ရန်ကုန်မြို့သို့ အဓိက ရေဖြန့်ဝေနေသည့် လှော်ကား၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင်ကန်ကြီးများတွင် ရေသိုလှောင်ထားမှုပမာဏ ယခင်နှစ်ထက် မြင့်နေ၍ နွေရာသီ ရေအခက်အခဲအတွက် စိုးရိမ်စရာမရှိဟု ရန်ကုန်မြို့တော်စည်ပင် ပြောကြား

ရန်ကုန်မြို့သို့ အဓိက ရေဖြန့်ဝေနေသည့် လှော်ကား၊ ဂျိုးဖြူ၊ ငမိုးရိပ် ရေလှောင်ကန်ကြီးများတွင် ရေသိုလှောင်ထားမှုပမာဏ ယခင်နှစ်ထက် မြင့်နေ၍ နွေရာသီ ရေအခက်အခဲအတွက် စိုးရိမ်စရာမရှိဟု ရန်ကုန်မြို့တော်စည်ပင် ပြောကြား
Published 25 February 2016
ကျော်ထင်

ရန်ကုန်မြို့သို့ အဓိက ရေဖြန်ဝေပေးနေသည့် လှော်ကား၊ ဂျိုးဖြူ၊ ငမိုးရိပ်စသော ရေလှောင်ကန်ကြီးများတွင် ရေသိုလှောင်ထားနိုင်မှုပမာဏ ယခင်နှစ်ထက် မြင့်တက်နေခြင်းကြောင့် နွေရာသီ ရန်ကုန်မြို့၏ ရေအခက်အခဲအတွက် စိုးရိမ်စရာမရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေ နှင့် သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ယခုနှစ် ပူပြင်းကာ မြန်မာနိုင်ငံရှိ ဒေသအချို့တွင် သောက်သုံးရေ ပြတ်လပ်တော့မည်ဖြစ်ရာ ရန်ကုန်မြို့တော်အတွက်မူ ရေလှောင်ကန်ကြီးများတွင် ရေသိုလှောင်ပမာဏ မြင့်နေသည့်အတွက် နွေရာသီ ရေအခက်အခဲအတွက် စိုးရိမ်စရာမလိုဟု ဆိုထားခြင်းဖြစ်သည်။ရန်ကုန်မြို့သို့ အဓိက ရေဖြန့်ဖြူးပေးဝေနေသော ရေလှောင်ကန်များအနက် လှော်ကားရေလှောင်ကန်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ရေသိုလှောင်ထားမှု ပမာဏ ၅၈ ပေ ၄ လက်မ ရှိသော်လည်း ယခု ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် တိုင်းထွာမှုအရ ရေပမာဏ ၅၉ ပေ ၁ လက်မ အထိ ရှိနေကြောင်း၊ ငမိုးရိပ်ရေလှောင်ကန်တွင်လည်း ယခင်နှစ်က ရေသိုလှောင်ထားမှု ၉၆ ပေ ၄ လက်မရှိသော်လည်း ယခုနှစ်တွင်  ၉၈ ပေ ၁ လက်မအထိ ရှိကြောင်း၊ အလားတူ ဂျိုးဖြူရေလှောင်ကန်တွင် ယခင်နှစ်က ရေသိုလှောင်မှုပမာဏ  ၂၀၅ ပေ ၂ လက်မရှိသော်လည်း ယခုနှစ်တွင် ၂၁၁ ပေ ၄ လက်မအထိ ရှိနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာနမှ သိရသည်။“ရန်ကုန်မြို့ကို ရေဖြန့်ဖြူးပေးနေတာက လှော်ကား၊ ဂျိုးဖြူ၊ ငမိုးရိပ်စတဲ့ ရေလှောင်ကန်ကြီး သုံးခုက အဓိကပဲ။ ဒီနှစ်ဆိုရင် အဲဒီကန်ကြီးတွေမှာ ရေပမာဏက ယခင်နှစ်ထက် သိုလှောင်ထားနိုင်တယ်။ ကန်ရေ အလုံအလောက်ရှိတယ်။ ဒါကြောင့် နွေရာသီ ရေအခက်အခဲအတွက် စိုးရိမ်စရာ မရှိဘူးပေါ့”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် နွေရာသီကာလ ရေသုံးစွဲမှုမြင့်တက်ချိန်တွင် အချို့ မြို့နယ်များ၌ ရေအားနည်းခြင်း၊ ရေပြတ်တောက်ခြင်း ကြုံတွေ့နေရသည်။ အထူးသဖြင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ လူနေထိုင်မှုများပြားသော ယုဇနဥယျာဉ်မြို့တော်တွင် စည်ပင်၏ ရေပေးဝေမှု မရရှိသေးသလို ရေကောင်းရေသန့် ရရှိရန် လွန်စွာခက်ခဲကြောင်းနှင့်  ယခုနှစ်နွေရာသီတွင် ပို၍ စိုးရိမ်ရကြောင်း ယုဇနဥယျာဉ်မြို့တော်နေသူ တစ်ဦးက ပြောကြားသည်။   

Most Read

Most Recent