ‘ဘော် ဘော်’ သံပေးလိုက်ချိန်၌ အိပ်ရေးဝခဲ့ဟန် မတူသော ဂေါဝိန်လည်း အလန့်တကြား လူးလွန့် နိုးထလာရတော့သည်။ကမ်းစပ်ရေပြင်ထဲ၌ ရေခိုးရေငွေ့အချို့ တလူလူ တအိအိ ယိမ်းထိုးနေသည်။ သောင်ပြင်ထဲက တဲကလေးများဆီ မျှော်ကြည့်မိသည်။ နှင်းမြူ တို့ပင် မကွဲချင်သေး၊ အဝေးတစ်နေရာဆီမှ ဆွေးဆွေးမြည့်မြည့် သီကြွေးလိုက်သည့် ချိုရှရှ အသံသာသာက နားထဲကို တန်းတန်းမတ်မတ် ဝင်လာသည်။ နှင်းက ဖွေးဖွေးဖြူသော်လည်း အသံရှင် ငှက်ကလေးက မည်းနက်သည်။ အရောင်အဆင်းက မည်းနက်သော်ငြား အသံက ချိုလွင်ပါဘိ၏။ ‘ဥသြ၊ ဥသြ’။ ဆောင်းသည် သူ့ကိုယ်ထက်မှ ကတ္တီပါဝတ်ရုံကို ဆတ်ခနဲ ခါချလိုက်၏။ ကမ်းနားလမ်း တစ်လျှောက်၌ လက်ပံပွင့်တို့ ရဲပတောင်း ခတ်သွားသည်။ အလို ..မကြာခင် ‘နွေ’ ရောက်တော့မှာပါလား။(၂)နွေသည် ပူသည်။ ‘နွေသည် ပူသည်’ ဆိုသော အဆိုကို ကလေးကအစ သိသည်။ အပူကို စွဲလမ်း နှစ်ခြိုက်သူ တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟုကား မိမိ မယုံကြည်ပါ။ မည်သူမဆို အေးအေးလူလူ နေချင်ကြသည်သာ။ အပူကိုတော့ လူတိုင်းက လက်ရှောင်ချင်ကြသည်။ သို့သော် နွေသည် အပူတစ်မျိုးတည်းဖြင့် ဖွဲ့စည်းထားသော သဘာ၀ ဓမ္မ မဟုတ်ခဲ့။နွေ၌ ကြည်လင်တောက်ပခြင်း၊ ရိုးရှင်းပွင့်လင်းခြင်းနှင့် ရဲရင့်ဖျတ်လတ်ခြင်းတို့ ရှိသည်။ ကဗျာဆရာ၊ သီချင်းရေးဆရာတို့ ခံတွင်းတွေ့လေ့ရှိသည့် ရိုးတံပြိုင်းပြိုင်း အလှတရားတို့ ရှိသည်။ နောက်ပြီး ပုစွန်ဆီရောင် နေဝင်ချိန်များလည်း ရှိသေးသည်။နွေဥသြ၏ တွန်သံသာကို နာကြား၍မှ မဝသေးခင် ကိုထွန်းရွှေ၏ သီချင်းသံက နားထဲ တန်းရောက်လာသည်။ ထိုသီချင်းသံနှင့် မရှေးမနှောင်း ဆိုက်ရောက်လာသော အသံကလည်း ဥသြပင်။ သို့သော် ငှက်ဥသြတော့ မဟုတ်၊ မီးသတ်ဥသြ။ နွေရောက်ပြီ ဆိုလျှင်ဖြင့် လူတိုင်းက မီးကို လန့်ကြသည်။ ရပ်ကွက်တိုင်း၊ မြို့တိုင်းက မီးကိုလန့်ကြသည်။ ကိုထွန်းရွှေကလည်း ‘အိမ်တိုင်း၊ အိမ်တိုင်း မီးသတိပြုကြပါ’ ဟု အသံကုန်ဟစ်၍ သတိပေးခဲ့သည်။ သို့သော် နွေရောက်လျှင် သတိပြုရမည့် အရာက ‘မီး’ တစ်မျိုးတည်း မဟုတ်ခဲ့။ ‘ရေ’ သည်လည်း