အဂတိ လိုက်စားမှုကြောင့် နိုင်ငံနဲ့ ပြည်သူကို နစ်နာစေခဲ့တယ် ဆိုရင် ...

အဂတိ လိုက်စားမှုကြောင့် နိုင်ငံနဲ့ ပြည်သူကို နစ်နာစေခဲ့တယ် ဆိုရင် ...
Published 28 February 2016
နေထွန်းနိုင်

ပြည်ခိုင်းဖြိုး လွှတ်တော်ကိုယ်စားလှယ် သုံးဦးဖြစ်သည့် မိတ္ထီလာမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊ ကျိုင်းတုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်နှင့် ဖာပွန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင်တို့ ဖေဖော်ဝါရီ ၂၆ ရက်တွင် လွှတ်တော်၌ ဆွေးနွေးနေစဉ်
ဖေဖော်ဝါရီ ၂၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုကို ဆွေးနွေးခဲ့ကြပါတယ်။ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုက “နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲအပြီး နောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံတော် စီးပွားရေး လုပ်ငန်းများကို အလျင်စလို ငှားရမ်း၊ ရောင်းချ၊ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင် ပြုလုပ်မှု၊ နိုင်ငံပိုင် စီမံကိန်းများကို နေရာတကျ စီမံခြင်း မပြုဘဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မ ဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူ ညှိနှိုင်းမှု မပြုလုပ်ဘဲ အစိုးရ တာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးရန် ပြည်ထောင်စု အစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း” ဖြစ်ပါတယ်။ဒီအဆိုဟာ အခုချိန်မှာ တင်သင့် တင်ထိုက်တဲ့ အဆိုတစ်ရပ် ဖြစ်ပါတယ်။ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင်လည်း အဆို တင်သွင်းမှုဟာ နောက်ကျသလို ဖြစ်ခဲ့ပါတယ်။ နောက်ကျသလို ဖြစ်ခဲ့ပေမယ့် အချိန်မီ တင်နိုင်ခဲ့ပါတယ်။ 
■ အရေးကြီး အဆိုမှာ ဘာတွေပါလဲ  ဒေါ်ခင်စန်းလှိုင်က သူ့အဆိုကို လွှတ်တော်တင်တဲ့အခါ လက်ချိုးရေလို့ ရတဲ့ ပမာဏလောက်ကိုပဲ ဥပမာ ပေးပါတယ်။ ဖြစ်ပျက်နေသမျှ အားလုံးကို မပြောသေးပါဘူး။ရွေးကောက်ပွဲ အပြီး နောက် အစိုးရကို တာဝန် မလွှဲမီ ကာလ ကြားထဲမှာ ရန်ကုန်ဆေးရုံကြီး အနီးက ကျန်းမာရေး ဝန်ကြီးဌာနပိုင် နိုင်ငံပိုင်မြေ ၄ ဒသမ ၄ ဧကပေါ်မှာ စင်ကာပူ ဆေးရုံ တစ်ခုကို အသုံးပြုခွင့် ပေးခဲ့တယ်။ ဖျက်သိမ်း ခံလိုက်ရတဲ့ ဒဂုံစီးတီး စီမံကိန်းက ကုမ္ပဏီ တစ်ခုကို ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ ရှိတဲ့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနပိုင် မြေကို အစားထိုး ပေးခဲ့တယ်။နိုင်ငံရဲ့ ရှားပါး သယံဇာတ တစ်ခုဖြစ်တဲ့ Spectrum ကြိမ်နှုန်း ၂၆၀၀ MHz ကို မတ်လ မတိုင်မီမှာ လေလံတင် ရောင်းချဖို့ လုပ်နေတယ်။သံလွင်မြစ်ရိုး တစ်လျှောက်မှာ အငြင်းပွားဖွယ် ရေကာတာ ၁၈ ခုကို သဘောတူ လက်မှတ် ရေးထိုးခဲ့တယ်လို့ သတင်းတွေ ထွက်နေတယ်။ ဒါ့အပြင် အထက် ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းက လုပ်ငန်း အချို့ကို တင်ဒါ မခေဘဲ လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနက ပေးအပ်ခဲ့တယ်။စွမ်းအင် ဝန်ကြီးဋ္ဌာနကလည်း စက်သုံးဆီဆိုင် ၇၀ နဲ့ အခြား လုပ်ငန်းတွေကို လွှဲပြောင်း ပေးနေတယ်။ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှာ ရှိတဲ့ ရေဝေရေလဲ ဒေသ သဘာ၀ သစ်တော ကြားခံဇုန်မြေ ဧရိယာ ၂၇၂ ဒသမ ၁၅ ဧကကို စက်မှုဇုန် မြေဂရန် ချပေးဖို့ စီစဉ်တာ အပြင် ရန်ကုန်မြို့သစ် စီမံကိန်းလို လုပ်ငန်းတွေကိုလည်း အဆောတလျင် စတင်နိုင်ဖို့ လုပ်ဆောင်နေတယ်။နိုင်ငံ အနှံ့မှာ ကျုးကျော်တွေ ဖယ်ရှား ခံနေရသလို တညင်းကုန်း အုတ်စက်ရုံ အလုပ်သမားတွေ နှင်ထုတ်ခံနေရတယ်။စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် မှန်ကန်တဲ့ လိုက်နာမှု မရှိဘဲ လက်ပံတောင်းတောင် စီမံကိန်းကနေ သတ္တုရိုင်း တူးဖော်မှုကို မေလမှာ စတင်ထုတ်ဖော်ဖို့ စီစဉ်နေတာတွေ အပြင် EIA၊ SIA ပြုလုပ်တာတွေ မကြားရဘဲ မဂ္ဂါဝပ် ၅၀၀ ကျော်ရှိတဲ့ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ စာချုပ် ချုပ်ဆိုခဲ့တာတွေ ရှိနေတယ်။ဒါတွေကိုပဲ ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုမှာ ဥပမာပြု ထည့်သွင်းခဲ့တာပါ။ အဆိုကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြည်သူ့လွှတ်တော်ကို တင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်မှာ ဆွေးနွေးကြပါတယ်။ 
