ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းပေးရေး အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့များအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်း၊ ဒုတိယအကြိမ်လွှတ်တော်၏ ပထမဆုံး အရေးကြီး အဆိုဖြစ်ကာ ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူ၊ ကြားနေသူမရှိ ပြည်သူ့...

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းပေးရေး အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့များအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်း၊ ဒုတိယအကြိမ်လွှတ်တော်၏ ပထမဆုံး အရေးကြီး အဆိုဖြစ်ကာ ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူ၊ ကြားနေသူမရှိ ပြည်သူ့...
Published 16 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းပေးရေး အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့များအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်း၊ ဒုတိယအကြိမ်လွှတ်တော်၏ ပထမဆုံး အရေးကြီး အဆိုဖြစ်ကာ ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူ၊ ကြားနေသူမရှိ ပြည်သူ့လွှတ်တော် အတည်ပြု
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်တွင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန် ဖြေရှင်းပေးရေး အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့များအား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ဖေဖော်ဝါရီ ၁၆ ရက်က ပြည်သူ့လွှတ်တော်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က တင်သွင်းခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ်တို့တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှ စတင်၍ ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲ ပဋိပက္ခများကြောင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ အပါအဝင် ဒေသခံထောင်ချီ၍ နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုမှ သံဃာတစ်ပါး အပါအဝင် လူအချို့ကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေကြောင်း၊ ထို့ပြင် ညောင်ပင်လှကျေးရွာ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးကိုလည်း ယနေ့တိုင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ လူနေအိမ် သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်ဟု ဦးစိုင်းထွန်းအောင်က ပြောကြားသည်။
အဆိုပါ အဖြစ်အပျက်များနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးများထံသို့ မေးမြန်းရာတွင် အမှန်တကယ် ဖြစ်ပျက်နေကြောင်း ၎င်းတို့က အတည်ပြုကြောင်း ဦးစိုင်းထွန်းအောင်က ပြောကြားသည်။
"ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင် လူဦးရေမှာ ၃၀၀ ကျော်ရှိပြီး ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၁၇ ခုထိ ထားရှိခဲ့ရပါတယ်။ သို့ဖြစ်ပါ၍ ကျေးလက်နေ ပြည်သူများ၏ အိုးအိမ်အသက်အန္တရာယ် စိုးရိမ်စွာ ရင်ဆိုင်ကြုံတွေ့ နေရပါသဖြင့် ကျွန်တော် တင်သွင်းလိုသော အဆိုမှာ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများ ရပ်စဲနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းအပ်ပါသည်" ဟု ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ပြောကြားသည်။
အရေးကြီးအဆိုနှင့် ပတ်သက်၍ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက နိုင်ငံတည်တံ့ ခိုင်မြဲရေးအတွက် လက်နက်ကိုင် တပ်ဖွဲ့များအကြား မည်ကဲ့သို့ သမိုင်းကြောင်း ရှိနေစေကာမူ ပြည်သူလူထု၏ လုံခြုံရေး၊ စိတ်လုံခြုံရေးတို့ကို အမှန်တကယ် အကာအကွယ်ပေးသည့် သူများအဖြစ် သက်သေပြရမည့် အချိန်ဖြစ်ကြောင်း ထောက်ခံဆွေးနွေးစဉ် ထည့်သွင်း ပြောကြားသည်။
ယင်းအဆိုသည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၏ ပထမဆုံး အရေးကြီး အဆိုဖြစ်ပြီး ဆက်လက် ဆွေးနွေးရန်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူ၊ ကြားနေသူ မရှိဘဲ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်၍ ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာမှ စတင်ကာ နမ့်ခမ်းမြို့နှင့် ကျောက်မဲမြို့တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဖေဖော်ဝါရီလအတွင်း နှစ်ဖက်တိုက်ပွဲများ ပြန်လည်ပြင်းထန် နေခြင်းဖြစ်သည်။
 
 

Most Read

Most Recent