သတိပြုရမည့် ဓာတ်ကြီးတစ်ပါး ဖြစ်ခဲ့ပါလေ၏။နွေရောက်ပြီ ဆိုသည်နှင့် တောရောမြို့ပါ ရေပြဿနာကို ရင်ဆိုင်ရစမြဲဖြစ်သည်။ လျှပ်စစ်မီး အပြည့်အ၀ မရခဲ့သည့် ကာလများက မြို့ကြီးပြကြီးတို့၌ ရေအခက်အခဲကို ပို၍ ကြုံရသည်။ မန္တလေး၌ ရေပေးဝေရေး စီမံကိန်းမှ ဖြန့်ဖြူးသောရေကို အားကိုးအားထား ပြုကြရသည်။ နွေရောက်ပြီ ဆိုသည်နှင့် ရေသုံးအားကလည်း ပိုမို မြင့်တက်လာစမြဲ။ အိမ်တိုင်းအိမ်တိုင်းက တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သုံးစွဲကြချိန်မျိုး၌ ပိုက်ခေါင်း ရေအလာနည်းခြင်းမျိုးကိုလည်း ကြုံရသည်။ အချို့က မော်တာဖြင့် စုပ်တင်ပြီး ထိုပြဿနာကို ဖြေရှင်းကြသည်။ ထိုအခါ မော်တာ မသုံးနိုင်သော လူအများစုတို့ ရေအခက် ကြုံရတတ်သည်။ လျှပ်စစ်မီး ပြတ်နေချိန်မျိုးနှင့် ကြုံသော် မော်တာသမားလည်း ဘာမျှ မတတ်နိုင်၊ လက်မှိုင်ချ၍သာ နေရရှာသည်။ အထပ်မြင့် တိုက်တာ အဆောက်အအုံ ပေါများသော ရန်ကုန်လို အရပ်ဒေသမျိုး၌ ထိုပြဿနာက ဒီထက်မက အရာကျယ်ခဲ့ပါလိမ့်မည်။စင်စစ် နွေနှင့် ရေက ဒင်္ဂါးပြား တစ်ချပ်၏ ခေါင်းနှင့်ပန်းပမာ ကျောချင်းကပ်နေကြသည်။ နွေရောက်လျှင် ရေက ပိုဆာသည်။ နောက်ပြီး ပိုသောက်ချင်သည်။ ပိုသောက်နိုင်သည်။ “ရေဘူးနှင့် ဖိနပ်မပါ နွေခါမှသိ” ဟု ဆိုရိုးပြုခဲ့ရလောက်အောင် ပင်နွေနှင့်ရေက အဆက်အစပ် အားကြီးခဲ့သည် မဟုတ်ပါလား။(၃)တောအရပ် ဒေသတို့၌ ရင်ဆိုင်ကြုံတွေ့ရသည့် ရေအခက်အခဲက တစ်ဘာသာဖြစ်သည်။ အများ သိထားကြသည့်အတိုင်း မိမိတို့ စစ်ကိုင်းဝန်းကျင်က မိုးခေါင်ရေရှား ရပ်ဝန်းဒေသ ဖြစ်သည်။ မျက်မှောက်ကာလ၌ စစ်ကိုင်းမြို့ အစွန်ရှိ လုပ်ငန်းကြီး တစ်ခုနှင့် ဆက်စပ်၍ ကျေးရွာအရောက် ရေပိုက် သွယ်တန်းနိုင်လေပြီမို့ ရေအခက်အခဲကို လွန်မြောက်ခဲ့ပြီဟု ဆိုနိုင်သော်ငြားလည်း ထိုကာလ မတိုင်ခင်ကတော့ နွေရောက်ပြီ ဆိုသည်နှင့် ရေပြဿနာ က နင်လားငါလား ဖြစ်ရတော့သည်။ရွာတောင်ဘက်၌ ဆားခါးချက်သည့် အင်းကြီး ရှိသည်။ ဆားခါးချက်၍ ရလောက်အောင် ငန်ခါးနေသည်မို့ ထိုရေကို သောက်သုံးရေအဖြစ် အသုံးမပြုနိုင်။ ရွာအနောက်ဘက်၌ ‘ကန်ကြီး၊ ကန်လေး၊ ဆည်ကြီး’ အမည်ရသည့် ကန်ကြီး သုံးကန် ရှိသည်။ နွားများ သောက်သုံးရန်အတွက် ဆည်ကြီးကိုသွားပြီး ရေစည်လှည်းဖြင့် တိုက်ရသည်။ ကန်လေးရေက ချိုးရေကန်။ သောက်ရေကန်က ‘ကန်ကြီး’ တစ်ခုတည်းသာ ရှိသည်။ တောအလုပ်ဆင်းချိန်၌ လူကြီး လူငယ် ဟူသရွေ့ ကန်လေးကို လာပြီး ရေချိုးကြသည်။ အပျိုတစ်သိုက်ကလည်း ရေအိုးကိုယ်စီဖြင့် ကန်ကြီးရေကို လာခပ်ကြသည်။ မိမိတို့ ငယ်စဉ်က ရေခပ်လမ်းက အင်မတန် စည်ကားသည်။ ခုတော့ မိမိတို့ အရပ်၌ ထိုဓလေ့ ကွယ်ပျောက်ခဲ့သည်မှာ ကြာပြီ။ မိမိတို့ မျက်စိအောက်၌ မသိလိုက် မသိဘာသာ ကွယ်ပျောက်ခဲ့ရသည့် တောဓလေ့ များစွာတို့တွင် အဆိုပါ ရေခန်းလမ်း ယဉ်ကျေးမှုလည်း တစ်ခုအပါအဝင် ဖြစ်သည်။ လွမ်းများပင် လွမ်းစရာ။နွေဦးပေါက်ပြီ ဆိုသည်နှင့် ကန်ကြီးကော၊ ကန်လေးပါ ရေခန်းစပြုပြီ။ ကန်ကြီး၌ ရေနည်းပြီ ဆိုလျှင် သောက်ရေအိုးပေါ် ဖလားနှင့် ရေစစ်ကို တင်လာကြရစမြဲ။ ကန်ထဲ၌ မဆိုစလောက်သာ ရှိသော ရေကို ဖလားဖြင့်ခပ်၊ ရေစစ်ဖြင့်စစ်ပြီး အိုးထဲ ခပ်ထည့်ကြရသည်။ အချို့ကလည်း လူကို ပြောချင်တာလား၊ နွားကို ပြောချင်တာလား မသိ၊ ‘ကန်ရေသောက်၊ မြက်ခြောက်စား’ ဟု ထိကပါးရိကပါး ပြောချင်တတ်ကြသည်။ ဘာမျှ ခွန်းတုံ့မပြန်သာ။ပခုက္ကူမြို့အနီး ဧရာဝတီမြစ်အတွင်း ရေနည်းပါးချိန် ပေါ်ထွန်းနေသည့် သဲသောင်များအား ဖေဖော်ဝါရီ နောက်ဆုံးပတ်က တွေ့ရစဉ်
ကန်လေး၌ ရေခန်းပြီ ဆိုလျှင်တော့ သောက်ရေ မပြောနှင့် ချိုးရေပင် မတတ်နိုင်သည့်ဘ၀ ရောက်ရတော့သည်။ သို့သော် ကိစ္စမရှိ။ ရွာတောင်ဘက်၌ သမိုင်းဝင် ရေခါးအင်းကြီး ရှိသည်။ ကြိုက်သလောက် ချိုးနိုင်သည်။ ကြိုက်သလောက် ကူးနိုင်သည်။ မိမိတို့ ငယ်စဉ်က အင်းထဲမှာ ဖားကူး ငါးကူး ကူးရင်းဖြင့် ရေကူးတတ်ခဲ့ကြသည်။ သို့သော် အင်းရေက ဆားဓာတ်ပါသည်မို့ ရေချိုးပြီးသည်နှင့် ကိုယ်ပေါ်မှာ ဆားပွင့်တွေနှင့် ဖွေးတော့သည်။ ထို့ကြောင့် အချို့က တွင်းရေကို ချိုးကြသည်။ သို့သော် ထိုစဉ်က ရွာတောင်ပိုင်းက ရေတွင်းတစ်တွင်းသာ ရှိခဲ့သည်။ နောက်မှ ရွာမြောက်ဘက်ထိပ်၌ ဘကြီးကြွယ်တွင်းဆိုပြီး