■ ခုခံ ချေပကြသူများဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦးက ခုခံ ချေပပါတယ်။ လက်ပံတောင်းတောင် စီမံကိန်း ကိစ္စကို ပြောချိန်မှာလည်း ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မတ်တတ်ရပ် ကန့်ကွက်ခဲ့ပါတယ်။ခုခံချေပသူ သုံးဦးရဲ့ ရပ်တည်ချက်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုပုံစံ တူညီမှု မရှိပါဘူး။စတုတ္တရာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုကို ထောက်ခံပြီး ဆွေးနွေးတဲ့အခါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကိစ္စနဲ့ ကပစ(၂၀) က သိမ်းယူထားတဲ့ မြေဧက ၆၀၀၀၀ ကျော် ကိစ္စတို့ ပါဝင်ခဲ့ပါတယ်။အဲဒီအကြောင်း ဆွေးနွေးနေတုန်းမှာပဲ တပ်မတော်သား ကိုယ်စားလှယ်တွေက မတ်တတ်ရပ်ပြီး ကန့်ကွက်ခဲ့ကြတာပါ။တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး အခုလို ကန့်ကွက်လိုက်ခြင်းက ပြည်သူကြားမှာ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ဆွေးနွေးပွဲနေ့မှာ မတ်တတ်ရပ် ကန့်ကွက်ခဲ့တဲ့အပြင် ကန့်ကွက်လွှာ တင်သွင်းပြီးလည်း ကန့်ကွက်ခဲ့ကြပါတယ်။သူတို့ရဲ့ ကန့်ကွက်လွှာမှာ “လက်ပံတောင်းတောင် စီမံကိန်းနှင့် ကပစ (၂၀) ၏ တပ်မြေကိစ္စများကို ဆွေးနွေးခြင်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တပ်မတော်တို့၏ ဥပဒေနှင့်အညီ လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထု အနေဖြင့် အထင်အမြင် လွဲမှားမှု ဖြစ်စေနိုင်ခြင်း” ဆိုတဲ့ အချက် ပါဝင်ခဲ့ပါတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတော် အခြေခံမူများ အခန်းပုဒ်မ ၂၀ မှာ တပ်မတော်နဲ့ ပတ်သက်ပြီး အချက်ခြောက်ချက် ဖော်ပြထားပါတယ်။ ဒီထဲမှာ လုပ်ပိုင်ခွင့် တာဝန်နှစ်ရပ် ပါဝင်ပါတယ်။ပထမ တာဝန်က ပုဒ်မ ၂၀ (င) မှာ ဖော်ပြတဲ့ “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်” လို့ဆိုထားပြီး ဒုတိယ တာဝန်က ပုဒ်မ ၂၀(စ) မှာ ဖော်ပြထားတဲ့ “တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်” ဆိုတဲ့ အချက် ဖြစ်ပါတယ်။ တပ်မတော်သားတွေရဲ့ ကန့်ကွက်မှုဟာ ဒီနှစ်ချက်နဲ့ ကိုက်ညီပြီး ပြည်သူ့ အကျိုးစီးပွားနဲ့ တိုက်ရိုက် သက်ဆိုင်မယ် ဆိုရင် ပြည်သူတွေက လက်ခံကြမှာ ဖြစ်ပါတယ်။ဖေဖော်ဝါရီ ၂၆ ရက် လွှတ်တော် အစည်းအဝေးမှာ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုးဦးက အရေးကြီး အဆိုကို ထောက်ခံပြီး အချက်အလက်များဖြင့် အားဖြည့် ဆွေးနွေးခဲ့ပါတယ်။ခုခံ ချေပခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် သုံးဦးက မိထ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊ ကျိုင်းတုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်၊ ဖာပွန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင်တို့ ဖြစ်ပါတယ်။အဲဒီ သုံးဦးရဲ့ ခုခံ ချေပချက်တွေကို ကြည့်ရင် အချက် သုံးချက်ကို အဓိက တွေ့ရပါတယ်။ပထမ အချက်က ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုဟာ ကြောင်းကျိုးပြမှု အားနည်းပြီး အုပ်ချုပ်ရေး အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်သိရှိခြင်း မရှိဘူးလို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ဒုတိယ အချက်က အရေးကြီး အဆိုဟာ လွှတ်တော်မှာ ဆွေးနွေးရမှာထက် တာဝန်လွှဲပြောင်းမှု အထောက်အကူပြု အဖွဲ့ချင်း ညှိနှိုင်းမေးမြန်းတဲ့ကိစ္စ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ လွှတ်တော်မှာ တင်သွင်း ဆွေးနွေးစေခြင်းအပေါ် မေးခွန်းထုတ်လိုခြင်းပါ။တတိယ အချက်က အရေးကြီး အဆိုကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ထိခိုက်နိုင်တယ်ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။သူတို့ရဲ့ ခုခံချေပချက် သုံးခုထဲက ပထမ အချက်ကို မူလ အဆိုရှင် ဒေါ်ခင်စန်းလှိုင်က ပြန်ပြီး ချေပခဲ့ပါတယ်။ ဒုတိယ အချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဥပဒေ အထောက်အထားနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ သိဖို့ ပြန်ပြောခဲ့ပါတယ်။ တတိယ အချက်က အရေးကြီးဆုံးဖြစ်ပြီး ဒီပြောဆိုမှုကို လက်ခံရမယ့် အခြေအနေ မဟုတ်ပါဘူး။ 
■ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ မသက်ဆိုင်ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုကြောင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်လို့ ပြောစရာ မလိုပါဘူး။အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ မူဘောင်တွေ ရှိပါတယ်။ ဒါကို ခုတုံးလုပ်ပြီး လုပ်ချင်ရာလုပ်ခွင့် ပေးမထားပါဘူး။အရေးကြီး အဆိုမှာ ဖော်ပြခဲ့တဲ့ အချက်တွေက စကားလုံးအားဖြင့် သက်ညှာစွာ ပြောဆိုခဲ့တာပါ။ လက်ရှိ အစိုးရက သဘောရိုးနဲ့ လုပ်ခဲ့တာ ဖြစ်တယ်၊ စီမံခန့်ခွဲမှု အမှားကြောင့် ဖြစ်ခဲ့တယ် ဆိုရင် အချိန်မီ ပြင်နိုင်ဖို့  သတိပေးခဲ့တာပါ။ မဟုတ်ဘူးဆိုရင် တာဝန် မလွှဲပြောင်းမီ အလျင်စလို လုပ်ဆောင်နေတာတွေဟာ လာဘ်ပေး လာဘ်ယူမှု၊ အဂတိ လိုက်စားမှုနဲ့ ဆက်နွှယ် ပတ်သက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်အထိ ရောက်နိုင်ပါတယ်။လက်ရှိ အစိုးရ အဖွဲ့ရဲ့ ဖြေရှင်းပုံ နည်းလမ်းအရ ဆိုရင်လည်း အဂတိ လိုက်စားမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက် ဖြစ်အောင် တွန်းပို့သလို ဖြစ်နေပါတယ်။ အရေးကြီး အဆိုနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေကြားဖို့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာန ၁၄ ခုကို ပြည်သူ့လွှတ်တော်က ဖိတ်ကြားခဲ့ပါတယ်။ လာရောက်ခြင်း မရှိပါဘူး။တစ်ချိန်တည်းမှာပဲ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သမ္မတနဲ့ အစိုးရ အဖွဲ့ဟာ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ကိုပဲ တာဝန်ခံရမယ်၊ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံဖို့ ဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြန်သုံးသပ်ရမယ်၊ ဒီအတွက် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေမှာ လက်ရှိ အစိုးရ တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားတယ်လို့ အရေးကြီး အဆို ဆွေးနွေးမယ့် နေ့မှာပဲ နိုင်ငံပိုင် သတင်းစာတွေကနေ တရားဝင် ထုတ်ပြောပါတယ်။ပြည်ထောင်စု အစိုးရက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ဆီ ပို့တဲ့ အကြောင်းကြားစာမှာ ဖော်ပြချက်က ဦးရဲထွဋ် ပြောပုံနဲ့ မတူပါဘူး။အရေးကြီး အဆိုပါ အကြောင်း ကိစ္စရပ်တွေကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးဖို့ သင့်၊ မသင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ဖို့ လိုတယ်၊ လက်ရှိ အခြေအနေမှာ အစိုးရ အဖွဲ့သစ်ကို လုပ်ငန်းတာဝန်တွေ စနစ်တကျ လွှဲပြောင်းဖို့ ဆောင်ရွက်နေတဲ့ အတွက် အရေးကြီး အဆိုကို ဖြေရှင်း ဆွေးနွေးဖို့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာစရာ အချိန် လိုအပ်တာကြောင့် သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိဘူးလို့ ပြည်ထောင်စု အစိုးရအဖွဲ့က လွှတ်တော်ကို စာပို့ခဲ့တာပါ။ပြည်သူ့လွှတ်တော်က သူ့ အလုပ် သူ လုပ်ကြောင်းကို ဥပဒေ အထောက်အထားနဲ့ ဖော်ပြခဲ့ပါတယ်။ အစိုးရ အဖွဲ့က အကြောင်းပြချက်ရှာပြီး လွှတ်တော်မှာ လာရောက်ဖြေဆိုဖို့ ရှောင်လွှဲခဲ့ပါတယ်။ ဒီအချိန်မှာပဲ ပြည်ခိုင်ဖြိုး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦးက အရေးကြီး အဆိုကို ခုခံ ချေပရင်း အဆိုကြောင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ထိခိုက်မယ် ဆိုတဲ့ လမ်းကြောင်း တစ်ခုပေါ်ကို တွန်းပို့ပါတယ်။ဒါဟာ အဂတိ တရားနဲ့ သက်ဆိုင်နေနိုင်တဲ့ ကိစ္စတွေကို အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်အောက်ထဲ တွန်းပို့ ချင်တာပါပဲ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ငဲ့ညှာပြီး အဂတိ လိုက်စားမှု ရှိနေနိုင်တာတွေကို ခွင့်ပြုရမယ် ဆိုတာ ဘယ်လိုမှ အဓိပ္ပာယ် မရှိပါဘူး။ 
■ ပွင့်လင်း မြင်သာခြင်း မရှိခြင်းလွှတ်တော်က အရေးကြီးအဆို တင်ချိန်မှာ အစိုးရဘက်ရဲ့ တုံ့ပြန့်မှုဟာ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ပွင့်လင်းမြင်သာမှု (transparency) ဆိုတာ ရိုးဖြောင့် မှန်ကန်မှု (honesty) နဲ့ သက်ဆိုင်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိရင် ရိုးဖြောင့် မှန်ကန်မှု မရှိဘူးလို့ပဲ ပြောရမှာပါ။ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုမှာ ပါဝင်တဲ့ ဥပမာပေး ထောက်ပြချက်တွေကို အစိုးရက လွှတ်တော်မှာ လာမရှင်းခဲ့ပါဘူး။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။နောက်တစ်ပိုင်းက လွှတ်တော်ရဲ့ တည်ရှိမှုကို မျက်ကွယ်ပြုပြီး နိုင်ငံပိုင် သတင်းစာတွေကတစ်ဆင့် ကိုယ်ပြောချင်တာကိုပဲ ထုတ်ပြန်တာ ဖြစ်ပါတယ်။ သတင်းစာကနေ ပြန်ရှင်းတာပဲလို့ ရှောင်လွှဲပြောလို့ ရပေမယ့် ဒါဟာ မှန်ကန်တဲ့ လုပ်နည်းလုပ်ဟန် မဟုတ်ပါဘူး။ဒါပေမဲ့ သူတို့ရဲ့ သတင်းစာပါ ထုတ်ပြောချက်တွေကို အခြေတည်ပြီး မေးခွန်း ထုတ်ချင်ပါတယ်။ပထမ မေးခွန်း ထုတ်ချင်တာက ရန်ကုန်ဆေးရုံကြီး အနီး ကျန်းမာရေး ဝန်ကြီးဋ္ဌာနပိုင် မြေ၊ နိုင်ငံပိုင် မြေပေါ်မှာ Parkway ဆေးရုံ စီမံကိန်း ကိစ္စ ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဖေဖော်ဝါရီ ၂၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေကတစ်ဆင့် ပြန်ရှင်းပါတယ်။ ဒီရှင်းလင်းချက်တွေအတွက် ဦးအောင်နိုင်ဦးမှာ တာဝန် ရှိသွားပါပြီ။ဦးအောင်နိုင်ဦးရဲ့ ဖြေရှင်းချက်မှာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နဲ့ စိစစ် လုပ်ဆောင်ခဲ့တယ် ဆိုပြီး ကာကွယ်ခဲ့ပါတယ်။ဒါပေမဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဘာမှ မသိခဲ့ကြရပါဘူး။ စီမံကိန်း စတင်တော့မှ ပြည်သူတွေ သိခဲ့ပါတယ်။ ကန့်ကွက်ခဲ့ကြပါတယ်။ နိုင်ငံနဲ့ ပြည်သူ နစ်နာမှု ဖြစ်စေတဲ့ အတွက် ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ပြည်သူ့ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်မယ့် မြေနေရာ တစ်ခု၊ အခြေခံ လူတန်းစား ပြည်သူတွေ အားထားတဲ့ ရန်ကုန်ဆေးရုံကြီး အနီးမှာ စင်ကာပူတင် မက အရှေ့တောင် အာရှမှာပါ ဈေးအကြီးဆုံး ဖြစ်တဲ့ Mount Elizabeth ဆေးရုံနဲ့ ဆက်စပ်တဲ့ Parkway ကို ဘာကြောင့် လုပ်ခွင့်ပေးခဲ့တာလဲ။ အကြီးအကဲ ကိုယ်တိုင်က ရွေးချယ် ခွင့်ပြုခဲ့တယ် ဆိုရင် ဘယ်အကြီးအကဲက ရွေးချယ် ပေးခဲ့တာလဲ။ နာမည်နဲ့ ထုတ်ပြောရပါမယ်။နောက်ပြီး ဒီဆေးရုံ စီမံကိန်း နောက်ကွယ်မှာ ဘယ်သူတွေက အမှန်တကယ် ရင်းနှီး မြှုပ်နှံမှာလဲ။ ဒါတွေကို တရားဝင် ဖြေကြားရပါလိမ့်မယ်။ ဦးအောင်နိုင်ဦးရဲ့ ဖြေကြားချက်မှာ ဘယ်သူတွေက ဘယ်လိုနည်းနဲ့ ရင်းနှီးမြှုပ်နှံတယ် ဆိုတဲ့ အချက် ပါဝင်ခြင်း မရှိပါဘူး။နောက် တစ်ခုက အဲဒီ နေရာနဲ့ ဆက်စပ်တဲ့ မြေနေရာမှာပဲ ပြည်သူ့ဆေးရုံသစ် တစ်ခုကို ဗြိတိန်နိုင်ငံ အကူအညီနဲ့ တည်ဆောက်ဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ်မှာ ဆွေးနွေးဖူးပါတယ်။ ဖြစ်မလာသေးပေမယ့် ဒီနေရာဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ပြည်သူ့ဆေးရုံ၊ ပြည်သူ့ကျန်းမာရေး စနစ်ကို အထောက်အကူ ပြုနိုင်မယ့် သင်ကြားရေးဆေးရုံ တည်ဆောက်တဲ့ နေရာသာ ဖြစ်ရပါမယ်။လက်တစ်ဆုပ်စာ လူတန်းစား တစ်ရပ်အတွက် အထောက်အကူပြုပြီး ခရိုနီတွေနဲ့ အခွင့်ထူးခံတွေ အတွက် တည်ဆောက်တဲ့ ဆေးရုံ မဖြစ်ရပါဘူး။ ဒီလို မဟုတ်ဘူး ဆိုရင် အခု တည်ဆောက်မယ် ဆိုတဲ့ Parkway ဆေးရုံက ငွေကြေး ချို့တဲ့တဲ့ အခြေခံ လူတန်းစား ပြည်သူတွေကို အခမဲ့ ကုသပေးမှာလား၊ ဆေးကုသစရိတ်ကို ပြည်တွင်းမှာ ရှိနေတဲ့ ပုဂ္ဂလိ ဆေးရုံတွေ အတိုင်း သတ်မှတ်မှာလား၊ ဒေါ်လာနဲ့ ယူမှာလား ဒါတွေကို ပြန်ဖြေရပါလိမ့်မယ်။ပြည်သူနဲ့ ပတ်သက်တာပဲ လုပ်ရမယ့် နိုင်ငံပိုင် မြေပေါ်မှာ လူ့သက်တမ်း တစ်ခုစာ (နှစ် ၅၀+၁၀+၁၀ = နှစ် ၇၀) ပိုင်ဆိုင်ခွင့် ပေးလိုက်တာကို အပြီးပေးလိုက်တာ မဟုတ်ဘူး၊ နှစ် ၅၀ ငှားရမ်းတယ် ပြောတာဟာ သဘာ၀ မကျပါဘူး။ဒါ့အပြင် အဲဒီ ဆေးရုံ စီမံကိန်း ကိုပန်းလှိုင်ဆေးရုံ ပုံစံနဲ့လည်း နှိုင်းယှဉ်ပြောလို့ မရပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်ခြင်း မရှိဘဲ နိုင်ငံပိုင်မြေ မဟုတ်တဲ့ ပုဂ္ဂလိကပိုင် မြေပေါ်မှာ လုပ်မယ်၊ ရန်ကုန်ဆေးရုံကြီး အနီး မြို့တွင်း အချက်အချာ နေရာ မဟုတ်ဘဲ ပန်းလှိုင်ဆေးရုံတို့၊ ပင်လုံ ဆေးရုံတို့လို မြို့တွင်းနဲ့ အလှမ်းဝေးတဲ့ နေရာ တစ်ခုမှာ လုပ်ခွင့်ပေးတယ် ဆိုရင် နှိုင်းယှဉ်လို့ ရပါတယ်။ အခု ရရှိထားတဲ့ ပုံစံနဲ့ မနှိုင်းယှဉ်ပါနဲ့။သေချာတာက Parkway ဆေးရုံ စီမံကိန်း ခွင့်ပြုချက်ဟာ နိုင်ငံကိုလည်း နစ်နာစေသလို  ပြည်သူတွေကိုလည်း နစ်နာစေပါတယ်။ ဒီလို နစ်နာမှု ရှိပါလျက် ခွင့်ပြုတယ်ဆိုရင် တာဝန်ခံရ ပါလိမ့်မယ်။ သမ္မတရုံးက တာဝန်ခံမလား၊ ကျန်းမာရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင် တာဝန်ခံမလား၊ MIC ဥက္ကဋ္ဌ ဦးဇေယျာအောင် တာဝန် ခံမလား။ မေးရပါမယ်။ တစ်ဆက်တည်းမှာပဲ ဒီစီမံကိန်းရဲ့ နောက်ကွယ်မှာ အဂတိ လိုက်စားမှု ရှိ၊ မရှိ ဆိုတာကို စစ်ဆေးရပါမယ်။ရန်ကုန်မြို့သစ် စီမံကိန်း ကိစ္စလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ကြည့်မြင်တိုင်၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တို မြို့နယ် သုံးခုက မြေဧက ၃၀၀၀၀ ပေါ်မှာ အကောင်အထည် ဖော်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းကို ၂၀၁၄ ခုနှစ်မှာ လုပ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်စား တိုင်းဒေသကြီး လွှတ်တော်မှာ သဝဏ်လွှာဖတ်ပြီး အသိပေးရုံ လုပ်ခဲ့ပါတယ်။ အဲဒီအချိန် မတိုင်ခင် အထိ ပြည်သူတွေဟာ ဒီစီမံကိန်းအကြောင်း ဘာမှ မသိခဲ့ရပါဘူး။ နောက်ပြီး လုပ်ပိုင်ခွင့်ကိုလည်း စီမံကိန်း မကြေညာမီ တစ်နှစ် အလိုကမှ တည်ထောင်ထားတဲ့ မြန်မာ့စေတနာမြို့သစ် အမည်ခံ အများပိုင် ကုမ္ပဏီ တစ်ခုကို ပေးခဲ့ပါတယ်။အဲဒီ ကုမ္ပဏီရဲ့ မတည် ရင်းနှီးငွေက အမေရိကန်ဒေါ်လာ တစ်ဘီလျံ (ကျပ်ငွေ သန်း ၁၀၀၀)ပဲ ရှိခဲ့ပါတယ်။ မတည် ရင်းနှီးငွေ အမေရိကန် ဒေါ်လာ တစ်ဘီလျံပဲ ရှိတဲ့ ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတာ ယုံကြည်စိတ်ချရမှု အပိုင်းမှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အဲဒါကို ပြည်သူတွေက လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်။သတင်းထောက်များ၏ မေးမြန်းနေမှုကို ဖြေကြားနေသော ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်
