နွားကျော့၊ နွားလှည်းဒုန်းစိုင်းပွဲနှင့် မြင်းဒုန်းစိုင်း ပြိုင်ပွဲများ ကလေးမြို့နယ် သာစည်ကျေးရွာတွင် ပြုလုပ်

နွားကျော့၊ နွားလှည်းဒုန်းစိုင်းပွဲနှင့် မြင်းဒုန်းစိုင်း ပြိုင်ပွဲများ ကလေးမြို့နယ် သာစည်ကျေးရွာတွင် ပြုလုပ်
Published 24 February 2016
အောင်သူထွန်း

တောင်သူများ ခိုင်းနွားကောင်းများ ထွက်ပေါ်လာစေရန်အတွက် နွားကျော့ ၊ နွားလှည်းဒုန်းစိုင်းပွဲ နှင့် မြင်းဒုန်းစိုင်းပြိုင်ပွဲများကို ကလေးမြို့နယ် သာစည်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၂ ရက် မှ ၂၄ ရက်အထိ သုံးရက်တိုင်တိုင် ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

“ အခုလုပ်တာကတော့ ကျွန်တော်တို့ ရွာရဲ့ ယောရပ်ကွက် နှစ်တစ်ရာပြည်နဲ့ သာစည်ရွာက စမ်းချောင်းရပ် ဘုန်းတော်ကြီးကျောင်း စိန်ရတုဆိုပြီး နွားပြိုင်ပွဲ မြင်းပြိုင်ပွဲတွေ ပြုလုပ်တာပါ ။ ကျွန်တော်တို့ တောင်သူတွေက နွားတွေ၊ မြင်းတွေကို ဝါသနာကြီးကြတာကိုး။ အခု နောက်ပိုင်းဆိုရင် နွားကောင်းလည်း ရှားပါးလာတယ် ။ အဲဒီတော့ နွားကောင်းတွေ ထွက်ပေါ်လာအောင် ဒီလို နွားပြိုင်ပွဲ မြင်းပြိုင်ပွဲတွေ လုပ်ကြတာပါ ။ ကျွန်တော်တို့ရွာဆိုရင် အခုမှ ပထမဆုံးအကြိမ် ပြုလုပ်တာပါ ။ ကျွန်တော်တို့ ဒေသမှာက တောင်သူလုပ်ငန်းမှာ တော်တော်လေး အရေးပါပါသေးတယ် ။ နွားမရရှိရင် မဖြစ်သလောက်ပါပဲ ၊ ဒီလို ပြိုင်ပွဲတွေ လုပ်လိုက်တော့ နွားကောင်းတွေ ပေါ်ထွက်လာပါတယ် ။ နွားကောင်းတွေကလည်း အခုခေတ်မှာဆိုရင် ရှားလာပြီလေ ။ ကျောက်တိုက်ရွာတို့ ဟံသာဝတီရွာတို့ဆိုရင် ဒီလိုပြိုင်ပွဲတွေ လုပ်တော့ နွားကောင်းတွေ ပေါလာတယ် ။ ကျွန်တော်တို့ရွာဆိုရင်လည်း ဒီလိုပြိုင်ပွဲ လုပ်ပြီးပြီဆိုရင် နွာကောင်းတွေ ထိန်းသိမ်းစောင့်ရှောက်မှု ပိုမိုလာကြပြီးတော့ နွားကောင်းပေါလာတာပေါ့ ” ဟု သာစည်ကျေးရွာမှ ဦးပွဲကြီးက ပြောကြားခဲ့ပါသည် ။ အဆိုပါ နွားလည်းဒုန်းစိုင်းနှင့် မြင်းဒုန်းစိုင်းပြိုင်ပွဲသို့ အကြီးတန်း အငယ်တန်းများ ခွဲထားပြီး နွားလှည်း ၂၇ စီး နှင့် မြင်း ၁၀ ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဒေသခံမျာလည်း စိတ်ဝင်တစား လာရောက်အားပေးခဲ့ကြသည်ဟု သိရှိရပါသည် ။

“အခုဆိုရင် တောင်သူလုပ်ငန်းမှာ စက်တွေ ဝင်လာတာကြောင့် နွားတွေ ရှားလာတယ် ။ နွားကောင်းလည်း ရှားလာတယ် ။ အရင်က နွားနှစ်ရှင်း သုံးရှင်း ထားနိုင်တဲ့သူက အခုဆိုရင် တစ်ရှင်းလောက်ပဲ ထားနိုင်ကြတော့တယ် ။ စက်ဆိုတာကလည်း ပြည့်စုံအောင် မရှိကြသေးတော့ တောင်သူတွေမှာ နွားမရှိရင် မဖြစ်ပါဘူး ။ နွားကောင်းတစ်ရှင်းဆိုရင် သိန်း ၂၀ နဲ့ ၂၅ သိန်းကြားမှာ ရှိတယ် ။ နွားပေါက်လေးတွေ သားခွဲ နှစ်နှစ် ၊ သုံးနှစ်သားလောက်ဆိုရင် နှစ်သိန်းခွဲ သုံးသိန်းလောက် ရှိတယ် ။ အဲဒီ သားကွဲလေးတွေကို ၆ နှစ်လောက် ကျွေးမွေးပြီးရင် ခိုင်းလို့ရပါတယ် ။ ကလေးတစ်နယ်လုံး နွားကောင်းကတော့ သဖန်းအိုင်ကျောင်းတိုက် ၊ နတ်ချောင်းရွာလောက်က နွားကောင်းထွက်တာ များပါတယ် ။ ကျနော်တို့ သာစည်၊ ထိုမာ ၊ ထောက်ကြံ့ရွာဖက်တွေက နွားအကောင်း သိပ်မရှိဘူး။ ဒါ့ကြောင့် နွားကောင်းထွက်လာအောင် ပြိုင်ပွဲတွေ လုပ်ပေးတာပါ ” ဟု ဦးပွဲကြီးမှ ဆက်လက် ပြောကြားခဲ့ပါသည် ။

Most Read

Most Recent