တွင်းတစ်တွင်း ပေါ်လာသည်။ သောက်၍ မရနိုင်သော်လည်း ချိုးရေနှင့် နွားရေအတွက်တော့ အတန်အသင့် အဆင်ပြေခဲ့ရသည်။သောက်ရေကိစ္စအတွက် မိမိတို့ အားကိုးအားထား ပြုကြရသည်က ဧရာဝတီမြစ်ကြီးဖြစ်သည်။ ဧရာဝတီနှင့် မိမိတို့ ရွာအကြား၌ စစ်ကိုင်းတောင်တန်းကြီး ခြားသည်။ စစ်ကိုင်းတောင် မကလို့ မြင်းမိုရ်တောင်ကြီးပင် ခြားနေပါစေ၊ သောက်ရေအတွက် သွားခပ်ကြရမည်သာ ဖြစ်သည်။ “ရေအသက် တစ်မနက်” ဆိုသကိုး။ နံနက်စောစော ဝေလီဝေလင်း အချိန်လောက်၌ အင်းကြီးအရှေ့ဘက် တောင်ကြားလမ်းမှ ခိုတောင်ချောင်းပေါက်ဆိပ်ကို သွားပြီး ရေစည်လှည်းဖြင့် မြစ်ရေ သွားတိုက်ကြရသည်။ ထိုမြစ်ရေကိုများ ဆေးလားကြောလား လုပ်မိပြီဆိုလျှင် အမေကြီးဆင်က ကြိမ်းမောင်းလိုက်သေးသည်။ “မြစ်ရေက ပန်းကန်ဆေးဖို့ မဟုတ်ဘူးဟဲ့” တဲ့။ ဒါသည်လည်း လွမ်းစရာ။(၄)အယ်လ်နီညိုဖြစ်စဉ် အားကောင်းမှုကြောင့် ယခုနှစ်နွေ၌ အပူချိန် လွန်ကဲမှုတို့ ပိုမို မြင့်တက်နိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်တို့၏ ခန့်မှန်းပြောဆိုချက်များကို ကြားနေရသည်။ အယ်လ်နီညို ဖြစ်စဉ်ကြောင့် အလွန်အမင်း မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အစာရေစာ ရှားပါးခြင်း၊ ရောဂါဘယ ထူပြောခြင်း စသည့် အကျိုးဆက်တို့ ဖြစ်နိုင်ခြေရှိကြောင်းလည်း ထောက်ပြပြောဆိုလာကြသည်။ဧရာဝတီမြစ်ရေသည် အပူချိန် မြင့်တက်လာမှုကြောင့် မြေအောက် ရေဓာတ်လျော့နည်းပြီး ပုံမှန်ထက်စောကာ ရေနည်းမှတ်အောက်သို့ ကျဆင်းလာနေကြောင်း၊ ပခုက္ကူ ဆိပ်ကမ်း၌ ဧရာဝတီမြစ်ရေ ထပ်မံကျဆင်းမှုကြောင့် သဲသောင်များ ထွန်းပြီး မြစ်ကြောင်းကျဉ်းသွားကြောင်း၊ မော်တော်များပင် သတိထား မောင်းနှင်နေကြရကြောင်း နေ့စဉ် သတင်းများအရ သိရသည်။ စစ်ကိုင်းနှင့် မန္တလေးကို ကူးချည်သန်းချည် လုပ်မိလေတိုင်း တစ်နှစ်ထက် တစ်နှစ် သောင်အထွန်း ကြမ်းလာသော ဧရာဝတီမြစ်ကြီးကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့နေရသည်။ အယ်လ်နီညို အခြေအနေကြောင့် မန္တလေးတိုင်းဒေသကြီး၌ ယခုနှစ် မတ်လမှ မေလအတွင်း