ဒီအတွက် စီမံကိန်းကို ယာယီ ရပ်ဆိုင်းခဲ့ပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရက နောက်ဆုတ် မသွားပါဘူး။ တိုင်းဒေသကြီး လွှတ်တော်ကို စီမံကိန်း အဆို ထပ်တင်ခဲ့ပြီး တင်ဒါ ပြန်ခေါ်ခဲ့ကြပါတယ်။ဒီတစ်ကြိမ်မှာ မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ ပါမလာတော့ ပါဘူး။ တင်ဒါဖောင် လာဝယ်သူ ၅၄ ဦး ရှိခဲ့ပြီး ကုမ္ပဏီ သုံးခုပဲ လာတင်ခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီ သုံးခုက ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City နဲ့ ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ သုံးခု ဖြစ်ပါတယ်။ ဒီထဲမှာ ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီရဲ့ ဆက်နွှယ်မှုတွေကို အသေးစိတ် သိဖို့ လိုပါသေးတယ်။ရွှပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီကို ရွှေသံလွင် ကုမ္ပဏီက ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်လို့လည်း ရန်ကုန်တိုင်း ဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးရဲ့ အင်တာဗျူး အဖြေတွေကို ဖေဖော်ဝါရီ ၂၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ရန်ကုန်မြို့သစ် စီမံကိန်းကို လာမယ့် မတ်လမှာ စတင် အကောင်အထည် ဖော်ဖို့ လုပ်လာတာတွေ ရှိပါတယ်။တကယ်တော့ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး အများပြည်သူကြားမှာ မြင်သာထင်သာရှိတဲ့ ပုံစံ မမြင်ရသေးပါဘူး။စီမံကိန်း မြေနေရာဟာ အဲဒီ ဒေသမှာ နေထိုင်သူတွေနဲ့တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်၊ ပင်လယ်ထွက်ပေါက်နဲ့ အနီးဆုံး တန်ဖိုး အရှိဆုံး မြေနေရာကို စီမံကိန်း အကြောင်းပြပြီး ရောင်းထုတ်မယ့် ကိစ္စ ဖြစ်နေတာကြောင့် တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကို တိုင်းဒေသကြီး လွှတ်တော် တစ်ခုတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မဟုတ်ဘဲ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရမှာပါ။လတ်တလောမှာ ဒီစီမံကိန်းကို ရပ်ပြီး အသေးစိတ် သုံးသပ်ဖို့ လိုနေ ပါတယ်။ မရပ်ဘဲ ဆက်လုပ်နေမယ် ဆိုရင် ဒါကလည်း အဂတိ လိုက်စားမှုနဲ့ ဆက်နွှယ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ 
■ လက်သိပ်ထိုးတာ မဟုတ်ဘူးဆိုတဲ့ Limited Tenderဖေဖော်ဝါရီ ၂၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးရဲ့ အင်တာဗျူးကို ဖော်ပြခဲ့ပါသေးတယ်။ အဲဒီ အင်တာဗျူးပါ အချက်အလက်တွေကလည်း ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုပါ ဖော်ပြချက်ကို ကာကွယ်ပြောဆိုတာ ဖြစ်ပါတယ်။ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုမှာ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းတစ်ချို့ကို တင်ဒါမခေါ်ဘဲ လုပ်ခွင့် ပေးခဲ့တယ် ဆိုတဲ့ အချက် ပါဝင်ပါတယ်။ဒါကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြန်ရှင်းတဲ့ အခါ “ကုမ္ပဏီ ခြောက်ခုကို Limited Tender ခေါ်တာဖြစ်ပြီး တစ်ခုတည်း လက်သိပ်ထိုးတာ မရှိပါဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။ဒါကလည်း ဦးမော်သာထွေး ပြန်ရှင်းမှပဲ ပြည်သူတွေက သိကြရတာပါ။ Open Tender မခေါ်ဘဲ ဘာကြောင့် Limited Tender ခေါ်ခဲ့တယ် ဆိုတာကို အကြောင်းပြချက် ပေးခဲ့ပေမယ့် ကုမ္ပဏီ ခြောက်ခု စာရင်းနဲ့ ရရှိသွားသူတွေရဲ့ အချက်အလက်တွေကို ဦးမော်သာထွေးက ဖြေဆိုခဲ့ခြင်း မရှိပါဘူး။ ယျေဘုယျအားဖြင့်သာ ခြုံပြောခဲ့ပါတယ်။ပြည်သူတွေ သိချင်တာက အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းမှာ တင်ဒါပေးခဲ့တယ်ဆိုရင် ဘယ်ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့် ပေးခဲ့သလဲ ဆိုတာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ မတိုင်ခင် အချိန်က အထက်ကျိုင်းတောင်း စီမံကိန်းမှာ တရုတ်နိုင်ငံက China National Technical Import and Export Corporation (CNTIC) ပါဝင် ပတ်သက်နေပါတယ်။ အခုရော ဘယ်သူ ပါဝင် ပတ်သက်နေပြီး ဘယ်လို အကျိုးအမြတ် ခွဲေ၀ ရယူထားသလဲ။ ဘယ်လို သဘောတူညီချက်တွေ လုပ်ထားသလဲ။ ဒါကို ပြည်သူတွေ သိချင်ပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးရဲ့ ရှင်းလင်းချက်ထဲမှာ ဒါတွေ မပါပါဘူး။ပြည်တွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု မလုံလောက်တဲ့ အချိန်မှာ ရေအားလျှပ်စစ် စက်ရုံတွေ တိုးချဲ့ပြီး ဆောက်လုပ်၊ နိုင်ငံခြားကိုပဲ လျှပ်စစ်ဓာတ်အား တင်ပို့နေတာကို ပြည်သူတွေက မလိုချင်ပါဘူး။အခုတော့ ပြည်သူ့အတွက်လို့ ခေါင်းစဉ်တပ်ပြီး ပြည်သူတွေ လက်မခံတဲ့ ကျောက်မီးသွေး စက်ရုံတွေ ဇွတ်အတင်း ဆောက်ဖို့ ပြင်ဆင်၊ လက်ရှိ ရနေတဲ့ ရေအားလျှပ် စစ်တွေကို နိုင်ငံခြား ရောင်းစားနေကြတာ ဘယ်သူတွေအတွက် လုပ်နေသလဲလို့ မေးစရာ ဖြစ်လာခဲ့ပါတယ်။ ဒါကလည်း နိုင်ငံနဲ့ ပြည်သူတွေကို နစ်နာစေတဲ့ အချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။  နိုင်ငံကို နစ်နာစေတာ အမှန်မဟုတ်ဘူး