ပြည်သူများ၏ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အဓိက လုပ်ဆောင်မည်ဆိုသည့် သမ္မတဦးသိန်းစိန် လက်ထက်တွင် ဆင်းရဲမွဲတေမှု လျော့ကျမှုမရှိရုံသာမက အာရှအဆင်းရဲဆုံး အဆင့် (၂) အဖြစ်ပင် မြန်မာနိုင်ငံသည် သတ်မှတ်ခံလိုက်ရပြီ ဖြစ်သည်။■ Asia Ranking ရဲ့ သတ်မှတ်ချက်ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ Asia Ranking ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံကို အာရှရဲ့ ဒုတိယအဆင်းရဲဆုံးအဖြစ် ထုတ်ပြန်ခဲ့ပြီး အာရှရဲ့ အဆင်းရဲဆုံးကတော့ မြန်မာနိုင်ငံလိုပဲ ဘိန်းထုတ်လုပ်မှုမြင့်တဲ့ စစ်ပွဲတွေဖြစ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး တစ်ဦးကျ ဂျီဒီပီကို အမေရိကန်ဒေါ်လာ ၁၁၇၇ သာ သတ်မှတ်ခဲ့ပါတယ်။ တစ်ဦးကျ ဂျီဒီပီ ၁၇၁၁ ဒေါ်လာနဲ့ အာရှအဆင်းရဲဆုံး အဆင့် (၂) ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုဖြစ်စေတဲ့ အကြောင်းရင်းမှာတော့ အစိုးရရဲ့ စီးပွားရေးမှာ စီမံခန့်ခွဲမှုလွဲမှားနေခြင်းကို ဖော်ပြခဲ့ပါတယ်။အာရှတိုက်ရဲ့ တတိယအဆင်းရဲဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး လူဦးရေပေါက်ကွဲမှုဒဏ် ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တစ်ဦးကျဂျီဒီပီ ၂၀၈၃ ဒေါ်လာနဲ့ သတ်မှတ်ခံခဲ့ရပါတယ်။ အာရှအဆင်းရဲဆုံး အဆင့် ၄ ကတော့ နီပေါနိုင်ငံဖြစ်ပြီး တစ်ဦးကျ ဂျီဒီပီကို ၂၃၁၀ အထိ သတ်မှတ်ခဲ့တာ တွေ့ရှိရပါတယ်။အာရှရဲ့ ပဉ္စမမြောက် အဆင်းရဲဆုံးနိုင်ငံအဖြစ် ယီမင်နိုင်ငံက သတ်မှတ်ခံခဲ့ရပြီး တစ်ဦးကျ ဂျီဒီပီကို ၂၃၅၁ ဒေါ်လာ သတ်မှတ်ခဲ့ပါတယ်။ နောက်ပြီး တာဂျစ္စတန် (Tajikistan) က တစ်ဦးကျ ဂျီဒီပီ ၂၃၇၃၊ ကာဂျစ္စတန်က တစ်ဦး ကျဂျီဒီပီ ၂၃၈၀၊ ပါပူဝါနယူးဂီနီက ၂၈၈၃၊ လာအိုက တစ်ဦးကျဂျီဒီပီ ၃၁၀၀၊ ပါကစ္စတန်က ၃၁၄၄၊ ဗီယက်နမ်က ဒေါ်လာ ၄၀၀၁၊ ဥဇဘတ်ကစ္စတန်က တစ်ဦးကျဂျီဒီပီ ဒေါ်လာ ၄၀၃၈၊ အိန္ဒိယနိုင်ငံက တစ်ဦးကျဂျီဒီပီ ၄၃၀၇၊ ဖိလစ်ပိုင်နိုင်ငံက တစ်ဦးကျ ဂျီဒီပီ ၄၆၈၂ အင်ဒိုနီးရှားက တစ်ဦးကျ ဂျီဒီပီ ဒေါ်လာ ၅၂၁၄ နဲ့ အစဉ်လိုက် သတ်မှတ်ခံခဲ့ရပါတယ်။Asia Ranking က မြန်မာနိုင်ငံကို အာရှအဆင်းရဲဆုံး (၂) နိုင်ငံအဖြစ် ထုတ်ပြန်ခဲ့ပေမယ့် Asia Ranking နဲ့ တစ်ချိန်တည်းလို ထုတ်ပြန်ပြီး တစ်ဦးကျ ဂျီဒီပီကိုပဲ အမှီပြုထားပြီး Purchasing Power Parity ကို အခြေခံတဲ့ Global Finance Magazine ရဲ့ နိုင်ငံပေါင်း ၁၈၅ နိုင်ငံကို တွက်ချက်ထားတဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၅၅ ဖြစ်နေပြီး မြန်မာနိုင်ငံထက် ဆင်းရဲတဲ့နိုင်ငံတွေအဖြစ် ဖော်ပြခဲ့ရာမှာတော့ အာဖဂန်နစ္စတန်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် အဆင့် ၂၄ နဲ့ သတ်မှတ်ခံခဲ့ရပါတယ်။ နီပေါနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၃၀၊ Tajikistan က ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၃၃၊ ပါပူအာနယူးဂီနီက ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၃၄၊ ကမ္ဘောဒီးယားနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၄၃၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၄၆ နဲ့ ယီမင်နိုင်ငံက အဆင့် ၄၇ သတ်မှတ်ခံခဲ့ရပြီး ပါကစ္စတန်နိုင်ငံကတော့ အဆင့် ၅၂ သတ်မှတ်ခံခဲ့ရကာ Global Finance Magazine ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက အသာစီးရခဲ့ပါတယ်။■ Asia Ranking ရဲ့ ထုတ်ပြန်ချက် မှားခဲ့တာလားAsia Ranking ရဲ့ ထုတ်ပြန်ချက်က မှားယွင်းခဲ့လားဆိုရင် မမှားခဲ့ဘူးလို့ ပြောရမှာပါ။ Asia Ranking က မြန်မာနိုင်ငံအတွက် သတ်မှတ်ခဲ့တဲ့ ၁၇၁၁ ဒေါ်လာဟာ လက်ရှိ မြန်မာကျပ်ငွေ တစ်ဒေါ်လာပေါက်ဈေး ၁၂၃၄ ကျပ်နဲ့ တွက်ဆမယ်ဆိုရင် ကျပ် ၂၁၁၁၃၇၄ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အနည်းဆုံး အခကြေးငွေက အာရှမှာရော ကမ္ဘာမှာပါ အနည်းဆုံး စာရင်းဝင်နေတဲ့ တစ်ရက် ရှစ်နာရီ လုပ်အားခ ၃၆၀၀ ကျပ်ပါ။ ဒါကြောင့်မို့လို့ လူတစ်ဦးရဲ့ တစ်လ လုပ်အားခက ပျမ်းမျှအားဖြင့် ၁၀၈၀၀၀ သာရှိပြီး တစ်နှစ်မှာဆိုရင် ကျပ် ၁၂၉၆၀၀၀ ပဲရှိပါတယ်။ နောက်ပြီး ၂၀၁၆- ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွက် ပြန်ကြည့်မယ်ဆိုရင် လည်း မြန်မာနိုင်ငံသားတစ်ဦးစီရဲ့ ပျမ်းမျှထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက် ဈေးနှုန်းအရ ကျပ် ၁၄၁၃၀၃၁ မှ ကျပ် ၁၅၈၄၉၆၁ ဖြစ်ဖို့ ရည်မှန်းခဲ့တာဖြစ်တဲ့အတွက် Asia Ranking ရဲ့ လူတစ်ဦးကျ GDP ကတောင် ကျပ် ၂၁ သိန်းကျော် ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။■ လက်ရှိအစိုးရ၏ မျှော်မှန်းမှုနှင့် လက်ရှိအခြေအနေလက်ရှိ ဦးသိန်းစိန်အစိုးရအနေနဲ့ သူတာဝန်ယူခဲ့ရတဲ့ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၁၆ ခုနှစ် မတ် ၃၀ အတွင်းမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးအပါအဝင် မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မူဝါဒအဖြစ် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်၊ အမျိုးသားဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း နှစ်ရှည်ရည်မှန်းချက်များအတွက် ၂၀၁၂-၂၀၁၅ ခုနှစ်အထိ မူဝါဒရေးရာ ဦးစားပေးကိစ္စရပ်များကို ဖော်ပြခဲ့ပါတယ်။ဒီမူဝါဒမှာ ဖော်ပြခဲ့မှုအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုက ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အကြားမှာ ၃၂ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ ဆင်းရဲမွဲတေမှု အချိုးက အလွန်မြင့်မားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှုက ကျေးလက်ဒေသမှာ မြို့ပြဒေသထက် နှစ်ဆခန့်မြင့်မားနေပြီး မြို့ပြဆင်းရဲသူ အချိုးထက် ၈၅ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်မှာ ဖော်ပြခဲ့ပါတယ်။ဒီလို ဆင်းရဲမွဲတေမှုကို လျှော့ချဖို့အတွက် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်မှာ၂၀၁၅ ခုနှစ် အတွင်း နှစ်စဉ် ဂျီဒီပီကို ၇ ဒသမ ၇ တိုးတက်ဖို့ ဂျီဒီပီမှာ လက်ရှိ စိုက်ပျိုးရေးကဏ္ဍက အများစုဦးဆောင်နေရာက စက်မှုကဏ္ဍက ၂၆ ရာခိုင်နှုန်းကနေ ၃၂ ရာခိုင်နှုန်းအထိ ဖြစ်လာဖို့ ဝန်ဆောင်မှုကဏ္ဍ တက်လာဖို့အတွက် မျှော်လင့်ခဲ့ပါတယ်။ ဒါ့အပြင် လူတစ်ဦးချင်းအတွက် ဂျီဒီပီတိုးတက်မှုနှုန်းကို အခြေပြုတဲ့ နှစ်ကနေ ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၄၀ တက်လာဖို့နဲ့ ဒီလိုတက်လာမှ ၂၀၁၅ ခုနှစ် မှာ ထောင်စုနှစ် ဖွံ့ဖြိုးရေးပန်းတိုင်များက မျှော်မှန်းထားတဲ့အတိုင်း ဆင်းရဲမွဲတေမှုကို ထက်ဝက်လျှော့ချနိုင်မယ်လို့ ဆိုခဲ့ပါတယ်။ဒါပေမဲ့ လက်ရှိ အခြေအနေမှာတော့ မျှော်မှန်းခဲ့တဲ့အတိုင်း