ရွေးကောက်ပွဲတွင် မဲရုံတွင်း မဲဆွယ်မှုဖြင့် တရားစွဲဆိုခံရသော ရေဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးအား မြို့နယ်တရားရုံးက ဒဏ်ငွေသုံးသောင်း ချမှတ်

ရွေးကောက်ပွဲတွင် မဲရုံတွင်း မဲဆွယ်မှုဖြင့် တရားစွဲဆိုခံရသော ရေဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးအား မြို့နယ်တရားရုံးက ဒဏ်ငွေသုံးသောင်း ချမှတ်
Published 17 February 2016
ရဲရင့်အောင်

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ရန် တိုက်တွန်းခဲ့သည်ဟုဆိုကာ တရားစွဲခံခဲ့ရသော ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဝင် တစ်ဦးအား မြို့နယ်တရားရုံးက ဒဏ်ငွေကျပ် သုံးသောင်း ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၁ (ခ) ဖြင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဒဏ်ငွေသုံးသောင်း ချမှတ်ခံခဲ့ရခြင်းအပေါ် ကျေနပ်မှုမရှိကြောင်း ကာယကံရှင် ဦးမြင့်စိန်က ပြောကြားပြီး ၎င်းအနေဖြင့် ဥပဒေကို ချိုးဖောက်ခဲ့ခြင်း လုံးဝမရှိဟု ဆိုသည်။“ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူပါ။ မဲပေးတဲ့နေ့မှာ လေးရွာက ဒေသခံဖြစ်တဲ့ ကိုတင်လင်းအောင်က မဲဘယ်လိုပေးရမယ်ဆိုတာ မသိလို့ ကျွန်တော့်ကို လာမေးတယ်။ ဒါကို ကျွန်တော်ရှင်းပြခဲ့တာပါ။ ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီက ဦးကျော်ဝင်းနိုင်က ကျွန်တော်ဟာ ဒီချုပ်ကိုမဲပေးဖို့ တိုက်တွန်းခဲ့တယ်လို့ စွပ်စွဲပြီး တရားစွဲခဲ့တယ်။ ဒါက စစ်ချက်တွေအရလည်း ကျွန်တော် မလုပ်ခဲ့ဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဒဏ်ငွေကျပ် သုံးသောင်း မဟုတ်ပါဘူး။ ကျပ်သုံးရာ ချမှတ်လည်း ကျွန်တော်ကျေနပ်မှာ မဟုတ်ဘူး”ဟု ဦးမြင့်စိန်က ပြောကြားသည်။အထက်ပါ အမှုအတွက် ရုံးချိန်း ကိုးချိန်းခန့် စစ်ဆေးခဲ့ပြီး မဲဆွယ်စည်းရုံးခံရသူဟု စွပ်စွဲခံရသည့် ကိုတင်လင်းအောင်က ယင်းစွဲဆိုမှုမှာ မဟုတ်မှန်ကြောင်းနှင့် ဦးမြင့်စိန်အနေဖြင့် မဲပေးပုံပေးနည်းကိုသာ ရှင်းပြခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။ သို့သော် တရားသူကြီး၏ သုံးသပ်ချက်တွင် တရားစွဲခံရသူ ဦးမြင့်စိန်အနေဖြင့် ၎င်းရှိရမည့်နေရာ၌ ရှိမနေခဲ့ခြင်းအပေါ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ဟု တရားခွင်တွင် လိုက်ပါဆောင်ရွက်သူ တစ်ဦးက ပြောကြားသည်။“ဒီအမှုမှာ ဦးမြင့်စိန် ကျူးလွန်တယ်လို့ သက်သေပြနိုင်တာ ဘာတစ်ခုမှ မရှိပါဘူး။ မဲဆွယ်ခံရတယ်လို့ပြောတဲ့ ကိုတင်လင်းအောင်က မဟုတ်ဘူးလို့ တရားဝင်ထွက်ပေးတာပဲ။ ဒါပေမဲ့ မဲရုံမှူးက ဦးမြင့်စိန်ဟာ သူရှိရမယ့်နေရာ မရှိဘူးဆိုတာ ထွက်ဆိုခဲ့တဲ့အတွက် ဒဏ်ငွေသုံးသောင်း ချမှတ်လိုက်တာဖြစ်ပါတယ်” ဟု တရားခွင်တွင် လိုက်ပါဆောင်ရွက်ခဲ့သူတစ်ဦးက ပြောကြားသည်။ယင်းအမှုအတွက် တရားလိုပြသက်သေ ခုနစ်ဦးခန့်နှင့် တရားခံပြသက်သေ လေးဦးခန့် စစ်ဆေးခဲ့ပြီး သုံးလနီးပါးအကြာတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော ဦးမြင့်စိန်သည် လေးကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသူ တစ်ဦးဖြစ်ပြီး တရားလို၏ ဆွေမျိုးသားချင်းတစ်ဦးကလည်း အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် မဲအရေအတွက် ဒုတိယအများဆုံး ဖြစ်နေကြောင်း သိရသည်။ရေဦးမြို့နယ်တွင် ရွေးကောက်ပွဲကာလအတွင်း ဥပဒေနှင့်မလျော်ညီသည့် မဲဆွယ်စည်းရုံးမှုဖြစ်စဉ် အမြောက်အမြားရှိခဲ့သော်လည်း တရားရုံးတွင် အမှုဖွင့်တိုင်ကြားသည်မှာ အထက်ပါအမှုတစ်ခုသာ ရှိခဲ့ကြောင်း သိရသည်။                         

Most Read

Most Recent