ဆိုရင် လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာန အနေနဲ့ အခု လုပ်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ၊ လျှပ်စစ်ဓာတ်အား ရရှိမှု၊ သုံးစွဲမှု၊ ရောင်းချမှု ပမာဏ၊ ပူးပေါင်း လုပ်ကိုင်နေတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေ အပါအဝင် သူတို့နဲ့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စာချုပ်၊ ဘဘောတူညီချက်၊ နားလည်မှု စာချွန်လွှာ အားလုံးကို အများပြည်သူ သိအောင် ဖော်ပြ ပေးလိုက်ပါ။ ပြည်သူတွေ ဆုံးဖြတ် ပေးပါလိမ့်မယ်။လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးလိုပဲ စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဖေဇင်ထွန်းရဲ့ ပြောကြားချက်တွေ၊  ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်ရဲ့ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ် ရေဝေရေလဲဒေသ သဘာဝသစ်တော ကြားခံဇုန်မြေ ပြင်ဆင်မှု အဖြေတွေအတွက် ပြည်သူတွေက ထပ်သိချင်တာတွေ ရှိနေပါတယ်။ဒီအတွက် နိုင်ငံပိုင် သတင်းစာက တစ်ဆင့် အင်တာဗျူး ပုံစံ ဖန်တီးပြီး ပြန်ဖြေနေတာမျိုး မဟုတ်ဘဲ ပြည်သူ့ကိုယ်စား မေးမြန်းပိုင်ခွင့် ရှိတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရှိရာ ပြည်သူ့လွှတ်တော်မှာပဲ သွားဖြေသင့်ပါတယ်။ မရှင်းတဲ့ အဖြေတွေအတွက် မေးမြန်းချက်တွေကိုလည်း လက်ခံ ဖြေကြားသင့်ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိပြီး ရိုးဖြောင့် မှန်ကန်တဲ့ ရပ်တည်ချက် ရှိတယ်ဆိုရင် ဘယ်မေးခွန်းကိုမှ စိုးရိမ် ထိတ်လန့်နေစရာ မလိုပါဘူး။ဒီလို မဟုတ်ဘဲ အစိုးရ ဝန်ကြီးဌာန တာဝန်ရှိသူတွေက လွှတ်တော်ကို မသွားဘဲ ပြည်သူ့ ဘဏ္ဍာငွေ အသုံးပြု ထုတ်ဝေနေတဲ့ နိုင်ငံပိုင် သတင်းစာတွေကို ကြားခံလုပ်ပြီး ကိုယ်ပြောချင်သလောက်ပဲ ဖြေဆိုနေတာတွေဟာ ပြည်သူကို မျက်ကွယ်ပြုရာ ရောက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ အကြောင်းပြချက်နဲ့ ရှေ့နောက်မညီ ဖြစ်နေပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် လွှတ်တော်မှာဖြေဖို့ ပြင်ဆင်ချိန် မလုံလောက်ဘူးပဲ ဆိုဆို၊ လက်ရှိ အစိုးရဟာ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံစရာ မလိုဘူးလို့ပဲ ပြောပြော ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုကို ထောက်ခံမဲ ၂၇၁ မဲ၊ ကန့်ကွက်မဲ ၁၃၈ မဲ၊ ကြားနေမဲ ခုနစ်မဲနဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ဒီအတွက် အရေးကြီး အဆိုမှာ ပါဝင်တဲ့ လတ်တလော ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး “နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးရန် ပြည်ထောင်စု အစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း” ဆိုတဲ့ အချက်ဟာ အတည် ဖြစ်သွားပါပြီ။ဒါကြောင့် လက်ရှိ အစိုးရ အနေနဲ့ အသေးစိတ် ဟန့်တားပြီး ထိန်းကျောင်း တည့်မတ် (တစ်နည်းအားဖြင့် လက်ရှိ လုပ်ကိုင်နေတာတွေကို ဆိုင်းငံ့ရပ်ဆိုင်းပြီး စိစစ် သုံးသပ်မှုတွေ လုပ်ဖို့) ရမှာ ဖြစ်ပါတယ်။ မလုပ်ဘူး ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျော်လွန် ချိုးဖောက်ရာ ရောက်ပါလိမ့်မယ်။ဒီအတိုင်းပဲ နိုင်ငံပိုင် သတင်းစာတွေမှာ ကြိုက်သလို ဖြေနိုင်ပါတယ်။ ခိုင်လုံသည် ဖြစ်စေ၊ မခိုင်လုံသည် ဖြစ်စေ ကြိုက်သလို အကြောင်းပြချက် ပေးနိုင်ပါတယ်။ လွှတ်တော်ကို သွား မဖြေလည်း ရပါတယ်။ စွပ်စွဲ ပြောဆိုမှုတွေကို ငြင်းဆိုလို့လည်း ရပါတယ်။ဒါပေမဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က စလို့ ၂၀၁၆ ခုနှစ် မတ် ၃၁ ကြား နောက် အစိုးရကို တာဝန် မလွှဲပြောင်းခင် အချိန်အထိ လုပ်ခဲ့သမျှ အရာ အားလုံးကို လက်ရှိ အစိုးရက တာဝန်ခံရ ပါလိမ့်မယ်။ တာဝန်ယူရမှာပါ။လွှတ်တော်ရဲ့ အတည်ပြုချက်ကို မလိုက်နာနိုင်ဘူး ဆိုရင်လည်း အခုကာလမှာ နေလို့ ရပါတယ်။ ဒါပေမဲ့ မတ် ၃၁ ရက် နောက် အစိုးရကို တာဝန်လွှဲပြီးချိန်မှာ အခု လုပ်ခဲ့တာတွေကို ပြန်ပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဥပဒေကို ကျော်လွန်ခဲ့တယ် ဆိုရင် ဥပဒေအတိုင်း လုပ်ဆောင်ရုံပဲ ရှိပါတယ်။ ဒါကို ဆုံးဖြတ်နိုင်တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေလည်း အဆင်သင့် ရှိထားပြီး ဖြစ်ပါတယ်။ 
