ဖေဖော်ဝါရီ ၁၉ ရက်က ရန်ကုန်မြို့၊ တော်ဝင်စင်တာတွင် အသက် ၂၀ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသူကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၄ နာရီကျော်က ကျူးလွန်သူ၏ ယောက်ဖတစ်ဝမ်းကွဲ တော်စပ်သူ ဦးမျိုးမင်းလတ်က မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီနယ် မြေရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။“ ကျွန်တော်ကိုယ်တိုင် ဝေဘာဂီနယ် မြေရဲစခန်းက ဒုရဲအုပ် ဆန်းကျော်လင်းရယ် ရဲအုပ် နန်းအောင်ထံ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၄ နာရီ ၅၀ မိနစ်က သွားပို့ခဲ့တာပါ။ ကောင်လေးက နေပြည်တော်ကို သွားရှောင်နေတာ။ အမြန်လမ်း မိုင်တိုင် ဇီးရိုးမှာ ကောင်လေးက အကြောင်းကြားလို့ ကျွန်တော်ကိုယ်တိုင် သွားခေါ်ပြီး ရဲစခန်းကို သွားအပ်လိုက်တာပါ”ဟု ကျူးလွန်သူ၏ ယောက်ဖတစ်ဝမ်းကွဲ တော်စပ်သူ ဦးမျိုးမင်းလတ်က ပြောကြားသည်။ကျူးလွန်သူ၏ နာမည်အရင်းမှာ မှတ်ကြီး (ခ) လွှမ်းနိုင်ဝင်း (၂၃ နှစ်) ဖြစ်ကြောင်း သိရပြီး မြောက်ဥက္ကလာပမြို့နယ်၊ (က) ရပ်ကွက်၊ နွယ်သာဂီ (၁)လမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဒဂုံမြို့နယ်၊ ပြည်လမ်း အနောက်ရပ်ကွက်၊ ပြည်လမ်း၊ တော်ဝင်စင်တာ ပထမထပ်ရှိ မျက်မှန်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော စမ်းချောင်းမြို့နယ်နေ အသက် ၂၀ နှစ်ခန့်ရှိ အမျိုးသမီးထံသို့ လျှာထိုးဦးထုပ် အနက်၊ အင်္ကျီလက်ရှည် အဖြူ၊ နက်ပြာရောင် ဘောင်းဘီရှည်ဝတ်ဆင်ထားသော Facebook တွင် ခင်မင်သူအမည်မသိ အသက် (၂၅ နှစ်)ခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး စကားပြောဆိုနေခဲ့ကြကြောင်း၊ ထို့နောက် အမျိုးသမီးမှာ အဆိုပါ အမည်မသိအမျိုးသားနှင့် တော်ဝင်စင်တာ ပထမထပ်ရှိ အထည်ဆိုင်တန်းရှေ့တွင် တစ်ယောက်တစ်ခွန်း စကားများခဲ့ကြသည်။ထိုအချိန်တွင် အမည်မသိ အမျိုးသားက အမျိုးသမီးအား လက်သီးဖြင့်ထိုးကာ အသင့်ယူဆောင်လာသော ခေါက်ဓားဖြင့် ထိုးပြီး ဓားအား ပစ်ချကာ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ထိုသို့ဓားဖြင့် ထိုးခံရသည့် အမျိုးသမီးမှာ ဝဲပါးပြတ်ရှ၊ ဝဲလက်မောင်းပြတ်ရှ၊ ဝဲလက်ဖျံစုတ်ပြဲ၊ ဝဲရင်အုံပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီးရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရသည်။ထို့နောက်အမှုမှ ပြစ်မှုကျူးလွန်သူ အမျိုးသားအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်လေးခရိုင်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့များသို့ ၎င်းအမျိုးသား၏ မှတ်တမ်းဓာတ်ပုံများပေးပို့၍ လိုက်လံစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ အမျိုးသားမှာ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီနယ်မြေရဲစခန်းအပိုင်၌ နေထိုင်သော မှတ်ကြီး (ခ)လွှမ်းနိုင်ဝင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသည်။ယင်းဖြစ်စဉ်ကို ဓားထိုးခံရသူ အမျိုးသမီး၏ အစ်မဖြစ်သူက ဒဂုံမြို့မရဲစခန်း (ပ) ၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့်ထားခဲ့သည်။
တော်ဝင်စင်တာတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသူအား မိသားစုဝင်များက ရဲစခန်းသို့ လာရောက်အပ်နှံ