မြင်းခြံမြို့နယ် တရားရုံးတွင် အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက်သည့် ကျောင်းသားများအား ဖေဖော်ဝါရီ ၂၅ ရက် က (၄၄) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး အထက်မြန်မာပြည် ဗကသများ ဥက္ကဋ္ဌဟောင်း ကိုသန့်ဇင်အား ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသည့် အမှုအား အချုပ်လွတ်ထုချေခွင့်ရရှိရန် လျောက်ထားခဲ့ကြောင်း သိရသည်။ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ကိုးလ၊ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် နှစ်လ ချမှတ်ခြင်းခံထားရသည့် အထက်မြန်မာပြည် ဗကသများဥက္ကဋ္ဌ ကိုသန့် ဇင်သည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြစ်ဒဏ် ကျခံရသည့် ချုပ်ရက်စေ့ပြီဖြစ်သဖြင့် လွတ်မြောက်မည်ဖြစ်ကြောင်း သိရသည်။“မနက်ဖြန်ဆိုရင် ကျွန်တော့်ကို ချမှတ်ထားတဲ့ ထောင်ဒဏ်က လွတ်ရက်စေ့တဲ့အတွက် လွှတ်ပေးရမှာဖြစ်ပါတယ်။ စွဲဆိုခံထားရတဲ့ ပုဒ်မ ၁၈ နှစ်မှုကို ကျွန်တော့်ရှေ့နေက ဒီနေ့ပဲ အချုပ်လွတ်ထုချေခွင့် လျှောက်ထားခဲ့ပါတယ်။ အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး သပိတ်မှောက် ကျောင်းသားတွေကို ပုဒ်မ ၁၈ တွေနဲ့ ဆက်တိုက်အမှုဖွင့် ဖမ်းဆီးနေတာတွေကို ရပ်သင့်ပါပြီ။ လက်ရှိ အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျောင်းသားတွေကို ခြွင်းချက်မရှိလွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းသားနဲ့ နိုင်ငံရေးတက် ကြွလှုပ်ရှားသူတွေကို ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး ဆက်လက်ဖမ်းဆီးနေတာကို နားမလည်နိုင်အောင်ဖြစ်ရပါတယ်” ဟု အထက်မြန်မာပြည် ဗကသများ ဥက္ကဋ္ဌဟောင်း ကိုသန့်ဇင်က ပြောကြားသည်။ ထို့အပြင် နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ ဖြင့် တရားစွဲဆိုခံထားရသည့် မောင်စိုးလှိုင် မုံရွာနည်းပညာကောလိပ် အမှုအား အချုပ်ဖြင့် ရင်ဆိုင်နေရသည်မှာ ၁၁ လခွဲကျော်ခန့် ရောက်ရှိလာပြီ ဖြစ်သော်လည်း တရားလိုအား စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း တရားရုံးထုတ်လာစဉ် ပြောကြားသည်။ထိုနေ့က သပိတ်မှောက် ကျောင်းသားများ၏ ပုဒ်မ ၁၈ အမှုနှစ်မှု၊ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ အရစွဲဆိုထားသည့် အမှုနှင့် သတင်းထောက် ကိုပါကြီးအသတ်ခံရသည့်အတွက် ဆန္ဒထုတ်ဖော်ခဲ့သည့် တက်ကြွလှုပ်ရှားသူများ၏ ပုဒ်မ ၁၈ အမှုများအား ရုံးထုတ်ခဲ့ပြီး မတ် ၃ ရက်သို့ ရုံးချိန်း ဆက်လက်ချိန်းဆိုခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ် တရားရုံးတွင် အမျိုးသားပညာရေး သပိတ်မှောက်ကျောင်းသားနှင့် ဝန်းရံပြည်သူများ၏ အမှုများ (၄၄) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး အထက်မြန်မာပြည် ဗကသများဥက္ကဋ္ဌဟောင်း ကိုသန့်ဇင် ယနေ့ချုပ်ရက်စေ့၍ လွတ်မြောက်မည်