■ နိုင်ငံနဲ့ ပြည်သူ နစ်နာတယ် ဆိုရင်အစိုးရအဖွဲ့ အနေနဲ့ ဥပဒေနဲ့ အညီ ကြိုက်သလို စီမံ ခန့်ခွဲပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ အဲဒီ စီမံခန့်ခွဲမှုတွေဟာ နိုင်ငံနဲ့ ပြည်သူ နစ်နာခဲ့တယ် ဆိုရင် ဒါကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။၂၀၁၃ ခုနှစ် သြဂုတ်လက ပြဋ္ဌာန်းခဲ့တဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၊ အပိုဒ်ခွဲ (က)မှာ “အဂတိ လိုက်စားမှု ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာ ရှိသူက ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ တစ်စုံတစ်ရာကို ပြုလုပ်ရန်၊ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ဦး တစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်သော် လည်းကောင်း၊ သက်ဆိုင်သူထံမှ တံစိုးလက်ဆောင်ကို မိမိအတွက်သော် လည်းကောင်း၊ အခြားသူ တစ်ဦးဦး အတွက်သော် လည်းကောင်း၊ အဖွဲ့အစည်း အတွက်သော် လည်းကောင်း၊ ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန် အားထုတ်ခြင်း၊ ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဆွေးနွးခြင်းအား တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်ခြင်းကို ဆိုသည်” လို့ ဖွင့်ဆိုထားပါတယ်။ဒီအတိုင်းပဲ ဥပဒေရဲ့ ရည်ရွယ်ချက် ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ခ)မှာ “သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်”၊ ပုဒ်မခွဲ(ဂ) မှာ “အများပြည်သူ ဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မား တိုးတက်လာစေရန်”၊ ပုဒ်မခွဲ (ဃ)မှာ “အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေးအတွက် အကာအကွယ်ပေးရန်” လို့ ပြဋ္ဌာန်းထားပါတယ်။ဒီအချက်တွေအရ နိုင်ငံနဲ့ ပြည်သူကို နစ်နာစေတယ် ဆိုရင် ဒီလို နစ်နာအောင် ပြုလုပ်သူဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းပါတယ်။လက်ရှိ အစိုးရဆီကနေ တာဝန် လွှဲပြောင်းရယူပြီးတဲ့ အစိုးရသစ်က နိုင်ငံနဲ့ ပြည်သူ နစ်နာစေခဲ့တဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ဆိုရင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကိုပဲ ကိုင်တွယ် ကျင့်သုံးရမှာပါ။ဒါကို အပြည့်အ၀ ကိုင်တွယ်ဖို့ဆိုရင် လက်ရှိအစိုးရ ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြင်ဆင် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။လက်ရှိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၄ ခုနှစ် မတ် ၁၀ ရက်မှာ စတင်ဖွဲ့စည်း ခဲ့တာပါ။ နှစ်နှစ်တာ ကာလ အတွင်းမှာ ကိုးဦးကိုသာ တရားစွဲဆို နိုင်ခဲ့ပါတယ်။ ဒီကိုးဦးမှာ တရားသူကြီး လေးဦး ပါဝင်ပြီး တစ်ဦးက ထောင်ဒဏ် ချမှတ် ခံရပါတယ်။ ဝန်ထမ်း စည်းမျဉ်းအရ အရေးယူခဲ့သူ ၁၂၅ ဦးပဲ ရှိပါတယ်။ ဒါဟာ ခြစားမှု စိုးရိမ်ဖွယ် ရှိနေတဲ့ မြန်မာနိုင်ငံအတွက် အလွန်နည်းတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။  အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ အဖွဲ့ဝင် ၁၅ ဦး ရှိပါတယ်။ ကော်မရှင် ဥက္ကဋ္ဌဟာ ပြည်ထောင်စုဝန်ကြီး အဆင့်နဲ့ တူညီပြီး အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေက ဒုတိယဝန်ကြီး အဆင့်နဲ့ တူညီတဲ့ ခံစားခွင့် ရနေကြသူတွေပါ။ သူတို့ ရရှိနေတဲ့ ခံစားခွင့်တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှု ရလဒ်တွေ အတွက် မေးခွန်း ထုတ်စရာတွေ ရှိပါတယ်။ဒါကြောင့် NLD ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေ အတိုင်း ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု လုပ်ဖို့ဆိုရင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြင်ဆင် ဖွဲ့စည်းမှပဲ ခရီးရောက်နိုင် ပါလိမ့်မယ်။အဂတိ လိုက်စားမှု လုပ်ခဲ့တယ်လို့ ထင်ရှားတဲ့ စစ်ဆေးမှု တွေ့ရှိပြီ ဆိုရင် ဘယ်သူ့ကို မဆို အရေးယူလို့ ရပါတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၅ မှာ ဘယ်လို တရားစွဲနိုင်သလဲ ဆိုတာ ဖွင့်ဆို ထားပါတယ်။နိုင်ငံရေး ရာထူး လက်ရှိ ဖြစ်သူကို တရားစွဲချင်ရင် ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက်၊ လွှတ်တော် ကိုယ်စားလှယ်ကို တရားစွဲမယ် ဆိုရင် တည်ဆဲ ဥပဒေနဲ့ အညီ ကြိုတင် ခွင့်ပြုချက် ရယူရမှာတွေ ရှိပါတယ်။ဒါပေမဲ့ ပုဒ်မ ၆၅ (ဂ) မှာ “နိုင်ငံရေးရာထူး လက်ရှိ ဖြစ်သူနှင့် လွှတ်တော် ကိုယ်စားလှယ်မှ အပ အခြားသူ တစ်ဦးဦးကို တရားစွဲဆိုရန် ဖြစ်ပါက ကော်မရှင်က ထုတ်ပေးသော ကြိုတင် ခွင့်ပြုချက် ရယူရမည်” လို့ ဆိုထားပါတယ်။ဒီအချက်ကြောင့် အခု ဖြစ်နေတဲ့ ကိစ္စတွေမှာ အဂတိ လိုက်စားမှုတွေ ရှိနေခဲ့တယ်၊ စုံစမ်းစစ်ဆေး ပေါ်ပေါက်တယ် ဆိုရင် ဒီဖြစ်စဉ်မှာ ပါဝင်နေသူတွေကို အစိုးရသစ်က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ အရေးယူနိုင်မှာပါ။ပုလဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က သူ့ရဲ့ အရေးကြီး အဆိုဟာ နိုင်ငံအတွက် အရေးကြီးနေတဲ့ အချိန်မှာ ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှား မဖြစ်စေဖို့၊ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရ အနေနဲ့ မှန်ကန်သော ကြိုးစားမှုနဲ့ ရလဒ်ကောင်းများ ရှိခဲ့ကြောင်း