ဖြစ်မလာခဲ့တဲ့အပြင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၅၅ နဲ့ အာရှအဆင်းရဲဆုံး အဆင့် ၂ အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။■ လက်ရှိအစိုးရ မလုပ်နိုင်ခဲ့တဲ့ တာဝန်များအတွက် ဆက်ခံရမယ့် NLD အစိုးရလက်ရှိအစိုးရလက်ထက်မှာ မလုပ်နိုင်ခဲ့တဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းမယ့် အစိုးရက မြန်မာနိုင်ငံကို ဆင်းရဲတွင်းက လွတ်ဖို့၊ အကျင့်ပျက်ခြစားမှုက လွတ်ဖို့၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်ကနေလွတ်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းမယ့် အစိုးရက ဘာတွေကို အဓိကလုပ်မလဲဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး၍ အစိုးရတာဝန် ထမ်းဆောင်ပါက လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း တရားဝင်ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖော်ပြခဲ့ပါတယ်။ဒီစာတမ်းမှာ ဖော်ပြခဲ့တဲ့ ကဏ္ဍကတော့ ၁၃ ခုရှိပြီး စီးပွားရေး၊ တောင်သူလယ်သမား၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အလုပ်သမား၊ ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမျိုးသမီးရေး၊ လူငယ်၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍများအတွက် လုပ်ဆောင်မည်လို့ ဖော်ပြခဲ့ပါတယ်။ဒါ့အပြင် NLD ပါတီရဲ့ စီးပွားရေးမူဝါဒဆိုင်ရာ အချက်ခြောက်ချက်ကို ဖော်ပြခဲ့ပြီး ပြည်သူ့ဘဏ္ဍာရေးစနစ်ကို ထိရောက်စွာ ကျင့်သုံးနိုင်ရေး၊ အခွန်ကောက်ခံရေးနှင့် စပ်လျဉ်း၍ ပြည်သူများက လိုလားစွာ ထမ်းဆောင်လိုစိတ် ရှိစေသည့် အခွန်စနစ်ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့စေရေး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အရင်းအနှီးများ၊ နည်းပညာနှင့် ငွေရေးကြေးရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ ရရှိနိုင်ရန် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ငွေကြေးဈေးကွက်များ ဖြစ်ထွန်းလာရေး တွန်းအားပေးခြင်းနှင့် ဗဟိုဘဏ်ကို အမှန်တကယ် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရေး၊ နိုင်ငံတကာ ကျင့်ဝတ်များနှင့် ကိုက်ညီသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မြင့်မားလာစေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ သတင်းအချက်အလက် ရရှိရေး လယ်ယာကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေပြဿနာများ တရားမျှတစွာဖြေရှင်းရေး၊ လယ်ယာမြေအသုံးချခွင့် အာမခံချက်ရှိစေရေး သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရေးနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်မှုမရှိစေရေးအတွက် သင့်လျော်သည့် နည်းလမ်းများကို ချမှတ်ဆောင်ရွက်ရေး စသည်ဖြင့် ဖော်ပြခဲ့ပြီး ကျန်ကဏ္ဍတွေကိုလည်း အသေးစိတ်ဖော်ပြခဲ့ပါတယ်။မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ရန်အတွက် ကဏ္ဍခြောက်ခုအပေါ် ကမ္ဘာ့ဘဏ်၏ မူဝါဒရေးရာ အကြံပြုချက်စာတမ်းများနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနှင့် ပစိတ်ဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ အက်ဇဲဗန်ထရော့စင်းဘာ့ဂ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ ဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးခဲ့တဲ့ ကဏ္ဍခြောက်ခုက ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဟူသည့် လူမှုဝန်ဆောင်မှုများ ရရှိနိုင်ရေး၊ ကျေးလက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပုဂ္ဂလိကကဏ္ဍ တိုးတက်စေရေးနှင့် ယှဉ်ပြိုင်မှုရှိရေး၊ လူတိုင်းလက်လှမ်းမီသည့် ဘဏ္ဍာရေးစနစ် ထူထောင်ရေး၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍ စွမ်းရည်မြှင့်တင်ရေး စတဲ့အချက်တွေ ဖြစ်ပါတယ်။“မြန်မာနိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အချိန်ကာလတစ်ခုအထိ ရရှိထားပြီးဖြစ်တဲ့ အခြားသောဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းတဲ့နိုင်ငံတွေ ဆောင်ရွက်ခဲ့တဲ့ အားလုံးပါဝင်သည့် တိုးတက်မှုလမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်မယ့် အလားအလာကောင်းတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ နေရာဒေသ၊ လူမျိုးနဲ့ ဆင်းရဲချမ်းသာ ကွာဟမှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ကွာဟချက်တွေကို ဆက်လက်ပြီး ဖြေရှင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုအနေနဲ့ အဲဒီ စိန်ခေါ်မှုတွေကို မြန်မာပြည်သူတွေ ကျော်လွှားနိုင်ဖို့ ဆက်လက်ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Abdoulaye Seck က ဆိုပါတယ်။ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် တာဝန်ယူမယ့် လာမည့်ငါးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်းဖြင့် လျင်မြန်စွာ တိုးတက်မည့်အလားအလာ ရှိနေကြောင်းလည်း ကမ္ဘာ့ဘဏ်ကပြုလုပ်တဲ့ “လူမှုအသိုင်းအဝိုင်း အားလုံးပါဝင်သည့် ဖွံ့ဖြိုးမှုနှင့် မျှဝေပိုင်ဆိုင်သော သာယာဝပြောမှုကို မြှင့်တင်နိုင်မည့် မူဝါဒရေးရာ အကြံပြုစာတမ်းများ” အကြောင်းရှင်းလင်းပွဲမှာ ကမ္ဘာ့ဘဏ်ရဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။“ မြန်မာနိုင်ငံက နေရာ၊ ဒေသ ၊ လူမျိုး နဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကွာဟချက်တွေကို ဆက်လက်ဖြေရှင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုအနေနဲ့ အဲဒီစိန်ခေါ်မှုတွေကို ပြည်သူတွေ ကျော်လွှားနိုင်ဖို့ ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ Abdoulaye Seck က ပြောကြားခဲ့ပါတယ်။“မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့ဆိုရင် ဘက်စုံဆွဲတင်ဖို့ လိုတယ်။ အခုအခြေအနေက အရင်တုန်းကလိုမျိုး မဟုတ်တော့ဘူးလေ။ ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ ၇၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်နေရာကို ပြည်သူလူထုက ရွေးလိုက်တဲ့ အမတ်တွေ နေရာရလာပြီ။ ပြည်သူလူထုကလည်း ဆန္ဒကလည်း ရှင်းလင်းပြတ်သားတယ်လေ။ ပြည်သူလူထု ဘာဖြစ်ချင်တယ်ဆိုတာကိုလည်း ပြတ်ပြတ်သားသား တွေ့ရတယ်။ ပြီးတော့ ခရိုနီဆိုတဲ့လူတွေကလည်း ပြည်သူလူထုထဲမှာ ပါတာပဲ။ ခရိုနီဆိုတာလည်း ပြည်သူလူထု တစ်စိတ်တစ်ပိုင်းပဲ။ ထားပါတော့ဗျာ လူမျိုးခြား၊ ဘာသာခြား ထားပါတော့ဗျာ၊ သူတို့က တခြားကမ္ဘာက လာတဲ့သူတွေ မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိနေဖို့ပဲလိုတယ်။ အစိုးရကတော့ ပြည်သူလူ ထုရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်တဲ့ မူဝါဒတွေ အကောင်အထည်ဖော်ပေးဖို့ လိုတယ်” ဟု မူဝါဒဆိုင်ရာစီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုပါတယ်။