အပူချိန် မြင့်တက်ဖို့ သေချာမှုက ရာခိုင်နှုန်း ၈၀ အထက် ရှိသည်တဲ့။ ရွာသွန်းမြဲ မိုးရေချိန်အောက်လည်း လျော့နည်းဖွယ် ရှိပါသည်တဲ့။ သတင်းအချက် အလက်များ၏ အဆိုအရ စစ်ကိုင်း မန္တလေး တစ်ဝိုက်က အပူ ပိုကြမ်းမည့်ပုံ ဖြစ်နေသည်။ ယခုမှ ဖေဖော်ဝါရီထဲ ရှိသေး။ နေ့ခင်း အပူချိန်တွေ သိသိသာသာ မြင့်တက်လာသည်ကတော့ သေချာသည်။ရှမ်းပြည်ဘက်ကို မျှော်ကြည့်မိပြန်တော့ အင်းလေးကန်ကြီး ရေခန်းနေသည်ကို  ဓာတ်ပုံတွေမှတစ်ဆင့် မြင်လိုက်သိလိုက်ရသည်။ ကလောမြို့နယ် တစ်ဝိုက်၌ ကျေးရွာပေါင်း ၅၀-ခန့် ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေသဖြင့် ရေအလှူရှင်များကို မျှော်လင့်နေရကြောင်း၊ ပခုက္ကူ ခရိုင် အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နိုင်သည့် ကျေးရွာပေါင်း ၅၀ နီးပါးရှိကြောင်း ကြားရသိရသည်။(၅)ငယ်ငယ်က ကာတွန်းမြင့်သိန်း၏ စံရွှေမြင့်ရုပ်ပြ အတော်များများကို ဖတ်ခဲ့ဖူးသည်။ တစ်အုပ်၏ အမည်က ‘နွေဦးပေါက်ရင်’ တဲ့။ စံရွှေမြင့်က မျက်လုံးပြူးသည်။ ဘောင်းဘီရှည် အမြဲဝတ်သည်။ ထိုဇာတ်လမ်း၌ ဥသြငှက်လည်း ပါသည်။ ဇာတ်လမ်းဇာတ်ကွက်ကို အတိအကျ မမှတ်မိတော့သော်လည်း နွေဦးကာလ ရောက်လေတိုင်း ရီဝေသော မျက်လုံးအစုံဖြင့် အတိတ်ဟောင်းကို တမ်းတတ လွမ်းနေရသည့် ဇာတ်လမ်းဟုတော့ အကြမ်းဖျင်း မှတ်မိနေသည်။ဇာတ်လမ်းဇာတ်ကွက်ချင်း တူညီစရာ အကြောင်း မရှိပါသော်လည်း နွေဦးကာလ ရောက်လေတိုင်း ကျွန်ုပ်တို့ အားလုံး၏ စိတ်၌ မီးအတွက်လည်း ရင်တမမ ပူပန်နေရသည်။ ရေအတွက်လည်း ရင်တမမကြောင့် ကြနေရသည်။ ရီဝေသော မျက်လုံး အစုံဖြင့် အနာဂတ်အသစ်ကို အလန့်တကြား ဖြစ်နေကြရသည်။ ‘နွေဦးပေါက်လျှင်’ ပက်ပင်း ကြုံတွေ့ရမည့် ထိုပြဿနာမျိုးစုံအတွက် ကျွန်ုပ်တို့ မည်သို့ ပြင်ဆင်ထားကြပါမည်လဲ။ ကျွန်ုတို့၌ မည်မျှ တာဝန်ရှိပါသလဲ။ ကျွန်ုပ်တို့ မည်မျှ တာဝန်မဲ့ခဲ့ကြပါသလဲ။ သစ်ပင်တွေကို မည်မျှ စိုက်ပျိုးခဲ့ကြပါသလဲ။ နောက်ပြီး မည်၍မည်မျှ ခုတ်ထစ်ခဲ့ကြပါသလဲ။ ပြန်ပြောင်း ဆင်ခြင်ကြရန် ဖြစ်ပါသည်။အကိုးအကား-Daily Eleven သတင်းစာများ