မှတ်တမ်းတစ်ရပ် ကျန်ခဲ့စေချင်တဲ့အတွက် တင်သွင်းရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ဒေါ်ခင်စန်းလှိုင်ရဲ့ စေတနာဟာ အရာ မထင်ခဲ့ပါဘူး။ လက်ရှိ အစိုးရ ဝန်ကြီးဌာနတွေက ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုကို လွှတ်တော်မှာ ဖြေဆိုပေးဖို့ မျက်ကွယ်ပြုခဲ့ ကြပါတယ်။ ဒီနောက်ကွယ်မှာ ဘာတွေ ရှိမလဲ ဆိုတာ သက်ဆိုင်ရာ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။ဒါပေမဲ့ နောက်ကွယ်က ကိစ္စတွေမှာ နိုင်ငံနဲ့ ပြည်သူကို နစ်နာစေတဲ့ အဂတိ လိုက်စားမှုတွေ ပါဝင် ပတ်သက်နေတယ် ဆိုရင် ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိပါဘူး။ အဂတိ လိုက်စားမှုနဲ့ ဆက်နွှယ်နေတဲ့ လုပ်ရပ်တွေဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်အောက်ထဲ ထည့်ရမယ့် ကိစ္စ မဟုတ်သလို ဘယ်အစိုးရ တက်တက် ဥပဒေအရ ကိုင်တွယ်ပြီး စစ်ဆေး အရေးယူရမှာ ဖြစ်ပါတယ်။     
 
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အခန်း (၁၀) ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် အရေးယူ ဆောင်ရွက်ရန် ပြဋ္ဌာန်းထားချက်များ၅၅။    နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူ မဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။၅၆။    နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှ အပ အခြား လုပ်ပိုင်ခွင့်အာဏာ ရှိသူ မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။၅၇။    နိုင်ငံရေးရာထူး လက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့် အာဏာရှိသူမှ အပ အခြား မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။၅၈။    မည်သူမဆို ဤဥပဒေပါ ပြစ်မှု တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းများ အပေါ် အရေးယူ ဆောင်ရွက်ခြင်း မပြုနိုင်ရန် ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ငါးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။၅၉။    မည်သူမဆို ခိုင်လုံသော အကြောင်း မရှိဘဲ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေ ပျက်စေရန် ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သည်ဟုသော် လည်းကောင်း၊ အဂတိ လိုက်စားမှုဖြင့် ကြွယ်၀ ချမ်းသာလာသည်ဟုသော် လည်းကောင်း၊ မမှန်မကန် သတင်းပို့ခြင်း၊ တိုင်တန်းခြင်း သို့မဟုတ် မမှန်မကန် သက်သေခံခြင်း၊ မမှန်မကန် သက်သေခံ ဖန်တီးခြင်း ပြုကြောင်း သို့မဟုတ် အခြားသူ တစ်ဦးဦးအား ထိုသို့ တစ်ခုခု ပြုလုပ်စေရန် ခိုင်းစေခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ငါးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။၆၀။    မည်သူမဆို ကော်မရှင် သို့မဟုတ် ကော်မရှင်က လွှဲအပ် တာဝန်ပေးသည့် အဖွဲ့အစည်း တစ်ခုခုက ထုတ်ဆင့်သည့် အမိန့် တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။၆၁။    မည်သည့် လုပ်ပိုင်ခွင့် အာဏာရှိသူ မဆို ဤဥပဒေအရ ကော်မရှင်က သတ်မှတ်သည့် အချိန် ကာလအတွင်း ငွေကြေး၊ ပစ္စည်း၊ ပေးရန် တာဝန်နှင့် ရရန် ပိုင်ဆိုင်ခွင့် ဆိုင်ရာ အထောက်အထားများကို တင်ပြရန် တမင် ပျက်ကွက်ကြောင်း သို့မဟုတ် ယင်းအထောက်အထားများကို မမှန်မကန် တင်ပြကြောင်း သို့မဟုတ် အချက်အလက်များကို ထိန်ချန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ငါးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။၆၂။    ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုခုမှ တာဝန်ရှိသူ မည်သူမဆို ဤဥပဒေပါ ပြစ်မှုနှင့် စပ်လျဉ်း၍ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ယင်းပြုလုပ်မှု တစ်ရပ်ရပ် အတွက် ထိုသူကို ငါးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်-    (က)    ကော်မရှင်၏ တာဝန်ပေးအပ်ချက်အရ စုံစမ်းစစ်ဆေးရေး အဖွဲ့က တရားဝင် တာဝန် ထမ်းဆောင်ခြင်းကို ခွင့်ပြုရန် ငြင်းပယ်ခြင်း၊    (ခ)    ကော်မရှင်က တားမြစ်မိန့် ထုတ်ဆင့်ထားသော ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုခုရှိ ငွေကြေးနှင့် ပစ္စည်းများကို ကော်မရှင်၏ ခွင့်ပြုမိန့် မရှိဘဲ ထုတ်ပေးခြင်း၊ လွှဲပြောင်းခြင်း၊    (ဂ)    စုံစမ်းစစ်ဆေးမှုနှင့် သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းဆိုင်ရာ မှတ်တမ်းများကို ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ကော်မရှင်၏ ခွင့်ပြုချက် မရှိဘဲ လွှဲပြောင်းခြင်း။၆၃။ မည်သူမဆို ဤဥပဒေပါ ပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်း ကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလျှင် ဖြစ်စေ၊ ပြစ်မှု ကျူးလွန်ရာတွင် အားပေး ကူညီလျှင် ဖြစ်စေ၊ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည်။